Sunday, June 20, 2010

Low Back Pain ခါးကောင်းမောင်းသန်ကြစေ

ချင်းတွင်းမြစ်ထဲကို အနောက်ဖက်ကနေ စီးဝင်တဲ့ “ယမား” နှစ်ခုရှိတယ်။ ယမားဆိုတာက နွေဆိုရင် ရေမရှိတဲ့ ချောင်းပါ။ လူကြီးသူမတွေက “ရေမရှိတဲ့ချောင်း၊ နှာခေါင်းနှစ် ဘာဖြစ်စေ-ညာဖြစ်စေ” ပြောလေ့ရှိတာပေါ့။ အဲ့ မိုးများ ရွာလိုက်လို့ ကတော့ တခေါ်လောက်သာ ကျယ်တဲ့ယမားကို ကန့်လန့်ဖြတ် မကူးလေနဲ့။ ဘယ်လောက် သန်တဲ့နွားဖြစ်ဖြစ်၊ ဘယ်လောက် မြန်တဲ့လူဖြစ်ဖြစ် မလွတ်ရေးချ မလွတ်။

ယမားချောင်းဘေး ရေကောင်းသလား မမေးနဲ့။ မြေအမျိုးအစားကလည်း တနယ်မြေမ လို့ခေါ်တယ်။ မဲပြီး၊ စေးနေတာမျိုး။ ပဲ-ပြောင်း-နှမ်း-၀ါ-ဂျုံ အကုန်စိုက်။ အထွက်လည်း ကောင်းတယ်။ မကောင်းတာကတော့ မိုးရွာပြီဆိုတာနဲ့ ကားမပြောနဲ့၊ လှည်းဘီးတောင် မလည်နိုင်တော့ဘူး။ တအောင့်နေ တခါ၊ လှည်းဘီးကရွံ့ကို ခြစ်ပြစ်ပါမှ ခရီးဆက်နိုင်မယ်။ ချောင်းစပ်-ချောင်းဘေးမှာ ကြက်သွန်၊ ခရမ်းချဉ်၊ လာစိုက်ကြတယ်။ သရက်ပင်၊ အုန်းပင်ဆိုတာ သားသမီး အမွေပေးရင် စာရင်းဝင်တယ်။ ချင်းတောင်မှာ ပျားအုံက မိန်းမတောင်းရင် တင်တောင်းလို့ ရသလိုပေါ့။ ယမားနှစ်ခုကြားမှာ ဟိုအရင်က မစိုက်ဘူးတဲ့ ကုလားပဲနဲ့ ဂျုံကို ပြောင်းစိုက်ကြတော့ ယင်းမာပင်ဂျုံ၊ ပုလဲဂျုံ၊ ဆားလင်ကြီးဂျုံ၊ ဈေးကောင်းရတယ်။

ဒီလိုဆိုလိုက်တော့ ဒီနယ်မှာ မွေးတဲ့ကလေး ကြီးရင် စိုက်ပျိုးရေးသမားဖြစ်မယ် ထင်နိုင်လောက်ပါရဲ့။ ဖြစ်တော့ မလို့ဘဲ။ ဆယ်တန်း အောင်တော့ အမှတ်ပေးစနစ်အသစ်နဲ့ ညားခဲ့တယ်။ နောက်လူတွေက သိကြမှာ မဟုတ်ဘူး။ နောက်လူတွေရဲ့ အသစ်-အဆန်းတွေကိုလည်း ရှေ့လူတွေ မချစ်-မနန်းကြဖူးဘူးသလိုပေါ့။ အဲဒီခေတ် ဆယ်တန်းအောင်ချိန်မှာ ဘယ်ပညာ၊ ဘယ်စာ ဆက်သင်မလဲဆိုတာ ဦးစားပေး သုံးခု ရွေးကြရတယ်။

၁၆ နှစ်သားဆိုတော့ ကြိုက်တာကို သိပ်မရွေးတတ်သေးဘူး မဟုတ်လား။ ဆေး၊ စက်မှု၊ ဆိုတာတွေက ထိပ်က။ တန်ရာနဲ့ ကြိုက်ရာ နှစ်ခုလုံး ရွေးလိုက်ရပါတယ်။ ကိုယ့်အမှတ်ကို ကိုယ်ကမှ အထင်မကြီးရင် ဘယ်သူလာကြီးမလဲ။ ဆေးကို တစ်။ အများဆုံးရတဲ့ ဘာသာ (မေဂျာ)ကို နှစ်။ တခုကျန်သေးတာ ဘာရွေးရမလဲ။ ကဲကွာ တတိယ ဦးစားပေး စိုက်ပျိုးရေး။ တောသူ-တောင်သား မျိုးရိုးဖြစ်လို့တော့ မဟုတ်ဘူး။ မန္တလေးမှာရှိတဲ့ ကျောင်းတွေကိုသာ ရွေးလိုက်ရလို့ပါ။

အလုပ်အကိုင်ရပြီး၊ အတော်ကြာမှ ကိုယ့်မြို့ကိုယ်နယ်ကို တာဝန်နဲ့ ပြန်လာရတယ်။ အဲဒီအချိန်မှာ ၀ါတွေမစိုက်ကြတော့လို့ ၀ါစက်တွေ မလည်နိုင်တာ အတော်ကြာပြီတဲ့။ ဒါပေမဲ့ ကျွန်တော်တို့အဖို့ အသုံးကြတာ သွားတွေ့ရတယ်။ ၀ါလှမ်းတဲ့ အုတ်ခုံကြီး။ ၈၇ ပေ x ၃၆ ပေ။ အနေတော်ဘဲ။ “ပုလဲ-အိုးပင်း” တင်းနစ် ကစားကွင်း လုပ်လိုက်ကြတယ်။

တရက်ကြတော့ တင်းနစ်ကစားရင်း ဘောလုံးကို ရိုက်ဖို့ ကြိုးစားတာ ကိုယ်အောက်ပိုင်းက မရွေ့နိုင်ဘဲ၊ အထက်ပိုင်းက ရှေ့တက်လိုက်မိတော့ ခါးနာပါလေရော့။ အတော့်ကို ခံရသဗျ။ ခါးနာတဲ့လူတွေက အများသား။ စာရင်းမှတ် လေ့လာသူများက လူ ငါးယောက်မှာ လေးယောက်က ဖြစ်ဖူးသတဲ့။ အကြောင်းအမျိုးမျိုးနဲ့ နာတတ်တာ။ ယောက်ျား-မိန်းမ မရွေးဘူး။ အရွယ်က လူလတ်ပိုင်း ဖြစ်တတ်ကြတယ်။ ဒါပေတဲ့ များသောအားဖြင့် သာမန်ကာရှန်ကာနဲ့ ပျောက်ပါတယ်။ နာတာကို နားပြီး၊ အကိုက်ပျောက်ဆေးသောက် ပျောက်တာမျိုး၊ မဆိုးလှပါဘူး။ အဲလို ကံကောင်းသူ မဟုတ်ရင်တော့ နာမယ်၊ ကြာမယ်။ တခါဖြစ်ဖူးရင် ထပ်ထပ်လည်း ဖြစ်တတ်သေးတယ်။

အကိုက်အခဲ ပျောက်ဆေးကို ပဲလှော်လို၊ အိမ်တိုင်းမှာရှိ၊ လူတိုင်းလဲသိတယ်။ (ဘတ်စ်ပရို)၊ (အေပီစီ)၊ ပျင်းတာ လိုချင်ရင် (အနာဂျက်ဆင်)၊ အခုနောက်ပိုင်း၊ Ibuprofen, Combiflam, Diclofenic နာမည်တွေက အမျိုးမျိုး။ ဆေးနာမည် ဆိုတာ ကုပ္မဏီတွေက ပေးတဲ့နာမည် Brand name နဲ့ ဆေးနာမည် Generic name ဆိုတာ နှစ်မျိုးမှတ်ဘို့ လိုပါတယ်။ အကိုက်အခဲ ပျောက်ဆေးဆိုတာက ရေတွက်မကုန်အောင် နာမည်မျိုးစုံပေမဲ့၊ အမျိုးအစား သုံး-လေးမျိုး လောက်သာ ရှိတာပါ။ NSAID အုပ်စုလို့ နာမည်ပေးထားတာ။ (စတီရွိုက်) မပါတဲ့ အနာပျောက်ဆေး။ Steroid ဆိုတာ ဟော်မုန်းလိုဘဲ အာနိသင်ကပြင်း၊ ဘေးထွက်ဆိုးကျိုးကလဲ မရှင်း၊ ပဲလှော်လို မစားဘဲ၊ ဒူးရင်းသီးလို တခါတလေမှ သေသေခြာခြာ၊ စားရတာမျိုး။

Pain killer လို့ အလွယ်ပြောပေမဲ့ သတ္တိက သုံးမျိုးတောင်ရှိတယ်။ နာတာလဲ ပျောက်၊ ဖျားတာလဲ ကျ။ ရောင်တာလဲ လျော့လို့ “သုံးလွန်းတင်ဆေး” ဖြစ်တယ်။ တကယ် ပဲလှော်လို စားနိုင်တာကတော့ (ပါရာစီတမော)။ ကျောင်းနေတုံးက ဒီဆေးကို အရေးမလုပ်ခဲ့ကြဘူး။ နောက်တော့ သွေးထွက်တတ်တဲ့ ရောဂါတွေ ခေတ်စားလာ။ ဗိုက်နာရောဂါတို့၊ သွေးလွန်-တုပ်ကွေးတို့၊ ဟိုက-ဒီက သွေးယိုတာတို့ များလာတော့ အကိုက်ပျောက်ဆေးတွေကို တလေးတစား၊ သတိထားရာကနေ တချိန်က လူသိမများခဲ့တဲ့ ကို(ပါရာ)က နေရာ ရလာတော့တယ်။

ဆိုးတဲ့ ခါးနာမျိုးက တော်တော့် အနာပျောက်ဆေးနဲ့ မရတော့ဘူး။ အပြင်းစားတွေ သုံးရတယ်။ ဘိန်းတမျိုးမျိုး ပါတဲ့ ဆေးမျိုးကို ပြောတာ။ နောက်ပြီး Muscular relaxant ကြွက်သားပြော့ဆေးလဲ ပေးရတတ်တယ်။ ခက်တာက ဆေးရှိန် ရှိနေတုံးမှာ အနာသက်သာမယ်။ “ခါးနာတို့မည်သည် ဆေးတခုတည်းနဲ့ မရပါ။”

ခါးနာသူများ “အအိပ်-အနေ-အထိုင်” ဤသုံးမျိုး ချက်ပိုင်ဘို့ လိုတယ်။ အိပ်ရင် ကြမ်းခင်း မာမာမှာ ခါးစန့်စန့်၊ ခေါင်းအုံး နိမ့်နိမ့် အိပ်ပါလေ။ သိပ်နာနေချိန် ခေါင်းအုံးမသုံးဘဲ လေ့ကျင်းခန်းသဘောမျိုး လှဲနေပါ။ ဆင်းရဲသားကြိုက်ပါ။ ပက်လက် ကုလားထိုင်မှာ မထိုင်လေနဲ့။ မွေ့ယာ မသုံးနဲ့၊ (ဒရင်း-ဘက်) မ၀ယ်နဲ့၊ Hammocks ဆိုတဲ့ ကြိုးတို့၊ အ၀တ်တို့နဲ့ လုပ်ထားတဲ့ ပုခက်အိပ်ယာနဲ့ စတိုင် မထုတ်ပါနဲ့။

ထိုင်ရင် ကျောမှီပါရမယ်။ ပေါင်က အခင်းမှာ ကပ်နေသလို ကျောက နောက်မှီမှာ ကပ်နေပါစေ။ ဆောင့်ကြောင့် မထိုင်ပါနဲ့။ လက်တ၀ါးလောက်သာ မြင့်တဲ့ ဖင်ထိုင်ခုံမှာ ထမင်းချက်ရင်း၊ မီးလှုံရင်း။ အတင်းပြောရင်း၊ သန်းရှာရင်း၊ မထိုင်ပါနဲ့။ တီဗွီကို လှဲရင်းကြည့်မယ် ဆိုပါတော့၊ ဆက်တီ-ကူရှင်ပေါ်မှာ ငါးထပ်သားပြားကို ခင်းထားမှ ကောင်းမယ်။ သိကြားမင်းရဲ့ ကဗ္ဗလာမျိုးနဲ့ မရဘူး။

မနက်လင်းလို့ မျက်နှာသစ်ရင် ပြဿနာတက်ပြီ။ ခါးကို ကုန်းလိုက်လို့ကတော့ ပိုဆိုးမယ်။ မကုန်းရင်လည်း ဗိုက်ကို ရေစိုပြီ။ စိုပါစေ။ လက်ဆေး၊ ပန်းကန်ဆေး၊ အ၀တ်လျှော်၊ ဘာမဆို ခါးကို ဆန့်ပြီးမှ လုပ်ပါ။ ကွန်ပြူတာမှာ ထိုင်တဲ့အခါ လက်ကောက်ဝတ်ကိုဘဲ သတိပေးနေတာနဲ့ မလုံလောက်ဘူး။ တံခါး၊ ဘီရို၊ စားပွဲ၊ လက်ဆေးခွက်တွေ အားလုံးဟာ ကိုယ့်အရပ်နဲ့ ကိုက်နေဘို့ လိုတယ်။ ဘယ်လောက်ဘဲ ပြောင်လက် ချောမွေ့နေအောင် လုပ်ထားပါစေ၊ ရွှေကွပ် ထားအုံးတော့ အနိမ့်အမြင့် မကိုက်တဲ့ အသုံးအဆောင်ဟာ ရန်သူဘဲ။

ခါးနာတာကို ခါးမှာ အပူကပ်ရင် သက်သာနိုင်တယ်။ ပရုပ်-ပလာစတာ၊ ငရုပ်သီး-ပလာစတာ ဆိုတာမျိုး၊ (အင်ဖရာ-ရက်) ဆိုတဲ့ အနီအောက်ရောင်ခြည်နဲ့ မီးနီကင်တာလဲ အထောက်အကူရပါတယ်။ Physiotherapy (ဖီဇီယို) ခေါ်တဲ့ ဖယောင်းကပ်ပေးတာတို့၊ အကူပစ္စည်းတွေနဲ့ လေ့ကျင်ခန်း လုပ်တာတို့လဲ လုပ်နိုင်တယ်။ သိဘို့က အခုဖြစ်နေတာကိုသာ သက်သာစေတာပါ။ ခါးနာစေအောင် လုပ်မိပြန်ရင် ပြန်ဖြစ်မယ်။ ကံဆိုးသူများ ခါးနာလို့ အာရုံကြောသွားထိရင် ခွဲစိတ်ကုသဘို့ လိုမယ်။ ခေတ်စားလာတဲ့ ကုနည်းတခုက ခါးမှာ အင်္ဂတေလို အစွမ်းရှိတဲ့ ဆေးထိုးပေးတာပါ။

စားရင်း သောက်ရင်းတော့ ဒီစာ ဆက်မဖတ်နဲ့နော်၊ အိမ်သာတက်တာ စပါယ်ရှယ်မှ ဖြစ်တာကို ရေးချင်လို့ပါ။ Squat toilet ဆောင့်ကြောင့်ထိုင် အိမ်သာနဲ့ ရှင်ခန်းဖြတ်ပေတော့။ ဒီနေရာမှာ ဗိုလ်ဆန်ဘို့ လိုပါတယ်။ ဒူးနဲ့ခါးကို ၉၀ ဒီဂရီ ထားထိုင်လို့ ရတဲ့ English type အိမ်သာ အမျိုးအစားနဲ့သာ ခါးနာသူများ ထိုက်တန်တယ်။ ဆင်းရဲသားတွေ ကံမကောင်းဘူး။ အစားမတော် တလုပ်၊ အသွားမတော် တလှမ်း။ ကစားမတော်တော့ တလှမ်းတောင် မလှမ်းရဘူး ဖြစ်တတ်တယ်။ စားသတိ၊ သွားသတိ၊ ကစားသတိ ရှိနိုင်ကြပါစေ။

Dr. တင့်ဆွေ
၁၀-၁၂-၂၀၀၈
၎-၆-၂၀၁၀

ချင်းတွင်းသားများ (ဘလော့ခ်)မှာ ဒီစာကို စရေးရာကနေ ဒီစာမျိုးတွေ ရေးဖြစ်တယ်။

No comments:

Post a Comment