Sunday, June 20, 2010

Lesions on penis ကျားလိင်အင်္ဂါ အနာများ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၀)
နိုင်ငံတခုကို ရောက်နေတဲ့ (ဘလော့ခ်)ကိုလည်းဖတ်တဲ့၊ ရောဂါတခုခုလည်းရှိနေတဲ့ မြန်မာအမျိုးသားတဦးရဲ့ အမေးကို ဒီလို ဖြေလိုက်ပါတယ်။

၁။ ကျားလိင်တံမှာ တခုမက အစုလိုက်နာတဲ့ အနာဆိုရင် genital herpes ရေယုံ ဖြစ်နိုင်ပါတယ်။ လိင်တံမှာသာမက စအို နဲ့ တင်ပါးတဝှိုက်မှာလဲ ပေါက်တတ်ပါတယ်။ ဖြစ်ဖြစ်ချင်း တချို့မှာ ကိုယ်နဲနဲ ပူတတ်တယ်။ များသောအားဖြင့် STD လိင်လမ်းကြောင်း ကတဆင့် ကူးစက်ရောဂါတမျိုးဖြစ်တယ်။ ယောက်ျားတွေမှာ အဖြစ်များပေမဲ့ အမျိုးသမီးတွေမှာလဲ ဖြစ်နိုင်တယ်။

ရေယုံ ဟာ ဗိုင်းရပ်စ် ကြောင့်ဖြစ်တာမို့ အတိအကျပြောရရင် ဆေးမနိုင်ပါ။ ကုသတာရဲ့ ရည်မှန်းချက်ဟာ အနေရအထိုင်ရ သက်သောအောင်၊ ဆက်မပွါးအောင်၊ သူများကို မကူးအောင်လုပ်ဘို့ပါ။ သန့်ရှင်းရေး လုပ်တာ ကောင်းတယ်။ အဝတ်အစား ဝတ်တာတာင် cotton underwear ကောင်းတယ်။ အတူနေတာ (ဆက်ဆံတာ) ကို ရှောင်ပါ။

Acyclovir (Zovirax), Famciclovir (Famvir), or Valacyclovir (Valtrex) တွေဟာ ဗိုင်းရပ်စ်ဆေးတွေပါ။ နာတယ်ဆိုရင် အနာသက်သာဆေးတွေ Ibuprofen (Advil) or Acetaminophen (Tylenol) သောက်ရပါမယ်။ သဘာဝဆေးနည်း တွေထဲမှာ Red Marine Algae, Vir-L-Lysine, Choraphor, Aviralex, Aeura, H-Balm တွေပါတယ်။ Acyclovir က ဆေးပြား၊ ဆေးတောင့်၊ ဆေးရည်ရှိတယ်။ တနေ့ကို ၂-၅ ကြိမ်နဲ့ ၅-၁၀ ရက်သောက်ရတယ်။ လိင်လမ်းမှာ ဖြစ်တာမျိုးကိုတော့ ၁ နှစ်အထိ ပေးရတာလဲရှိတယ်။

၂။ အနာက မုံလာပွင့်လိုသဏ္ဍာန်ဆိုရင် ကြွက်နို့ဖြစ်မယ်။ နောက်ဆက်တွဲ ပိုးထပ်ဝင်တာမရှိသ၍ မနာပါ။ နဲနဲ ယားတာ ပူတာမျိုးရှိတတ်ပါတယ်။ အရည်ထွက်တာမျိုးလဲရှိနိုင်တယ်။ ကြွက်နို့ကုဘို့ သတ်သတ်ရေးထားပါတယ်။

၃။ ကျားလိင်တံမှာ တခုတည်းသော အနာ(အဖု)ဆိုရင် Syphilis ဖြစ်နိုင်ပါတယ်။ မနာတဲ့အနာ ကို Chancre လို့ ခေါ်ပါတယ်။ ဒီအနာနဲ့တွဲပြီး ပေါင်ခြံမှာ အကြိတ်ထွက်လာပါမယ်။ ဒီအနာ၊ အကြိတ်တွေက ၃-၆ ပါတ်လောက်နေလို့ သူ့အလိုလို ပျောက်သွားတာဟာ ပိုးကင်းသွားတာ မဟုတ်ပါ။ သွေးစစ်ရင် VDRL ဆိုတာလုပ်ရလို့ + ဖြစ်ရင် syphilis ရှိတယ်လို့ ခေါ်တယ်။

Syphilis ကို ဘာလက္ခဏာမှ မပေါ်ဘဲ သွေးစစ်လို့ ရှိနေရင်လဲ တာရှည်ခံ(ပင်နစလင်)ထိုးဆေး Benzathine penicillin G ကို တခါထိုးရင် ၂့၎ ယူနစ် တပါတ်တခါ၊ ပေါင်း ၃ ခါ ထိုးရတယ်။

၎။ ကျားလိင်တံမှာ တခုမက ပန်းရောင်နဲ့ အရေပြားပေါ်ခပ်ဖေါင်းဖေါင်းလေးဖြစ်တာမျိုးက Molluscum contagiosum ခေါ်တဲ့ ဗိုင်းရပ်စ် ကြောင့်ဖြစ်ရတာ ဖြစ်နိုင်ပါတယ်။ အများအားဖြင့် မနာပါ။ တခါတလေ နာပြီး၊ ယားသလိုဖြစ်နိုင်တယ်။ ဗိုင်းရပ်စ်ဆေးတွေကို အားကိုးပါ။

၅။ ကျားလိင်တံမှာ အနာတွေက တခုမကလဲရှိ နာလဲနာ၊ ပေါင်ခြံမှာလဲ အကြိတ်ရှိတာဆိုရင် Chancroid လို့ ခေါ်တယ်။ ၁ လက္မရဲ့ ရှစ်ပုံ ၁ ပုံကနေ ၂ လက္မထိရှိနိုင်တယ်။ နခမ်းသားတိတိကျကျရှိတယ်။ ညီညီညာညာမဟုတ်ဖူး။ ထိရင်၊ လှုတ်ရင် သွေးထွက်နိုင်တယ်။ မီးခိုးရောင် ဒါမှမဟုတ် ခပ်ဝါဝါနေမယ်။ ပဋိဇီဝဆေး Azithromycin, Ceftriaxone, Ciprofloxacin, and Erythromycin တွေက နိုင်တယ်။ ပေါင်ခြံအကြိတ်က လိုအပ်ရင် ခွဲစိတ်ရပါမယ်။

၆။ ကျားလိင်တံမှာ ခပ်မဲမဲအကွက်ကို သာမန်မျက်စိနဲ့မမြင်ရသလောက်ရှိတာမျိုးက ရှာရှားပါးပါး Crabs ခေါ်တာ ဖြစ်နိုင်တယ်။ အမွှးတွေမှာ ဥတွေရှိနေပါမယ်။ သူ့ကိုကြ မြင်ရတယ်။

၇။ ကျားလိင်တံမှာ အတော်ယားတဲ့ ခပ်နီနီ အနာတွေဟာ scabies ယားနာပါ။ ဆေးတွေကတော့ Permethrin, Crotamiton နဲ့ Benzyl benzoate ဖြစ်ပါတယ်။

ဂ။ ပေါင်ခြံမှာ တခြားနေရာတွေမှာ ပေါက်တာမျိုး (ဗက်တီးရီးယား)ကြောင့် ဖြစ်တဲ့ ရိုးရိုးအနာ Abscesses လဲ ပေါက်နိုင်တယ်။ ပဋိဇီဝဆေးတွေက နိုင်ပါတယ်။

၉။ လိင်တံ ကင်ဆာ Cancer penis
အမှန်ပြောရရင် ဘယ်နေရာမှာဖြစ်တဲ့ ကင်ဆာဖြစ်ဖြစ် ဘာ့ကြောင့်ဖြစ်ရတယ်ဆိုတာ ကနေ့အထိ မသိသေးပါ။
လိင်တံကိုဖုံးတဲ့ အရေပြားအောင်မှာ အနံဆိုးဆိုး၊ ခပ်ပြစ်ပြစ် အညစ်အကြေးတွေရှိနေရင် ကင်ဆာဖြစ်စေတတ်တယ်။ တချိန်က ကြွက်နို့ဖြစ်ဘူးသူ၊ လိင်တံအရေပြားကို ငုံနေပါလျက် မလှီးဖြတ်ထားသူ၊ သန့်ရှင်းရေးနဲသူတွေဟာလဲ ကင်ဆာ ဖြစ်စေတတ်တယ်။

အနာလိုလို အလုံးလိုလို အကြိတ်အခဲလိုလိုစ ဖြစ်တာပါ။ ကြွက်နို့နဲ့လဲတူတယ်။ မုံလာပွင့်လိုနေတယ်။ ဖြစ်ရင် မနာတာက များတယ်။ နောက်ကြမှ သွေးထွက်တာ၊ နာတာတွေဖြစ်လာတယ်။ လိင်တံရဲ့ထိပ်ပိုင်းမှာ အဖြစ်အများဆုံးပါ။

သေခြာအောင် အသားစဖြတ်ယူစစ်ဆေးနည်း Biopsy လုပ်ရမယ်။ ကုသနည်းမှာ Chemotherapy ဆေးပေးတာ၊ Radiation ဓါတ်ကင်တာ၊ Surgery ခွဲစိတ်ကုသတာတွေပါတယ်။

(အသုံးအနှုန်း ရိုင်းတာလေးများ ပါသွားရင် ကန်တော့ပါဗျာ။)

Dr. တင့်ဆွေ
၁၉-၈-၀၉

No comments:

Post a Comment