Sunday, June 20, 2010

Q and A Contraceptives တားဆေး အမေး-အဖြေ

Q: ဆေးစားရင်းနဲ့ ကိုယ်ဝန်ရခဲ့ရင် ကလေးကို ထိခိုက်နိုင်ပါသလား သိပါရစေရှင်။ ကိုယ်ဝန်တားဆေးကို ပြောတာပါဆရာ။ Family Planning Pills 3 cycles Microgynon Fe အဲဒီဆေးတွေက လင်မယားတွေ အတူမနေခင် ကတည်းက စားရတာ ပါလား။ အတူနေမှစားပြီး ကိုယ်ဝန်ရခဲ့ရင် ကလေးနဲ့ လူကြီး ထိခိုက်မှာစိုးလို့ပါ။

A: ပဋိသန္ဓေတားဆေးတွေထဲမှာ Estrogen နဲ့ Progestogen ဟော်မုန်းနှစ်မျိုး ပူးတွဲပါတာကို COC လို့ ခေါ်တယ်။ Microgynon ဆေးက Progestogen-only pill (POP) ခေါ်တဲ့ ဟော်မုန်းတမျိုးတည်းပါ စားဆေးဖြစ်တယ်။ အမျိုးမျိုး ရှိတယ်။ ဒီဆေးကြောင့် သားအိမ်အဝရှိနေတဲ့ ချွဲကြိတဲ့ အရည်ကို ပြစ်စေးလာစေပြီး၊ ကျားသုတ်ပိုးကို သားအိမ်ထဲ မဝင်စေအောင် တားထားဆီးတယ်။ နောက်ပြီး သားအိမ် အတွင်းသား နံရံကို ပါးလွှာစေပြီး၊ သန္ခေဥတွယ်ကပ်ခြင်းကိုလည်း တားဆီးပေးတယ်။ ၉၉% ထိရောက်တယ်။

လစဉ်ရာသီ စလာတဲ့နေ့က ၅ ရက်မြောက်နေ့ကစ ဆေးသုံးရတယ်။ နေ့စဉ် ဆေး ၁ ပြားကို အချိန်မှန်မှန် ဆေးကပ် ကုန်တဲ့အထိ သောက်ရတယ်။ ဆေးကပ်ကုန်တာနဲ့ နောက်ထပ်တကပ် ဆက်သောက်ပါ။ ကလေးနို့တိုက်နေစဉ်လည်း သောက်နိုင်တယ်။ နို့ထွက်မနည်းစေပါ။ အသက်ကြီးရင်လည်း သောက်နိုင်တယ်။ ရာသီမလာမီဖြစ်တဲ့ လက္ခဏာတွေ ကိုလည်း သက်သာစေတယ်။

ရင်သားတင်းခြင်း၊ အရေပြားပေါ် အစက်အပျောက် ပေါ်ခြင်းတို့ဖြစ်စေတတ်တယ်။ ရာသီနည်းခြင်း၊ မလာခြင်း၊ ရှားရှားပါးပါး မျိုးဥအိမ် အကြိတ်အလုံးပေါ်ခြင်း ဖြစ်တတ်တယ်။ အခု ဒါမှမဟုတ် အရင်က ရင်သားကင်ဆာရှိနေရင်၊ ကိုယ်ဝန်ရှိနေရင်၊ အသဲနှင့် သဲခြေအိပ်ရောဂါရှိနေရင်၊ မျိုးဥအိမ် အကြိတ် အလုံးရှိဘူးရင်၊ (မိုင်ဂရင်း)အမူးရောဂါရှိရင် မသုံးသင့်ပါ။

ဆေးသောက်ပါလျက် ကိုယ်ဝန်ရှိတာ အတော်ကြီးနည်းတယ်။ ကိုယ်ဝန်ရှိပြီးမှ ဆေးသောက်လို့လည်း ဖြစ်နိုင်တယ်။ ဒီဆေးသောက်တာ ရက်မကျော်ရပါ။ အစပိုင်းလတွေမှာ ကြားရက် သွေးနဲနဲဆင်းတာ ဖြစ်တတ်ပေမဲ့ နောက်ဆို မဖြစ်တော့ဘူး။ ဆေးထဲမှာပါတဲ့ ဟော်မုန်းအနည်းအများက တိုင်းပြည်တခုနဲ့တခုမှာ မတူကြပါ။

ဆေးက ကိုယ်ဝန်ဖြစ်လာမှာကိုသာ တားဆီးတယ်။ ကိုယ်ဝန်ဖြစ်လာပြီးတာကို သက်ရောက်မှာ မဟုတ်ပါ။ ကိုယ်ဝန် ဆောင်နေတုံးမှာ ကိုယ်ကထုတ်ပေးနေတဲ့ ဟော်မုန်းတွေမှာ ဒါမျိုးလည်းပါတယ်။ ဒီဆေးသောက်မိရင် အချိုးအဆ ပြောင်းသွားစေနိုင်တယ်။ ဒါ့ကြောင့် ကိုယ်ဝန်မရှိမှ အသောက်ခိုင်းတာ။ မတော်တဆ သောက်ခဲ့ရင် ကိုယ်ဝန်-မိခင်ကို ထိခိုက်တာအတွက် သုတေသန လုပ်ထားတာ မတွေ့သေးပါ။

ကျန်းမာ-ချမ်းပါစေ။

Dr. တင့်ဆွေ
10-6-2010

1 comment:

  1. ကိုယ်ဝန်ပျက်ပြီး သွေးဆင်းနေတာ (၁၀)ရက်ကျော်ပါပြီ။ ၀မ်းဗိုက်အောက်ပိုင်းက တင်းတောင့်ပြီး မကြာခဏဆိုသလို အရမ်းနာကျင်ပါတယ်။ ဘာဆေးသောက်ရမလဲဆိုတာ သိချင်ပါတယ်

    ReplyDelete