Sunday, June 20, 2010

Leucorrhoea, Vaginal Discharge မွေးလမ်းကြောင်းမှ အဖြူဆင်းခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၅)
အမျိုးသမီး မွေးလမ်းကြောင်း (ဗဂျိုင်းနာ) ကနေ အဖြူဆင်းတာဟာ အများအားဖြင့် (နော်မယ်)ပါ။ အနည်းနဲ့အများ အဖြူ ဒါမှမဟုတ် အရည်လိုမျိုး ဆင်းနေတယ်-စိုနေတယ်။ သတိမထားရင်တောင်မှ ရှိနေတတ်တယ်။ သားအိမ်အဝနဲ့ မွေးလမ်းမှာ အရည်ထွက်နိုင်တဲ့ (ဂလင်း)ခေါ် အိပ်တွေရှိလို့ဖြစ်တယ်။ အဟောင်းတွေပျက်စီး အသစ်တွေ ဖြစ်နေတဲ့ အနိစ္စသဘောပါဘဲ။

ဖြစ်နေကြမျိုးကတော့ စိုးရိမ်စရာမရှိ၊ ဆေးကုဘို့ မလိုပါ။ ပုံမှန်ဆင်းတာမျိုးက ကြည်တယ်။ မကြည်ရင် နို့လိုနေတယ်။ ဒါပေမဲ့ အနံ့မရှိဘူး။ အရောင်နဲ့ အပျစ်အချွဲကတော့ ပြောင်းလဲနေတယ်။ လအစမှာ ပြစ်ပြီး၊ ဖြူတယ်။ လအလယ်လောက် ဆိုရင် များလာမယ်။ တိတိကျကျ ပြောရရင် အဆ ၃ဝ တောင်များလာတယ်။ နောက်ပြီး၊ မပြစ်ဘဲ ချွဲမယ်။ ပိုပြီးကျဲတယ်၊ (အလပ်စတစ်) ပိုဖြစ်တယ်။ ရာသီမဆင်းခင်လေး ဆင်းတတ်တာက ပိုပျစ်တယ်။ ရာသီအပြီးမှာ ညိုမယ်။

လေ့ကျင့်ခန်း လုပ်ပြီးချိန်မျိုးမှာလဲ ရေသာသာ ခပ်ကြည်ကြည် အရည်လိုဆင်းတာ ပုံမှန်ပါ။ မ-မျိုးဥ ထွက်ချိန် လယ်ရက်မှာ သွေးစက်ကလေးမျိုးပါ အတွင်းခံကို လာစွန်းနေတတ်သေးတယ်။ ဒါလည်း (နော်မယ်လ်)ဘဲ။ နောက်ပြီး ကလေး နို့တိုက်နေချိန်တို့ လိင်စိတ်ဖြစ်လာချိန်တို့မှာ ပိုဆင်း-ပိုစိုလာတယ်။ ဒါလည်း ရောဂါမဟုတ်ပါ။ ကိုယ်ဝန်ဆောင်ချိန် ဆင်းတာက ခပ်ကျဲကျဲ၊ ခပ်ဖြူဖြူ၊ နဲနဲ အနံ့တော့ရှိတယ်။ ဗက်တီးရီးယားတွေ ပါနေပေမဲ့လည်း ဒုက္ခ မပေးပါ။ ဆီးချိုရှိရင်၊ သန္ဓေတားဆေးစားစဉ်၊ ပဋိဇီဝဆေးတချို့သောက်နေစဉ်၊ သွေးအားနည်းရင်၊ နာတာရှည် ရောဂါ ရှိနေရင် ပိုတတ်တယ်။

အဆင်းများ၊ အရောင်ပြောင်း၊ အနံ့ရှိလာရင် ဂရုစိုက်ရပါတော့မယ်။ ပူစပ်မယ်၊ အ၀ါရောင်ဖြစ်မယ်၊ ခပ်စိမ်းစိမ်းဖြစ်မယ်၊ ခပ်ပျစ်ပျစ် ဖြစ်မယ်၊ ယားမယ်၊ ဆီးစပ်နေရာ နာမယ်ဆိုရင်တော့ ဆေးကုရပါလိမ့်မယ်။ ရောဂါပိုးတွေကလဲ အမျိုးမျိုးပါ။ ဗက်တီးရီးယား၊ ဗိုင်းရပ်စ်၊ ဖန်းဂတ်စ်၊ ပရိုဇိုးဝါး နဲ့ ပါရာဆိုက်၊ အကောင်စုံပါဘဲ။ ဝင်တဲ့ ပိုးအမျိုးအစားအလိုက် ဆင်းတာတွေ မတူဘူး။ အပျိုဆိုလည်း ဆေးကုရမှာမျိုး ဖြစ်တတ်တယ်။ နည်းပါတယ်။ ကျား-မ အတူနေသူများ STD/STI လိင်ကတဆင့် ကူးစက်ရောဂါ တခုခုဖြစ်လို့ အဖြူဆင်းရင် နှစ်ယောက်လုံးကို တပြိုက်နက် ဆေးကုရပါမယ်။

၁။ Yeast infection (Candidiasis) (Monilia, Thrush) (ရိစ်) ကြောင့် မွေးလမ်းကြောင်းရောင်ခြင်း
အဖြူရောင် ပြစ်တဲ့ (ချိစ်) လိုဆင်းတယ်။ အလွန်ယားပြီး၊ မိန်းမကိုယ် နီနေမယ်။ နာမယ်။ ဆီးအောင့်မယ်။
• Diflucan (Fluconazole) 150 mg တခါတည်းသောက်ပါ။ လိုအပ်ရင် ရက်ပိုပေးပါတယ်။
• Nystatin, Mycostatin စားဆေး၊ (400,000 to 600,000 units) တနေ့ ၄ ကြိမ်သောက်ပါ။
• Clotrimazole vaginal tablet မွေးလမ်းထဲထည့်ရန်ဆေး၊ 100 mg ၆ ညထည့်ပါ။ 200 mg ၃ ညထည့်ပါ။
• Monistat cream, Mycelex, Lotrimin, Terazol, Femstat, Gentian violet, Nystatin 100,000 IU pessary, Nystatin Ointment လိမ်းဆေး၊ ထည့်ဆေးတွေကိုလည်း သုံးတယ်။

၂။ Cervical Ectropion, Erosion ဒါမှမဟုတ် Eversion
သားအိမ်အဝ ရဲနေမယ်၊ ကျိချွဲချွဲဆင်းမယ်၊ မနာဘူးဆိုရင် ကုဘို့ မလိုပါ။

၃။ Cervicitis သားအိမ်အဝရောင်ခြင်း
ဆီးစပ်နာမယ်။ ခပ်ချွဲချွဲ နှင့် ပြည်လိုဆင်းမယ်။ သားအိမ်အဝ ထိရင်နာမယ်။ လိင်ဆက်ဆံတဲ့အခါ နာမယ်ဆိုရင် ပဋိဇီဝဆေး ပေးနိုင်တယ်။

၎။ Chancroid (ရှိန်ကာရွိုက်) သားအိမ်အဝမှာ အနာ
STD/STI လိင်ကတဆင့် ကူးစက်ရောဂါ အနာဖြစ်တယ်။ အနာရဲ့ နုတ်ခမ်းသား မညီမညာဖြစ်မယ်။ အခြေက ခပ်မွဲမွဲ အရောင်ရှိမယ်။ ထိရင်နာမယ်။ လိင်အင်္ဂါမှာ အနာ-အကြိတ် ပေါ်မယ်။ ပေါင်ခြံက အကြိတ်တွေ ရောင်လာတယ်။
• Azithromycin 1 gm တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone, Ciprofloxacin 500 mg တနေ့ ၂ ကြိမ်၊ ၃ ရက် သောက်ပါ။ ဒါမှမဟုတ်
• Erythromycin 500 mg တနေ့ ၄ ကြိမ် ၇ ရက်သောက်ပါ။

၅။ Chlamydial infection (ကလင်ဒါမိုင်စင်) မွေးလမ်းကြောင်းရောင်ခြင်း
STD/STI ရောဂါတွေထဲမှာ Chlamydia trachomatis က အဖြစ်အများဆုံးပါ။ လိင်အင်္ဂါတွေမှာ အနာဖြစ်တာပါ။ အနာ ဆိုပေမဲ့ မနာဘူး။ ပေါင်ခြံမှာ တက်စေ့တွေ ရောင်လာမယ်။ အမျိုးသမီးများ သားအိမ်အဝမှာ အဖြစ်များတယ်။ ဆင်းတာက ပြည်လိုနေတယ်။ နဲနဲဝါမယ်။ မီးခိုးရောင်၊ ခပ်စိမ်းစိမ်း အရောင်လဲ ဖြစ်နိုင်တယ်။ အမြှုတ်လိုလဲ ရှိတတ်တယ်။ ယားမယ်။ အနံ့ဆိုးတယ်။ သွေးနဲနဲလဲ စွန်းနိုင်တယ်။ ဆီးခဏခဏ သွားချင်ပြီး ဆီးအောင့်တယ်။ အတွင်းအင်္ဂါတွေအထိ ရောက်နိုင်တယ်။ ဒီအချိန်မှာ လိင်ဆက်ဆံရင် နာမယ်။
• Azithromycin 1 Gm သောက်ပါ။
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၇-၁၄ ရက်။
• Erythromycin 250-500-800 mg တနေ့ ၄ ကြိမ်၊ ၇-၁၄ ရက်။
• Ofloxacin 300 mg တနေ့ ၂ ကြိမ်၊ ၇ ရက်၊
• Ofloxacin = 400 mg တခါတည်းသောက်ပါ။
• Tetracycline 250-500 mg တနေ့ ၄ ကြိမ်၊ ၁၄ ရက်သောက်ပါ။

၆။ Bacterial Vaginosis (Hemophilus, Gardnerella) ဗက်တီးရီးယားကြောင့် မွေးလမ်းကြောင်း ရောင်ခြင်း
ခပ်ကျဲကျဲ၊ ကြည်တဲ့ ဖြူဝါတဲ့ အနံ့ဆိုးတဲ့အရည်ဆင်းတယ်၊ ယားမယ်၊ လိင်ဆက်ဆံ ပြီးရင် ပိုဆိုးတယ်။ နောက်ဆက်တွဲ အဖြစ် (PID) တင်ပါးဆုံတွင်းအင်္ဂါတွေ ရောင်တာဖြစ်နိုင်တယ်။ ကိုယ်ဝန်ရှိရင် ရေမြွှာအိတ် ရောင်တာ၊ သားအိမ်ရောင်တာ ဖြစ်စေမယ်။
• Metronidazole 500 mg တနေ့ ၂ ကြိမ် ၇ ရက်၊
• Metronidazole 2 g တခါတည်းသောက်။
• Clindamycin cream 2% ညအချိန်၊ ၇ ရက်ထည့်ပါ။
• Clindamycin 300 mg တနေ့ ၂ ကြိမ် ၇ ရက်သောက်ပါ။

၇။ Gonorrhea ဂနိုးရီးယား
ဒုတိယအများဆုံး STD/STI ဖြစ်တယ်။ အမျိုးသမီးဆိုရင် အဖြူဆင်းမယ်။ ပြည်လိုဆင်းမယ်။ ဆီးက ပန်းထွက်သလို သွားတယ်။ ကြားရက် သွေးဆင်းတာ ဖြစ်တတ်သေးတယ်။ ဆက်ဆံရင်လဲ နာမယ်။ အထဲကို ရောဂါပြန့်ရင် သားအိမ် ဘေးက အင်္ဂါမှန်သမျှ ရောင်နိုင်တယ်။ ဆေးမကုရင် ယောက်ျားရော မိန်းမပါ ကလေးမရတာ ဖြစ်သွားတတ်တယ်။
• Cefixime 400 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ်
• Ceftriaxone 125 mg IM ထိုးပါ။
• Ciprofloxacin 500 mg သောက်ပါ။
• Ofloxacin 400 mg သောက်ပြီး Azithromycin 1 g ဒါမှမဟုတ် Doxycycline 100 mg တနေ့ ၂ ကြိမ် ၇ ရက် နဲ့တွဲပါ။

၈။ Infected IUCD ကိုယ်ဝန်တား ပစ္စည်းပိုးဝင်ခြင်း
ကလေးခြားအောင်ထည့်တဲ့ IUCD ထည့်သူ ၅% မှာ ပိုးဝင်တတ်တယ်။ ဗိုက်အောက်ပိုင်းနေရာ နာမယ်။ မွေးလမ်းက တခုခု ဆင်းမယ်။ နဲနဲကိုယ်ပူမယ်။ လိင်ဆက်ဆံရင် နာမယ်။
IUCD ပြန်ထုတ်ပါ။ Amoxicillin, Cephalosporins, Tetracycline ပေးပါ။ မရသေးရင် Cefoxitin ဒါမှမဟုတ် Metronidazole plus Gentamicin ဒါမှမဟုတ် Clindamycin plus Gentamicin ထိုးပေးပါ။

၉။ PID (Pelvic Inflamatory Disease) မဆိုးတဲ့ တင်ပါးဆုံအတွင်း အင်္ဂါများရောင်ခြင်း
နဲနဲဖျားမယ်။ လိင်ဆက်ဆံရင်နာမယ်။ ပြည် ဒါမှမဟုတ် ခပ်ချွဲချွဲဆင်းမယ်။ ဗိုက်အောက်ပိုင်းနေရာနာမယ်။ သွေးဖြူဥ အရေ အတွက် များလာမယ်။
• Doxycycline 100 mg တနေ့ ၂ ကြိမ် ၁၀-၁၄ ရက်ကို Cefoxitin 2.0 gm IM တွဲ ထိုးပါ။
• Cefoxitin 1.0 gm သောက်ပါ။ ဒါမှမဟုတ် Ceftriaxone 250 mg IM ဒါမှမဟုတ် Ceftizoxime 1 gm IM ဒါမှမဟုတ် Cefotaxime 0.5 gm IM ထိုးပါ။
• Ofloxacin 400 mg တနေ့ ၂ ကြိမ် နဲ့ Metronidazole 500 mg တနေ့ ၂ ကြိမ်၊ ၁၄ ရက် တွဲပေးပါ။

၁၀။ Severe PID (Pelvic Inflamatory Disease) ဆိုးတဲ့ တင်ပါးဆုံအတွင်း အင်္ဂါများရောင်ခြင်း
• Doxycycline 100 mg စားဆေး၊ ဒါမှမဟုတ် IV ထိုးဆေး၊ တနေ့ ၂ ကြိမ်၊ Cefoxitin 2.0 gm IV ထိုးဆေး တနေ့ ၄ ကြိမ်၊ တွဲပေးပါ။ ဒါမှမဟုတ်
• Cefotetan 2 gm IV တနေ့ ၂ ကြိမ်၊ ၂ ရက်၊ နောက် Doxycycline စားဆေး ၁၀-၁၄ ရက်၊ ဒါမှမဟုတ်
• Clindamycin 900 mg ထိုးဆေး တနေ့ ၃ ကြိမ် ကို Gentamicin, 1.5-2.0 mg/kg IV/IM ထိုးဆေးတွဲပေးပါ။ နောက်ပြီး Doxycycline 100 mg တနေ့ ၂ ကြိမ် စားဆေး ၁၀-၁၄ ရက်၊
• Clindamycin 450 mg တခါတည်းသောက်ပါ။ ဒါမှမဟုတ် Ofloxacin 400 mg IV တနေ့ ၂ ကြိမ်ကို Metronidazole 500 mg IV ထိုးဆေး တနေ့ ၃ ကြိမ်၊ ဒါမှမဟုတ် Ampicillin/Sulbactam 3 g IV ထိုးဆေး တနေ့ ၄ ကြိမ်၊ Doxycycline 100 mg IV ထိုးဆေး၊ ဒါမှမဟုတ် စားဆေး၊ တနေ့ ၂ ကြိမ် ဒါမှမဟုတ်
• Ciprofloxacin 200 mg IV ထိုးဆေး၊ တနေ့ ၂ ကြိမ်ကို တွဲပေးဘို့ Doxycycline 100 mg IV ဒါမှမဟုတ် စားဆေး တနေ့ ၂ ကြိမ် နဲ့ Metronidazole 500 mg IV ထိုးဆေး တနေ့ ၄ ကြိမ်။

၁၁။ Trichomoniasis ထွိုင်ကိုမိုးနပ် မွေးလမ်းကြောင်းရောင်ခြင်း
အနေအထိုင်ခက်ပြီး၊ အဖြူ (အမြှုတ်) ဆင်းမယ်။ မွေးလမ်း၊ မိန်းမကိုယ် နီမယ်။ စိမ်းဝါတဲ့ အနံ့ဆိုးတဲ့ အရည်ဆင်း၊ ယားတယ်။
Vaginal Infections မွေးလမ်းကြောင်းရောင်တာက သန့်ရှင်းရေး နည်းလို့လည်း ဖြစ်တတ်တယ်။ ပိုးက အဝတ်စိုလိုမျိုးမှာ ၁ နာရီ လောက် ရှင်နေနိုင်လို့ အတူသုံးမိရင် ကူးနိုင်တယ်။ ဖိုဆိုရင် ယင်ဖိုတောင် မသန်းဘူးတဲ့ အမျိုးသမီးများမှာတောင်မှ ဗက်တီးရီးယား အရေအတွက် အပြောင်းအလဲကြောင့် ဖြစ်ရတတ်တယ်။ သန့်ရှင်းရေး လုပ်တဲ့အခါ ရှေ့ကနေ နောက်ဖက်ဆီ လုပ်ပါ။ အတွင်းခံ သန့်နေပါစေ။ ခြည်ထည်ကိုသာ သုံးပါ။ ဖြန်းဆေးတွေ မသုံးပါနဲ့။ ရေမွှေး၊ ဆပ်ပြာ အပြင်စားတွေ မသုံးလေနဲ့။
Metronidazole 250 mg တနေ့ ၃ ကြိမ်၊ ၇ ရက်။ ဒါမှမဟုတ် 2 gm တခါတည်းသောက်။ ဒါမှမဟုတ် 500 mg တနေ့ ၂ ကြိမ် ၅ ရက်သောက်ပါ။

Dr. တင့်ဆွေ
26-5-2010

No comments:

Post a Comment