Saturday, May 22, 2010

Age determination ၁၈ နှစ်ပြည့်ရင် လူရာဝင်

အသက်ကိုကြည့်ပြီး လူအမျိုးမျိုးက သတ်မှတ်မှု အမျိုးမျိုး ထားကြတယ်။ ဘယ်လောက်ရှိမှ ဘာလုပ်ရမယ် ဆိုတာမျိုး။ မဲပေး၊ ဈေးဝယ်။ ကားမောင်း၊ မိန်းမတောင်း။ စစ်ထဲဝင်၊ ပင်စင်ယူ။ ဘယ်လောက်ရှိမှ ဒီ(ဆိုဒ်)၀င်၊ ဒီရုပ်ရှင်ကြည့် စသဖြင့်။ ပြဿနာ ရှိလာရင် ဆရာဝန် ပါရတတ်တယ်။

ဆေးပညာထဲမှာ Forensic Medicine ဆိုတဲ့ မှုခင်းဆေးပညာ သပ်သပ်ရှိတယ်။ အသက်ကို တိတိကျကျ ဘယ်၍-ဘယ်မျှ ရှိတယ်ဆိုတာ စစ်ပြီး၊ တရားရုံးမှာ ထွက်ရတာလဲပါတယ်။ တရားခံ-တရားလို အသက်ကို ဇာတာနဲ့ မရဘူး။ ဆရာဝန်ကနေ သွားပေါက်တာကြည့်၊ ဓါတ်မှန် ရိုက်ပြီး သိတာတွေနဲ့ ဆုံးဖြတ်ရတယ်။ ၉ တန်းစာမေးပွဲ အစိုးရစစ်ခေတ်တုံးက အသက် ၁၅ နှစ် မပြည့်လို့၊ ဗေဒင်ဆရာနဲ့ ဇာတာသစ်လုပ်၊ တရားရုံးသွား ကြမ်းကျိမ်၊ လိမ်ကြည့်လည်း မရပါ။ ဥပဒေဟာ ဥပဒေတဲ့။ မကျဘဲနဲ့ တတန်းကို ၂ နှစ် နေခဲ့ရတယ်။ ဥပဒေဆိုတာကို နည်းနည်းလေးမှ အတိမ်းအစောင်း မခံပါလားလို့ မှတ်သား နာခံခဲ့ရတယ်။ အဲဒီခေတ်က ကြာခဲ့ပါပြီ။ ကြာရင် သာသွားတတ်သလို၊ ခြာသွားတတ်တာလည်းရှိတယ်။

Bone age “အရိုးကြည့်-အသက်သိ” ဆိုတာနဲ့ ဆရာဝန်တွေက ဆုံးဖြတ်ချက်ပေးရတယ်။ Long bones ခေါ်တဲ့ ပေါင်ရိုး၊ ခြေသလုံးရိုး၊ လက်ဖျံရိုး၊ လက်ချောင်းရိုးတွေမှာ ထိပ်ဖျားပိုင်းတွေက အရိုးကို လာဆက်တာက သူ့အသက်နဲ့သူ။ X-ray ရိုက်ရတယ်။ တံတောင်ဆစ်ရိုးဆက်ရင် ၉-၁၃ နှစ်၊ Iliac crest တင်ပါးဆုံအပေါ်-ရှေ့ထိပ်ရိုးဆက်ရင် ၁၂-၁၆ နှစ်၊ ညှပ်ရိုး (ကော်လာ-ဘုန်း) ၁၂-၂၂ နှစ် စသဖြင့် သိနိုင်တယ်။

ကလေးတွေ အသက်ကြတော့ ငယ်သွားပေါက်တာကို ကြည့်ရတယ်။ အထက်-အောက် အလည်ရှေ့သွား ၄ ချောင်းက ၆-၁၂ လ၊ အထက်-အောက် ဘေးရှေ့သွား ၄ ချောင်းက ၉-၁၆ လ၊ ပဌမအန်ရှေ့သွား ၄ ချောင်းက ၁၃-၁၉ လ၊ အထက်-အောက် စွယ်သွား ၄ ချောင်းက ၁၆-၂၃ လ၊ အထက်-အောက် ဒုတိယအံသွား ၄ ချောင်းက ၂၂-၃၃ လမှာ ပေါက်တယ်။ ကြီးသွား ၃၂ ချောင်းမှာ ၆ နှစ်က စပေါက်တယ်။ ၁၃ နှစ်မှာ ၂၈ ချောင်းရှိပြီး၊ အံဆုံးတွေက ၁၇-၂၁ နှစ်ရောက်မှ ပေါက်တယ်။ အံဆုံးမပေါက်သ၍ အသက် ၁၈ နှစ် မပြည့်သေးဘူးပေါ့။ တရားတပေါင် ဖြစ်လေ့ရှိကြတဲ့ အသက်ကတော့ ၁၆-၁၈ နှစ် ဖြစ်ပါတယ်။

Voting age ဆိုတဲ့ မဲပေးပိုင်ခွင့်ကိုလည်း တကမ္ဘာလုံးမှာ အများဆုံး သတ်မှတ်တာက ၁၈ နှစ်ပါ။ ၁၆ နှစ်နဲ့ မဲပေးလို့ရတာ ၇ နိုင်ငံ ရှိသွားပါပြီ။ ၁၇ နှစ် ရှိရင် မဲပေးလို့ရတာ ၆ နိုင်ငံ၊ ၂၀ နှစ်က ၄ နိုင်ငံ၊ ၂၁ နှစ်က ၁၆ နိုင်ငံ၊ အသက်အကြီးဆုံးက ဥဇဗက်ကစ္စတန် ၂၅ နှစ်ရှိမှ ပေးရတယ်။ ဆလိုဗေးနီးယားမှာ ၁၆ နှစ်တော့ ဟုတ်ပါရဲ့ အလုပ်ရှိမှ မဲပေးရတယ်။ အလုပ်လက်မဲ့တွေက ပေးတဲ့မဲနဲ့ တက်လာတဲ့ အစိုးရကမှ အလုပ်အကိုင်တွေ ဖန်တီးပေးမယ် ထင်ရတယ်။ လက်တွေ့မှာ အဲလိုလည်း ဟုတ်ချင်မှ ဟုတ်တာပါ။ မဲဆွယ်တုံးမှာ သည်းခြေကြိုက်တွေ ပြောပြီး၊ အာဏာရတော့ ဘာမှမလုပ်တဲ့ အစိုးရက အများကြီး။ ဘာမဲဖြစ်ဖြစ် ငါ့ပုံးထဲ ရောက်အောင်လုပ်ပြီး၊ တက်အုပ်ချုပ်တာတွေလည်း ရှိတာဘဲ။

မဲပေးသူတွေကို အသက်နဲ့သာ ကန့်သတ်ပြီး၊ အရွေးခံမဲ့သူတွေကိုတော့ သွေးစစ်သလို လုပ်တာတွေလည်း ရှိတယ်။ Blood group matching သွေးအုပ်စု စမ်းတယ်-စစ်တယ်ဆိုတာ သွေးလှူသူနဲ့၊ လူနာတည့်-မတည့် စမ်းရတာပါ။ “သွေးစစ်ပေးတဲ့ ဆရာနဲ့ တည့်-မတည့် စမ်းတာမဟုတ်ပါ။”

မဲပေးရာမှာ ခွဲခြားသလို မင်္ဂလာဆောင်နိုင်တဲ့ အသက်ကိုလည်း သတ်မှတ်ထားကြတယ်။ အများအားဖြင့် ၁၈-၁၆ နှစ် ဖြစ်တယ်။ ယောက်ျားလေး-မိန်းကလေး မတူဘူး။ သတို့သမီးအသက်က ပိုငယ်လေ့ရှိတယ်။ ဆူဒန်မှာ အပျိုဘော်ဝင်ရင် ရပြီတဲ့။ မဒါဂါးစကား၊ တန်ဇန်နီးယား၊ တူနီးရှား၊ ဗင်နီဇွဲလား၊ ပါရာဂွေး၊ မိန်းကလေး ၁၄ နှစ်၊ အပျိုဖြစ်တဲ့ အရွယ်ပါဘဲ။ ဘရူနိုင်းနဲ့ ကူဝိတ်မှာ ကန့်သတ်ချက်မရှိလို့ အပျိုမဖြစ်သေးလဲ ရပုံကြတယ်။ အယ်လ်ဂျီးရီးယား၊ အင်ဒိုနီးရှား၊ စင်္ကာပူ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယမှာ ၂၁-၁၈ နှစ်။ တရုပ်မှာတော့ ၂၂-၂၀ နှစ်ရှိမှ လက်ထပ်လို့ရတယ်။ အသက် ငယ်ငယ်နဲ့ အိမ်ထောင်ပြုပေးတဲ့ ထုံးစံဟာ ရှေးကျပါတယ်။ ဗုဒ္ဓလက်ထက် ရှင်သာရိပုတ္တရာရဲ့ညီ အငယ်ဆုံး (ရေ၀တ) ကို ၇ နှစ်သားမှာ မိဘတွေက မင်္ဂလာဆောင်ပေးခဲ့ကြတယ်။

၂၁ ရာစုထဲရောက်ပေမဲ့ အီရန် မှာ ယောက်ျားလေး ၁၄ နှစ်၊ မိန်းကလေး ၉ နှစ်၊ လင်မယားဖြစ်လို့ရတယ်။ ကျွန်တော်တို့ လူမျိုးတွေအတွက်တော့ ဆေးပညာအရ ငယ်လွန်းတယ်။ တလောက ဆေးခန်းမှာ ကလေးလာမွေးတဲ့ မိန်းကလေးကို အသက်မေးတော့ တိတိကျကျ ပြောပါတယ်။ ၁၅ နှစ်နဲ့ ၁၀ လ။ ဆရာဝန်က အားနာလို့ သူ့စာအုပ်မှာ ၁၆ နှစ် လုပ်လိုက်ရတယ်။ အကောင်းတော့ မွေးပါရဲ့ ကလေးက လသားနဲ့ ဆုံးသွားရှာတယ်။ (ယူနီဆက်ဖ်) ရဲ့ ၁၈ နှစ်မပြည့်ဘဲ လက်ထပ်ထိမ်းမြားသူ အမျိုးသမီးဦးရေ သန်း ၆၀၀ ကျော်ထဲမှာ ဒီကလေးမ ပါချင်မှပါမယ်။ ဒုက္ခသည်မို့ ဟိုမှာလည်း စာရင်းပျောက်၊ ဒီမှာလည်း စာရင်းမပေါက်။

ပင်စင်ပေးတဲ့ အသက်ကိုလည်း သတ်မှတ်ကြတာ နိုင်ငံတိုင်းမှာပါ။ ဒါပေမဲ့ ပင်စင်ယူရမဲ့ အသက်၊ ပင်စင်ခံစားခွင့်၊ (ပင်စင်-ဖန်းဒ်)၊ စသဖြင့် ပင်စင်ယူရမဲ့လူတွေ မနစ်နာရအောင်၊ ပိုကောင်းအောင် ကြိုးပမ်းမှုတွေသာ ရှိပြီး၊ ပင်စင်သွားရမှာကို မသွားဘဲ ပေကပ်နေတာမျိုးကိုတော့ (၀ီကီ-ပီးဒီးယား) (၀ီကီ-မြန်မာ) တွေမှာ ရှာလို့မရဘူး။ ဆရာဝန်ကိုလည်း အသက်ကျော် နေ-မနေ လာမမေးပါ။

အသက် သတ်မှတ်ချက်ကြောင့် စာမေးပွဲ ၀င်မဖြေရတဲ့ ပြဿနာလေးက အသေးအဖွဲပါ။ အသက် ၁၆ နှစ်က ၁၈ နှစ် အကြားကို လူငယ်လို့ သတ်မှတ်တဲ့ တိုင်းပြည်တွေမှာ သူတို့လေးတွေကို လူကြီးတွေနည်းတူ တရားစီရင် ပြစ်ဒဏ် ပေးနေတာတွေကတော့ မျိုးဆက်ကို ဆိုးသထက်ဆိုးအောင် လုပ်ရာကျတယ်။ ကျန်းမာရေးအရဘဲ ပြောရရင်၊ (ဘီ)ပိုး ကာကွယ်ဆေးကို မွေးစကနေ အသက် ၁၈ နှစ် အောက်၊ သေချာပေါက် ထိုးပေးရပါတယ်။

ဥပဒေသုံးနဲ့ အရပ်သုံး ဝေါဟာရတွေ ရှိတယ်။ Age of majority ဆိုတာ လူလားမြောက်တဲ့ အရွယ်၊ လူကြီးပိုင်းဝင်တဲ့ အသက်ကို ခေါ်တယ်။ Age of license ဆိုတာကတော့ ဒါကိုလုပ်ခွင့်ရှိတယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of consent ဆိုတာကတော့ လိင်ဆက်ဆံတာမှာ စိတ်အလိုတူ-မတူ ပြောပြနိုင်တယ်လို့ သတ်မှတ်တဲ့ အသက်ဖြစ်တယ်။ Age of criminal responsibility ဆိုတာက ရာဇ၀တ်မှု ကျူးလွန်တာ လုပ်ပေမဲ့ အသက်ငယ်သေးလို့ အပြစ်ပေး အရေးယူဘို့ မသင့်သေးဘူးလို့ သတ်မှတ်သက်ဖြစ်တယ်။

Age of majority မှာ အသက် ၁၄ နှစ်ကနေ ၂၁ နှစ်အထိ ရှိတဲ့ ၁၄၈ နိုင်ငံစာရင်းကို ပြုစုထားတယ်။ ၁၈ နှစ် လို့ သတ်မှတ်တာတဲ့ ၁၁၆ နိုင်ငံက အများဆုံးဖြစ်တယ်။ မြန်မာပြည်က စာရင်းမပေါက်သေးဘူး။ တိုင်းပြည်က လူလား မမြောက်သေးလို့တော့ မဟုတ်ပါ။ ၁၈ နှစ်ဖြစ်နိုင်ပါတယ်။ ဖြစ်သင့်ပါတယ်။ ၁၈ နှစ်ပြည့်သူတွေကနေ ကျွန်တော်တို့ တိုင်းပြည် ရှေ့ရေးကို ပြဋ္ဌာန်းပါလိမ့်မယ်။ သူတို့ကို သင်ပေး၊ တင်ပေးကြရပါမယ်။

၁၈ နှစ် ပြည့်ပြီးလို့ လိုင်စင်ရှိပေမဲ့ လမ်းမှားဆိုတာသိရင် ကားမောင်းချင်ကြမည် မထင်။ “ခွဲစိတ်ဆရာဝန် ဆိုတာ ဘယ်လိုခွဲရမယ်ကိုသာ သိတဲ့သူမဟုတ်။ မခွဲဘဲနေသင့်တာကိုပါ သိတဲ့သူဖြစ်ပါတယ်။”

Dr. တင့်ဆွေ
၂၂-၅-၂၀၁၀

Read more...

Wednesday, May 19, 2010

Peptic ulcer လေနာ ဆိုတာ ဘုရင်မှာလည်း ဖြစ်သည်

၁၉၈၂ အရင် ဆရာဝန်ဖြစ်ကြသူတွေက လေနာဆိုတာ ရောဂါပိုးနဲ့ မဆိုင်ဘူးလို့ သင်ခဲ့ကြရတယ်။ စားချိန်-သောက်ချိန် မမှန်သူ၊ စိတ်ဖိစီးမှု များသူတွေမှာ ဖြစ်ကြရတယ်လို့ ဆိုခဲ့တယ်။ အလုပ်များတဲ့ ဆရာဝန်၊ ဆယ်တန်းဖြေမဲ့ ကျောင်းသား အဖြစ်များလို့လည်း Stress ulcer ခေါ်ခဲ့ကြပါတယ်။ အလုပ်မများတဲ့ ဆရာဝန်၊ (စထွက်စ်) မများတဲ့ ကျောင်းသား ကံကောင်းသလား မမေးနဲ့။ တကယ်တော့ ထင်သလောက် ကံမကောင်းပါ။ ၁၉၈၂ ရောက်တော့ သြစတေးလျ ဆရာဝန် နှစ်ယောက်ကနေ လေနာနဲ့ Helicobacter pylori (H. pylori) ပိုး ဆက်စပ်တာကို သိလာရလို့ပါ။

အနာမျိုး ၉၆ ပါးမှာ လေနာ ၃၂ ပါး၊ ပါတယ်လို့ မြန်မာဆေးကျမ်းက ဆိုပါတယ်။ ကုန်းဘောင်ခေတ်မှာ ၀န်ကြီးတပါး အလုပ်များလား မသိပါ၊ လေနာ စွဲနေလို့ "ပခန်းမှာ-လေ၊ လောင်းရှည်မှာ-ဓား၊ ခန်းပတ်မှာ-နား၊ ရေနံ တတိုင်ချင်းနှင့် လင်းပါ့မလား။" လို့ ဗန်းမော်ဆရာတော်က သရော်ခဲ့ဘူးတယ်။ ပြင်သစ်ဘုရင် ချားလ်စ် နံပါတ် ၉ မှာလည်း ရှိသတဲ့။ ဒါလဲ သရော်တာ မဟုတ်ပေမဲ့ St. Bartholomew’s Day Massacre လူသတ်ပွဲကြီးဟာ ကိုယ်တော်မြတ်မှာ လေနာထလို့ ဖြစ်ရသလိုလို ဆိုပါတယ်။

Peptic Ulcer (PU) လေနာမှာ Gastric ulcer (GU) အစာအိမ်နာ နဲ့ Duodenal (DU) (ဒူယိုဒီနယ်)နာ ဆိုပြီး၊ ၂ မျိုး ရှိတယ်။ (ဒူယိုဒီနမ်) ဆိုတာ အူသိမ်အစပိုင်း “င” ပုံနေရာလေးကို ခေါ်တာပါ။ DU ဟာ အသက် ၃ဝ က ၅ဝ နှစ် အတွင်း အဖြစ်များတယ်။ အမျိုးသမီးတွေ လေ(စကား) များချင် များမယ်၊ ကံ ပိုကောင်းကြတယ်။ ယောက်ျားတွေလောက် လေနာ မဖြစ်ဘူး။ GU ကြတော့ အသက် ၆ဝ ကျော်တွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များတယ်။ ဖြစ်ရင်လည်း ၄% က အစာအိမ်-ကင်ဆာ ဖြစ်တတ်တယ်။ ကံမကောင်းပြန်ဘူး။

DU ၉ဝ% လောက် နဲ့ GU ၈ဝ% တို့ဟာ (H. pylori) ခေါ်တဲ့ ဗက်တီးရီးယားကြောင့်နဲ့၊ ကျန်တာက (NSAIDs) ခေါ်တဲ့ အကိုက်အခဲ ပျောက်ဆေးတွေကြောင့် ဖြစ်တာပါ။ ဆေးလိပ်စွဲ၊ အရက်စွဲ၊ ကော်ဖီ-လက်ဘက်ရည် စွဲသူတွေမှာ ပိုဖြစ်တယ်။ မျိုးနဲ့ရိုးနဲ့ ဆိုသလို အမေ-အဖေ ဖြစ်ရင် သား-သမီးမှာလည်း ဖြစ်တာတွေ ရှိတယ်။ အရင်က လက်ညှိုးထိုးခဲ့ကြတဲ့ အပူအစပ်နဲ့ စိတ်ရှုတ်တာတွေကတော့ လေနာရှိနေရင် ပိုဆိုးစေတယ်လို့သာ လက်ခံကြတော့တယ်။

စားနေကျ အချိန်ကျရင် အစာအိမ်က အစာခြေအရည် ထွက်လာတာက အကျင့်ဖြစ်လာတယ်။ ထမင်း မကျက်သေးလို့ ဖြစ်ဖြစ်၊ မအားလို့ဖြစ်ဖြစ်၊ ပိုက်ဆံမရှိလို့ဖြစ်ဖြစ် အချိန်ရောက်ရင် အက်စစ်ဓါတ်က အလိုက်မသိ ထွက်လာပြီး၊ ၀မ်းထဲမှာ တဂျုတ်ဂျုတ် မြည်လာတယ်။ ဘုန်းကြီးကျောင်းက ဆွမ်းစားတုံးခေါက်သံ ကြားတာနဲ့ ခွေးတွေ၊ ကျီးကန်းတွေ အူကြ၊ အာကြတယ်။ ဒီအကောင်တွေ ဗိုက်ထဲမှာလည်း အစာခြေရည်တွေ ထွက်လာတာကိုး။

PU ရဲ့လက္ခဏာတွေကတော့ သိတဲ့အတိုင်း ဗိုက်နာမယ်၊ လေတက်မယ်၊ အစာမကျေဖြစ်မယ်၊ ပျို့-အန်မယ်။ ကြာရင် အစားပျက်တော့ အလေးချိန်လျှော့၊ အားပြော့တာတွေ ဆက်လိုက်လာမယ်။ နာပုံနာနည်းက ပူပြီးနာတာ၊ အောင့်တာ၊ စူးနာတာ အမျိုးမျိုး ဖြစ်တယ်။ နှလုံးနဲ့ ဘာမှမဆိုင်ဘဲ၊ Heartburn လို့ခေါ်တာက အစာမြိုပြွန်ထဲကို အက်စစ်ရည်တွေ ဆန်တက်လို့ နာတာကို ခေါ်တယ်။ Gastro-esophageal Reflux Disease (GERD) ဆိုပြီး ရောဂါနာမည်သစ် ထွင်လိုက်ကြတယ်။ GU က အစာစားရင် နာတတ်ပြီး၊ DU က စားလိုက်ရင် သက်သာလို့ “ဆာနာ” လို့ ခေါ်တယ်။

ရက်တိုနဲ့ နာတာရှည် နှစ်မျိုးရှိတယ်။ ကြာတော့ အနာက ကျယ်လာပြီး၊ သူ့အနီးအနားတွေကိုပါ နယ်ချဲ့နိုင်သေးတယ်။ နောက်ဆက်တွဲ ရောဂါတွေက အတော်ဆိုးတာတွေပါ။ အစာလမ်းကြောင်းကနေ သွေးယိုတာ၊ အနာဖြစ်နေတဲ့ အစာအိမ်-(ဒူယိုဒီနမ်) ပေါက်တာ၊ အောက်ဆင်းလမ်း ကျဉ်းသွားလို့ စားပြီး အန်နေတော့တာ။ “တာ” သုံးတာဟာ အရေးပေါ်တွေပါ။ အစာအိမ်ပေါက်လို့ နာတာက စူးရှပြီး နာတာမျိုး။ ဗိုက် မနေနိုင်-မထိုင်နိုင် တအားနာပြီး၊ ဆေးရုံကို အပြေးအလွှား လာရတယ်။ အချိန်မတော်က များတယ်။ ရိုးရိုး ဓါတ်မှန် ရိုက်တာနဲ့ အစာအိမ်ပေါက်တာကို အသေအခြာ သိနိုင်တယ်။ “အသဲ” ပေါ်မှာ “လခြမ်းကွေးကွေးလေး” ကို မြင်ရတယ်။ စိတ်ကူးယဉ်စရာ မကောင်းပါလား။ မကောင်းပါ၊ ခွဲတာစိတ်တာ ခံရရှာပါတော့မည်။

သွေးအန်တာကို (Hematemesis) ခေါ်တယ်။ TB ဖြစ်လို့ ချောင်းဆိုးသွေးပါ (Hemoptysis) နဲ့ မတူဘူး။ ကော်ဖီနှစ်လို ညိုမဲမဲ အရည်တွေ အန်တာ။ အန်မထွက်ဘဲ အောက်ဆင်းရင် သွေးက၀မ်းထဲပါမယ်။ အချိန်ကြာတာမို့ ၀မ်းက မဲနက်နေမယ်။ (Melaena) လို့ ခေါ်တယ်။ ကတ္တရာစေးလိုနေတာ။ အစာအိမ်က သွေးယိုတာ မဟုတ်တာလည်း အဲလိုဘဲ ဖြစ်နိုင်တယ်။ အသဲခြောက်ရောဂါရှိသူ၊ အစာမြိုပြွန် အောက်အဖျားက သွေးပြန်ကြောအထုံးတွေ ပေါက်လို့ဖြစ်နိုင်တယ်။ မျက်စိနဲ့ မမြင်သာပေမဲ့ ၀မ်းထဲမှာ သွေးနည်းနည်းချင်း ပါနေတာကို အနုကြည့် မှန်ဘီလူးနဲ့စစ်မှ သိရမယ်။

လေနာရှိနေတာကို Barium meal ဆေးမြိုပြီး၊ ဓါတ်မှန်ရိုက်တာနဲ့ Endoscopy ကရိယာထည့်ကြည့်တာနဲ့ သေခြာအောင် စစ်ရတယ်။ မီးတောင်ကို အပေါ်က ကြည့်ရသလို၊ အလည်မှာ အနာနေရာက ခွက်နေ၊ အနားဇောက်က အောက်ကို တည့်တည့်ကျနေပြီး၊ ဘေးမှာ ချော်ရည် ဆင်းတဲ့လမ်းတွေလို ဖြာထွက်နေတယ်။

လေနာကို ကုဘို့ ဘာ့ကြောင့်ဖြစ်သလဲဆိုတာ သိရမယ်။ ရှောင်ရမယ်။ အဖြစ်များလို့ ဆရာလည်း များတယ်။ ဆေးပေးကုတဲ့ Medications လည်း မနည်းဘူး။ ပိုးကိုနိုင်တဲ့ဆေးနဲ့ အစာခြေရည်ကို သက်ရောက်တဲ့ဆေး၊ နှစ်မျိုးက မပါမဖြစ် ပေးပါတယ်။ ပိုးအတွက် Antibiotics ပဋိဇီဝဆေး၊ Amoxacillin, Tetracycline, Claithromycin, Metronidazole တွေကို သုံးတယ်။

Antacids အက်စစ်ဓါတ်ပျယ်ဆေးတွေ အများကြီးရှိတယ်။ ဗမာပြည်မှာ (ဂျဲလ်မက်)၊ ကုလားပြည်မှာ (ဒိုင်ဂျင်း) လူအတော် များများ ၀ါးစာနေကြ။ အခုထုတ်သေးလားတော့ မသိဘူး။ (ဆိုဒါမင့်) ဆိုတဲ့ဆေးပြား အလည်မှာ ချိုင့်ခွက်လေးနဲ့မို့၊ “ချက်ပုံပါတဲ့ဆေး” လို့ အရပ်ထဲမှာ ခေါ်ကြတယ်။ စာအုပ်ကြီးတော့ ဆန်နေမှာဘဲ။ ဆေးသောက်ပုံ-သောက်နည်းကိုပါ ထည့်ရေးပါရစေ။

Aluminium Hydroxide and Oxide, Magnesium Trisilicate 250-1500 mg တနေ့ ၃ ကြိမ်၊ Magnesium Carbonate, Magnesium Oxides, Magnesium hydroxide 200-400 mg တနေ့ ၃ ကြိမ်၊ Calcium Carbonate 1250-1500 mg တနေ့ ၃ ကြိမ်။

အက်စစ် အထွက်နည်းဆေး Atropine Sulphate 0.5-1.0 mg IM ထိုးဆေး၊ Proton pump inhibitors (Omeprazole, Rabeprazole) 20-40 mg တနေ့ ၁ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ Histamine H 2-receptor Antagonists (Ranitidine) 150 mg တနေ့ ၂-၃-၄ ကြိမ်။

DU ဆိုရင် Cimetidine 800 mg အိပ်ရာဝင်၊ 300-400 mg အစာစားပြီးတိုင်း တနေ့ ၂-၃-၄ ကြိမ်၊ ၁ လ၊ ၁ လခွဲ သောက်ပါ။ သက်သာလာရင် ည 400 mg သောက်ပါ။ လတ်တလော အစာအိမ်နာဆိုရင် 800 mg အိပ်ရာဝင်၊ ဒါမှမဟုတ် 300 mg အစာစားပြီးတိုင်း၊ ၂ လသောက်ပါ။ အစာခြေရည်တွေ အထက်ဆန်တာဖြစ်ရင် 400-800 mg တနေ့ ၂-၃ ကြိမ်၊ ၁ လခွဲ သောက်ပါ။ Heartburn နဲ့ အစာမကျေဖြစ်ရင် 200 mg တနေ့ ၁-၂ ကြိမ်၊ အစာမစားခင် နာရီဝက်ကြို သောက်ပါ။

Mucosal protective agents ဆိုတာကတော့ အစာလမ်း အတွင်းလွှာကို ကာကွယ်ဘို့ဆေးပါ။ အန်တဲ့သူတွေအတွက် Metoclopramide 10-15 mg စားဆေး တနေ့ ၃-၄ ကြိမ်ပေးရတယ်။

ဗိုက် တအားနာရင် Buscopan, Hyoscine 10-20 mg IV/IM ထိုးဆေး။ စားဆေး တနေ့ ၃-၄ ကြိမ်။ Diclofenac 25-75 mg စားဆေး တနေ့ ၂ ကြိမ်၊ Spasmocip, Spasmonil, Spasmo-Proxyvon စားဆေး တနေ့ ၂-၃-၄ ကြိမ်။ လိုအပ်ရင် ခွဲစိတ်ကုသတာ လုပ်ရတတ်တယ်။ Laparoscopic surgery, Vagotomy, Antrectomy, Pyloroplasty နောက်ပြီး G-J ခေါ်တဲ့ အစာအိမ်နဲ့ အူကို ဆက်ပေးတဲ့နည်းက စိတ်ဝင်စားဘို့ ကောင်းတယ်။

Lifestyle ဆိုတဲ့ လူနေမှုပုံစံပါ ပြောင်းဘို့ လိုနိုင်တယ်။ အပူအစပ် ရှောင်၊ ကော်ဖီ လျော့၊ ဆေးလိပ်-အရက် ဖြတ်ပါ။ စိတ်ဖိအားများတဲ့ အလုပ်ကနေ ပြောင်းလို့ရရင် ပြောင်းပါ။ တနေ့ နာရီဝက် လေ့ကျင့်ခန်း လုပ်ပါ။ (မယ်ဒီတေးရှင်း) လုပ်တာ ကောင်းတယ်။ “လေနာ ရောဂါရှိရင် စတုမဓူ၊ သကြား၊ ထန်းလျက်၊ ဆေး၊ စားတာဟာ ဥပုသ်စောင့်ပေမဲ့ သီလမပျက်ဘူး။” လို့ သတ်မှတ်ပါတယ်။

(ကာဗွန်ဒိုင်အောက်ဆိုက်) ကို ဖိအားနဲ့ထည့်ထားတဲ့ Carbonated beverage ခေါ်တဲ့ ဘီယာ၊ ဆိုဒါ၊ (စပရင်း-၀ါးတား)၊ ကိုကာကိုလာ၊ စပရိုက်၊ (အင်နာဂျီ-ဒရင့်ခ်) တွေက လေနာအတွက် မကောင်းပါ။ Sodium bicarbonate (Baking powder) ဆော်ဒါမှုံ့ သောက်ရင် ချက်ချင်းလို သက်သာပေမဲ့ ကြာရင် အစာအိမ် ပေါက်စေနိုင်တယ်။

ဘာဆေးမှ မရှိတုံး နာလာရင် ရေ တခွက်-နှစ်ခွက် သောက်လိုက်ပါ။ နွားနို့ သောက်ပါ။ သွားလေရာ ဆေးယူသွားပါ။ ဆာရင်စားဘို့ စားစရာတခုခု ယူသွားပါ။ ကျော်တဲ့အစားတွေ ရှောင်ပါ။ အစေ့အဆံတွေ၊ တိုဖူး၊ ပဲပုတ်၊ ပဲအမျိုးမျိုး၊ ပင်လယ်ထွက် အသီးအနှံတွေ၊ ဟင်းနုနွယ်ရွက်တွေ တည့်ပါတယ်။ အသားမှာ red meats ကိုလျော့ပြီး၊ lean meats, cold-water fish ပိုစားပါ။ ပြုပြင်ထားတဲ့ဆီ trans-fat လေနာနဲ့ မတည့်ပါ။

အစာကို နည်းနည်းချင်း ခဏခဏစားပါ။ စားနေကျ အစားအစာတွေသာ စားတာ ကောင်းတယ်။ အစာလမ်းက သူချက်လုပ်ပေးနေကြဟာကို ပိုကြွမ်းကျင်ပါတယ်။ အီတာလျန်-ပီဇာ၊ ဘာဂါ-ယန်းကီး၊ ဆူရှီး-ဂျပန်၊ ကုလားမှန်-ရိုတီး၊ ထမင်းချည်းစားတာ ဗမာ၊ တရုပ်ဟာ ခေါက်ဆွဲ။ ဘာဘဲဖြစ်ဖြစ် စားနေကြဘဲ ကောင်းတယ်။

အရပ်သုံး ဆေးနည်းမှာ Basil leaves ပင်စိမ်းရွက်ကို စားခိုင်းတယ်။ ဂျင်း (ချင်း)စိမ်းသည် လေနာ၊ ၀မ်းဗိုက်-ရင်ခေါင်းနာ တို့ကိုနိုင်၏လို့ ဆိုတယ်။ တိုင်းရင်းဆေး တခုက Vitamin C ဟာ လေနာနဲ့ မတည့်ဘူးရေးတာ ဖတ်ရတယ်။ မဟုတ်ပါ။ ဗီတာမင်စီ 500 mg တနေ့ ၂ ကြိမ် သောက်ရင်၊ သွေးယိုတာအတွက်ပါ အကျိုးရှိတယ်။ ချယ်ရီသီး၊ ဘလူးဘယ်ရီသီးလိုဘဲ ခရမ်းချဉ်သီးကလည်း အဆိပ်အတောက် ပြေစေပါတယ်။ ဒါပေမဲ့ ရှေးဗမာဆေးနည်းက တမျိုးဆိုတယ်။

စကားအရာမှာ နာမည်တလုံးနဲ့ ရှိခဲ့တဲ့ “စကားတောင်စား အမတ်” ဟာ ဘုရင်က ခရမ်းချဉ်သီး စားကောင်းတယ် ဆိုတော့ အလိုက်သင့် လျှောက်လိုက်တယ်။ မကြာခင် ဘုရင်မှာ ခရမ်းချဉ်သီးကြောင့် လေနာထတော့ "မှန်လှပါ အရှင်မင်းမြတ်ရဲ့ “ကျွန်” မို့ အရှင့် အလိုကို လိုက်ပြီး၊ တင်ရကြောင်းပါဘုရား။" လို့ လျှောက်ပြန်တယ်။

ရောဂါဘယများသည် တချို့လူတွေထက် သတ္တိကောင်းကြသည်။ အုပ်ချုပ်သူတွေအလို မလိုက်ပါ။ “ကျွန်” မဟုတ်သော လူများသည် သတ္တိ-ဗျတ္တိ ကောင်းကြသည်။ ဘုရင်ဆိုးများ ဗိုက်နာရင် ဆုမွန်ကောင်း တောင်းပေးကြမည် မဟုတ်ပါ။

Dr. တင့်ဆွေ
၁၉-၅-၂၀၁၀

အစာမကျဖြစ်ခြင်း Indigestion နဲ့ ရင်ပူလောင်ခြင်း heartburn အတွက် လူသန်းပေါင်းများစွာ မှီဝဲသုံးစွဲနေကြ တဲ့ Proton pump inhibitors တွေဖြစ်ကြတဲ့ Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Pantoprazole (Protonix), Esomeprazole (Nexium), and Zegarid ဆေးတွေကြောင့် Osteoporosis အရိုးရောဂါ ဖြစ်စေတယ်လို့ ၃၀-၅-၂၀၁၀ နေ့က လန်ဒန်မှာ သုတေသနစာတမ်းတခု ထုတ်ပြန်လိုက်တယ်။

Osteoporosis ဆိုတာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်။ အမျိုးသား ၁၂ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့ အသက်ကြီးရင် အရိုးကျိုးလွယ်တတ်တဲ့ ရောဂါဖြစ်တယ်။ National Institute for Health and Clinical Excellence က ဒီဆေးမျိုးဟာ ထိရောက်တာ မှန်ပေမဲ့ သိပ်ကြာကြာ (၂ လက်ထက် ပိုကြာအောင်) မသုံးသင့်ဘူးလို့ အကြံပြုလိုက်ပါတယ်။

၃၀-၅-၂၀၁၀

Comments
AungNN said...
ဆရာခင်ဗျား၊ အစာအိမ်မကောင်းတာကြာပါပြီ၊ Barium meal X'ray ရိုက်ဘူးတယ်၊ H pylori အတွက် endoscopy & biopsy လုပ်ပြီး H Pylori ရှိတယ်ဆိုလို့ ဆေးစားပြီး စစ်တော့ ကောင်းသွားပြီဆိုလို့ အစားလဲ သိတ်မရှောင်ရတော့၊ ဒါပေမဲ့တလလောက်မှာဒိုင်းကနဲ ပြန်ဖြစ်တာ-လေပြန်ထဒါ၊ တဖြေးဖြေးနဲ့ပိုပိုဆိုးလာတာ-အခု - ကော်ဖီ၊ လဖက်ရည်၊ ငရုပ်သီး၊ မဆလာ၊ ခရမ်းချင်သီး၊ လိမ်မော်သီး စားလို့မရ၊ သောက်လို့မရပါ၊ anti acid တွေသောက်နေရ၊ အခု့ nexium တနေ့တလုံးသောက်၊ ဒီကြားတဲလိုရင်လိုသလို anti acid လဲသောက်ရပါတယ်။ နောက်ပိုင်းမှာ ရင်ညွန့်အောင့်လို့ gas pressure လာလာဆေင့်တဲ့သဘောပါ။ နောက်လေ့လာကြည့်တာ anti acid ထဲက calcium ကြောင့်မသင်ကာတာနဲ့ anti acid တတ်နိုင်သလောက်မစားဘဲနေတော့ အောင့်တာ gas pressure ဖြစ်စင်နဲသွားပါတယ်။ အခု Nsaid တွေ သောက်နေရလို့ anti acid နဲ့ Buffer လုပ်ပြီးသောက်နေရပါတယ်။

ကော်ဖီပြန်သောက်နိုင်အောင်ဘာဆက်လုပ်သင့်ပါသလဲ၊ အကြံပေးပါရန် - ကျေးဇူးတင်ပါတယ်ခင်ဗျား။
May 23, 2010 9:50 AM

Dr. Tint Swe said...
အစာမကျဖြစ်ခြင်း Indigestion နဲ့ ရင်ပူလောင်ခြင်း heartburn အတွက် လူသန်းပေါင်းများစွာ မှီဝဲသုံးစွဲနေကြ တဲ့ Proton pump inhibitors တွေဖြစ်ကြတဲ့ Omeprazole (Prilosec), Lansoprazole (Prevacid), Rabeprazole (Aciphex), Pantoprazole (Protonix), Esomeprazole (Nexium), and Zegarid ဆေးတွေကြောင့် Osteoporosis အရိုးရောဂါ ဖြစ်စေတယ်လို့ ၃၀-၅-၂၀၁၀ နေ့က လန်ဒန်မှာ သုတေသနစာတမ်းတခု ထုတ်ပြန်လိုက်တယ်။

Osteoporosis ဆိုတာ အမျိုးသမီး ၃ ယောက်မှာ ၁ ယောက်။ အမျိုးသား ၁၂ ယောက်မှာ ၁ ယောက်ဖြစ်နေတဲ့ အသက်ကြီးရင် အရိုးကျိုးလွယ်တတ်တဲ့ ရောဂါဖြစ်တယ်။ National Institute for Health and Clinical Excellence က ဒီဆေးမျိုးဟာ ထိရောက်တာ မှန်ပေမဲ့ သိပ်ကြာကြာ (၂ လက်ထက် ပိုကြာအောင်) မသုံးသင့်ဘူးလို့ အကြံပြုလိုက်ပါတယ်။

DTS
30-5-2010
May 30, 2010 4:19 PM

Read more...

Friday, May 14, 2010

Sweating (Perspiration) ချွေးထွက်ခြင်း

ချွေးထွက်တဲ့အိတ် (Sweat glands) ရှိတဲ့အကောင်တိုင်းကနေ ရေနဲ့ဓါတ်ဆားတွေကို အရေပြားကနေ ထုတ်ပေးနိုင်တယ်။ Transpiration, Diaphoresis လို့လဲ ဆေးစကားမှာ သုံးတယ်။ လူတွေမှာ ချွေးထွက်ပေးပြီး ကိုယ်ရဲ့အပူချိန်ကို ထိန်းညှိတာပါ။ ချွေးထွက်ရင် အေးသွားစေတယ်။

ဒါတင်မကဘဲ ယောက်ျားတွေ ထွက်တဲ့ချွေးဟာ ဆန့်ကျင်ဘက်လိင်ကို ဆွဲဆောင်မှု သဘောဆောင်တဲ့ pheromone ကိုပါ ထုတ်တယ်လို့ ယုံကြည်ကြတယ်။ ဒီအစွမ်းဟာ သေးငယ်တဲ့ အကောင်လေးတွေမှာ သိသိသာသာရှိတာမျိုးဖြစ်တယ်။

ချွေးထွက်တာက အိုက်မှသာ မဟုတ်ပါ။ ပျို့လာတဲ့အခါ၊ ဂဏာမငြိမ်ဖြစ်တဲ့အခါတွေမှာလဲ ထွက်တယ်။ ချွေးထွက်နည်းတဲ့ အကောင်ထဲ ခွေးလည်းပါတယ်။ မြင်းကတော့ လူလိုဘဲ ဂျိုင်းက ချွေးထွက်တယ်။ ချွေးထွက်များတာကို Hyperhidrosis လို့ခေါ်တယ်။ ချွေးထွက်စေအောင်လုပ်ပေးတာက အရေပြားပေါ်မှာရှိတဲ့ အပူချိန်ကိုသိတဲ့ အာရုံခံနဲ့ ဦးနှောက်ထဲက Hypothalamus နေရာတွေက ဖြစ်တယ်။ စိတ်လှုတ်ရှားမှုကြောင့်ထွက်တဲ့ချွေးက လက်ဖ၀ါး၊ ခြေဖ၀ါး၊ နဖူးတွေကသာ ထွက်တတ်ပြီး၊ ကိုယ်လက်လှုတ်ရှားလို့ ထွက်တာက တကိုယ်လုံးက နေထွက်တယ်။

ချွေးထဲဘာတွေပါတယ်ဆိုတာ တယောက်နဲ့တယောက်မတူဘူး။ ရေ၊ Lactate နဲ့ Urea ဆိုဒီယံ၊ ပိုတက်ဆီယံ၊ ကယ်လ်စီယံ၊ မက်ဂနီဆီယံ၊ စတာတွေပါတယ်။ တနေ့တနေ့ ချွေးကနေ ရေ ကုန်သွားတာဟာ (၁၀၀) ကနေ (၈၀၀၀) မီလီလီတာအထိရှိတယ်။ ဓါတ်ဆားကလည်း ၃၅၀ (မီလီမိုးလ်)၊ ဆိုဒီယံ ၃၀-၆၅ (မီလီမိုးလ်) စတာတွေ ထွက်စေတယ်။

ချွေးထွက်လွန်တာကို Hyperhidrosis ခေါ်တယ်။ လွန်တယ်ဆိုတာကလည်း တကိုယ်လုံးနဲ့ လက်၊ ခြေ၊ ဂျိုင်း၊ ပေါင်ခြံ၊ နေရာတခုခုဆိုပြီး မတူဘူး။ မွေးရာပါနဲ့ နောက်မှဖြစ်တာ ၂ မျိုးရှိတယ်။ မွေးရာပါတွေက ငယ်ကတည်းကဖြစ်တယ်။ ကြီးမှဖြစ်သူတွေဆိုရင် Thyroid လည်ပင်းအကြိတ်၊ Pituitary ဦးနှောက်အကြိတ်၊ ဆီးချို၊ Tumors ကင်ဆာ၊ Gout ဂေါက်ရောဂါ၊ သွေးဆုံးတာ၊ မာကြူရီအဆိပ်သင့်တာ နဲ့ ဆေးဝါးတွေကြောင့်ဖြစ်နိုင်တယ်။

ရောဂါမရှိဘဲ ချွေးထွက်များသူတွေမှာ စိတ်လှုတ်ရှားမှု၊ အစားအသောက်၊ အနံ့အသက်တွေကလည်းဖြစ်စေတယ်။ Aluminium chloride ဆေးကို ဂျိုင်းချွေးထွက်များသူတွေကိုပေးတယ်။ ၃-၅ ရက်ပေးပြီး သက်သာတာကို ကြည့်ဘို့ လိုတယ်။ ချွေးထွက်တဲ့အိတ်တွေကို Botulinum toxin A ထိုးဆေးပေးရင် ၄-၉ လခံတယ်။ စားဆေးထဲမှာ Oxybutynin (Ditropan) ဆိုတဲ့ ဆီးမထိန်းနိုင်သူတွေကိုပေးတဲ့ဆေး။ Glycopyrrolate (Robinul), Propantheline bromide (Probanthine), Benzatropine (Cogentin) ဆေးတွေလည်းပေးနိုင်တယ်။ စိတ်လှုတ်ရှားမှုကြောင့် ဆိုရင် Antidepressants နဲ့ Anxiolytics ဆေးတွေပေးရတယ်။ ခွဲစိတ်ကုသနည်းမှာ (ETS) နည်းနဲ့ အာရုံကြောတမျိုးကို ဖြတ်ပေးရတာပါ။

Read more...

Wednesday, May 12, 2010

Lungs and Kidneys အထူ နဲ့ အပါး

“တရွာသားကို ရည်းစားလုပ်တော့ လွမ်းရတတ်သည်။ ပ၀ါပါးကို ကြက်သားထုပ်တော့ စွန်းတတ်သည်။” အထဲကဟာ လူမြင်စေချင်လျင် အင်္ကျီပါးဝတ်ကြသည်။ အခုခေတ်မှာ အပါးပင်လျင် မ၀တ်ချင်ကြတော့ပါ။ စက္ကူပါးပါး၊ အ၀တ်ပါးပါး၊ ပါးသောအရာများသည် ပေါက်ပြဲလွယ်သည်။ လုံအောင် မဖုံးနိုင်ပါ။

ဒါပေမဲ့ ကိုယ်ဝန်ရေမြွာအိတ်ဟာ မထူပေမဲ့ သန္ဓေသားကို လုံအောင်ဖုံးပြီး၊ ကောင်းကောင်း ကာကွယ်နိုင်တယ်။ ပါးတယ် ဆိုတိုင်း အားနည်းချက် မဟုတ်သလို၊ ထူတိုင်းလဲ အားသာချက် ဟုတ်ချင်မှ ဟုတ်မည်။ “သိပ်ထူတဲ့ကောင်” ဆိုတာ နှိမ်ပြောခံရတာပါ။ တံတိုင်းထူကြီးတွေ၊ နံရံမြင့်ကြီးတွေဆောက်တဲ့ အလေ့က ရှေးကျသွားပါပြီ။

လူတွေလုပ်တဲ့ နံရံတွေဟာ လုံအောင်သာ လုပ်ပေးတယ်။ ဒါတောင် ကိုယ့်ကိုယ်ကို (ဗွီအိုင်ပီ) လုပ်သူတွေဟာ တံတိုင်းပေါ်မှာ ပုလင်းကွဲတွေပါ စိုက်ထားရသေးတာ။ (ဆူပါ-ဗွီအိုင်ပီ) နေရာတွေကြ ပုလင်းကွဲနဲ့ မရလို့၊ ဓါတ်ကြိုးတွေ တပ်ထားရသေးတယ်။ လျှပ်စစ်ဝိုင်ယာ ၀င်းထရံ Electric fences ဟာ (မာ့ခ်တွိန်း) ရေးခဲ့တဲ့ “အာသာဘုရင်ကြီး ရှေ့မှောက် ရောက်ရသော ယန်းကီး တယောက်” ၀တ္တုထဲမှာ ပါခဲ့တာမို့ နှစ် ၁၀၀ ကျော်သွားပြီ။

လူမှာတော့ အဖုံးအကာတွေက လုံခြုံအောင် ဖုံးအုပ်ပေးတဲ့ပြင်၊ သဏ္ဌာန်ပေါ်အောင်လဲ ဖေါ်ဆောင်ပေးတယ်။ လိုအပ်ရင် သင့်တာတွေ ၀င်-ထွက်စေအာင်ဆိုတဲ့ ရှုတ်ထွေးတဲ့ တာဝန်ကိုပါ လုပ်နိုင်သေးတယ်။ မွေးကတည်းကနေ သေတဲ့အထိ ရှူလိုက်တဲ့လေကို သန့်သွားအောင်လုပ်ပေးတဲ့ အလုပ်ကို အဆုပ်ထဲက အင်မတန် ပါးလွှာပြီး၊ Alveoli ခေါ်တဲ့ လေအိပ်လေးပေါင်း သန်း ၃၀၀ ကနေ လုပ်ပေးတယ်။ Gas exchange “လေလဲလှယ်ရေးဌာန” ပေါ့။ နှစ်လမ်းသွား တာဝန်ယူပါတယ်။ ဒါပေမဲ့ ဘယ်လောက် ပါးသလဲဆိုရင် (မိုက်ခရောင်) ၂၀၀-၃၀၀ သာ အထူရှိတယ်။ (မိုက်ခရောင်) ဆိုတာ ၁ မီတာရဲ့ ၁ သန်းပုံ ၁ ပုံ ပြောတာ။ စကားမှာ “အတော်ပါးတဲ့ကောင်” ဆိုတာ အကင်းပါးတာကို ခေါ်တာမို့ ချီးကျူးရာ ကျတယ်။

လူ့ခန္ဓာကိုယ်မှာ အဖုံးအကာတွေ နေရာတကာ ရှိတယ်။ လက်ဖမိုးမှာက အရေပါး၊ လက်ဖ၀ါးမှာ အရေထူ။ နုတ်ခမ်း၊ မျက်ခမ်း၊ မွေးလမ်း တို့မှာ နိုင်လွန်စလို ပါးပြီး၊ ပိုးလို ချောတဲ့ အဖုံးလွှာရှိတယ်။ လူမှာ အထူဆုံး၊ ခေါင်းကိုဖုံးတဲ့ ဦးရေခွံဟာ ငါးထပ်ရှိတာ။ ဘောလုံးသမားတွေကြ ထူယုံမကဘူး၊ မာသေးတယ်။ အရေပြားရဲ့ နောက်အလုပ်တခုက ကိုယ်ထဲက ရေနဲ့ဆားကို စွန့်ထုတ်ပေးတယ်။ နဖူးကချွေး ပါးစပ်ထဲကျအောင် အလုပ်လုပ်ရသူများက ငံတာသိကြတယ်။ ထမင်းချက်ရင် မျက်စိထဲ ချွေးဝင်တဲ့ အိမ်ရှင်မတွေ ငရုပ်သီးမကိုင်ဘဲ စပ်ကြရတယ်။ (လီယို-တော်လ်စထွိုင်) ၀တ္ထုတွေကို ဆယ်တန်း ပြဌာန်းစာအုပ် လုပ်ဖူးတယ်။ တပုဒ်မှာ “လက်မှာ အသားမာ မရှိရင်၊ ထမင်းမကြွေးဘူး” တဲ့။ အသားမာတွေ ရှိနေအောင် အလုပ်လုပ်တာတောင်မှ ထမင်းဝအောင် မစားရတာကိုတော့ အခုခေတ် စာရေးဆရာတွေက (ဆင်ဆာ လွတ်ရင်) ရေးကြစေချင်တယ်။

နောက် ပါးလွလွလေး တခုကတော့ ကျောက်ကပ်ထဲက Bowman's capsule ဖြစ်တယ်။ လူ့ကျောက်ကပ်ဟာ ရေစစ်နဲ့ တူတယ်။ အ၀တ်စ ဖြူဖြူလေးကို နခမ်းမှာ သွပ်ကြိုးဝိုင်းလေး ထည့်ချုပ်ပြီး၊ အောက်မှာ ချွန်နေအောင် ဆက်ချုပ်တားတာ။ အပေါ်ကနေ ရေလောင်းထည့်ရင် အနယ်-အမှုံတွေကို အောက်မကျအောင် စစ်ပေးမယ်။ ပရိက္ခရာ (၈)ပါးထဲမှာလဲ “ပရိသာဝန” ဆိုတာ ရေစစ်ပါ။ ရေစစ်နဲ့ စစ်တာချင်း တူပေမဲ့ ကျောက်ကပ်က လိုချင်တာတွေကို ချန်ထားပြီး၊ မလိုတာတွေကို စစ်ထုတ်ပြစ်တာမို့ ပြောင်းပြန်ဖြစ်ပါတယ်။ သွေးကို (ဘောမင်း-ကက်ပ်ဆူးလ်) ကနေ လိုချင်တာတွေ စစ်ထားပြီး၊ မလိုတာတွေ ထုတ်ပေးလိုက်တော့ “ဆီး” ဖြစ်လာရတာပါဘဲ။

နယ်နိမိတ်တွေကို မြစ်တွေ၊ တောင်တွေ၊ ပင်လယ်-ရေအိုင်ကမ်းခြေစတဲ့ သဘာဝ နယ်ခြားတွေနဲ့၊ ဒါတွေမရှိရင် နယ်ခြား မှတ်တိုင်တွေနဲ့ သတ်မှတ်ပါတယ်။ နယ်စပ်မျဉ်းကို မကျော်ရဘူးလို့ ဥပဒေနဲ့ တားထားပေမဲ့ သိတဲ့အတိုင်း ဗမာပြည်မှာ နယ်စပ်တိုင်းက နေ့တိုင်း၊ ၀င်-ထွက်နေကြတယ်။ ထိုင်းနဲ့ မလေးရှားကို ကျောက်ကပ်လိုဘဲ တဖက်သတ်ဘဲ သွားတယ်။ ကန်တော့ပါရဲ့ ထွက်နေသူတွေကို ဆီး လို့ ပြောချင်တာ မဟုတ်ဘူးနော်။ ကျောက်ကပ်ရောဂါ ရှိရင် လိုတာတွေကိုပါ ထုတ်ပြစ်တယ်။ တိုင်းပြည်က ကျောက်ကပ်နာနဲ့ တူနေလို့၊ Albumin တွေပါ ဆီးထဲပါနေတယ်။

အိန္ဒိယ နဲ့ ဘင်္ဂလားဒေ့ရှ် နယ်စပ်တွေကတော့ အဆုပ်ထဲက လေအိပ်နံရံနဲ့ ဆင်တယ်။ အ၀င်ရော၊ အထွက်ရောဘဲ။ ပြန်ပြောင်း-ပြောင်းပြန် ဖြစ်နေတာက အာသန်-ကသည်းသူပုန် နဲ့ ခေါ်တောကုလားတွေ လာစေ၊ ဒုက္ခရောက်နေတဲ့ ကိုယ့် နိုင်ငံသားတွေ ထွက်စေ။ (အောက်စီဂျင်) ကို ထုတ်ပြီး၊ (ကာဗွန်ဒိုင်အောက်ဆိုဒ်) ကို စုပ်ယူတာမျိုး။

အရှေ့မြောက်နယ်စပ်ကတော့ ဘာနဲ့တူလည်းဆိုရင် “မီးနီရပ်ကွက်” မှာ (ကွန်ဒွန်) မပါတဲ့လူကို ဧည့်ခံနေရသလိုဘဲ။ မရှိလို့ လုပ်စားပါတယ်။ ကုမရတာနဲ့ ညားနေရရှာတယ်။ ခုခံအားကိုပါ ဖျက်ဆီးတယ်။ လက်ယပ်ကလည်း ခေါ်နေကြသေးတာ။

“အမှန်နဲ့ အမှားကြားမှာ ပါးပါးပါးလေးသာ ခြားတယ်” လို့ မှတ်ချက်ပြုကြပါတယ်။ လုံခြုံအောင် စည်းတား ထားခဲ့ပေမဲ့ ဒဿဂီရိက သီတာမင်းသမီးကို ခိုးသွားနိုင်ခဲ့တယ်။ တံတိုင်းမြင့်မှာ ပုလင်းကွဲ စိုက်တာနဲ့ မလုံခြုံပါ။ အောက်စီဂျင်နဲ့တူတဲ့ လောင်စာ-စွမ်းအင်တွေက ပြောင်းပြန် ထွက်နေတာမို့ ဓါတ်ကြိုးလည်း မဆင်နိုင်ပါ။ Supermax ဆိုတာ ကုန်တိုက် မဟုတ်ဘူး။ High Security Prison အထူး-လုံခြုံ-တင်းကြပ်တဲ့ အကျဉ်းစခန်းကို ခေါ်တာ။ Guantanamo ပင်လယ်အော်က ဟာမျိုး ပေါ့ဗျာ။ ဝေဖန်တာ၊ ကန့်ကွက်တာကို လေးစားရမှန်း သိတော့ ဒါလဲ ပိတ်ရတော့မယ်။ (ဘာလင်) တံတိုင်းဟာ ၂၈ နှစ်သာ ခံတယ်။ ဆွေးမြေ့လို့ ပျက်သွားတာ မဟုတ်ပါ။ တံတိုင်းခတ်စရာမလိုအောင် လုပ်ကြလို့ပါ။

ဗမာပြည်ကို ရေမြွှာအိပ်နဲ့သာ ကာကွယ်ဘို့ သင့်တယ် မဟုတ်ပါလား။ အဆုပ်လည်း ကောင်းကြပါစေ၊ ကျောက်ကပ်လည်း ကောင်းကြပါစေ။

Dr. တင့်ဆွေ
၁၂-၅-၂၀၁၀

Read more...

Sunday, May 9, 2010

Research and Experience တိတိကျကျ သုတေသန နှင့် အနှစ်နှစ်အလလ ကိုယ်တွေ့များ

“ကိုယ်တွေ့” ဆိုတာ လူတိုင်းမှာရှိတယ်။ ကိုယ်တိုင် တွေ့ကြုံခံစားတာ ရေးရင် Memoirs ကိုယ်ရေး အတ္ထုပ္ပတ္တိ ခေါ်တယ်။ တကယ့် အဖြစ်အပျက်မျိုးကို အခြေခံတဲ့ Based on real story စာအုပ်-ရုပ်ရှင်တွေလဲ အများကြီး။ ကိုယ်တိုင် တွေ့ပါတယ်-မြင်ပါတယ်လို့ Witness ကနေ တရာရုံးမှာ သက်သေထွက်တာမျိုး။ ခရစ်ယာန်ဘာသာမှာ Testimony လုပ်တာမျိုး။ ဒါတွေက တဦးချင်းစီရဲ့ ကိုယ်တွေ့ သက်သက်ပါ။ “ဟုတ်တယ်-မှန်တယ်” ဆိုတာကို ကျမ်းကျိန်တာတို့၊ လက်ဝါးကပ်တိုင်တို့နဲ့ “မဟုတ်ရင်တော့လား” ဆိုတာပြီး၊ “အမှန်ခိုင်းတာမျိုး” ဖြစ်တတ်ပါတယ်။

ပညာနယ်ပယ်တခုမှာ “ဆေးကုတာ” ဆိုပါစို့ ပညာရပ်က သိပ္ပံဖြစ်တာမို့ စမ်းသပ်မှုတွေ၊ သီအိုရီတွေ၊ အကိုးအကား၊ သုတေသန စတာတွေက အခြေခံလဲ ဖြစ်တယ်၊ မှန်-မမှန်ရဲ့ “ပေတံ” လဲ ဖြစ်တယ်။ နောက်တမျိုးကတော့ အနှစ်နှစ် အလလက ကိုယ်တိုင် တွေ့ရ-ကြုံရတာတွေ။ တယောက်ထဲကနေ အများကြီးကို တွေ့လာတာမျိုးပါ။ ကျမ်းမတိုက်ဘဲ ရေးကြ-ပြောကြတယ်။ လက်မခံလဲ ဗွေမယူတာမျိုး။

သုတေသနပေမဲ့ ဗွေယူချင်စရာတွေ ရှိတယ်။ ရှေ့နောက် မညီတာ မကြာခဏ တွေ့ရတတ်တယ်။ ဆိုပါစို့ တလောက “ငရုပ်သီး စားရင် (ကယ်လိုရီ) သုံးပြစ်တာမို့ အလေးချိန် လျော့စေတယ်” တဲ့။ နောက် တဖက်ကနေ ကြည့်ရင် အစပ်တို့ ဟင်းခပ် အမွှေးအကြိုင်တို့မှာ အာဟာရတန်ဘိုးဆိုတာ မည်ကာမတ္တသာ ပါပေမဲ့၊ သူ့အစွမ်းက စားချင်စိတ်ကို ဆွပေး-ခြူပေးနိုင်လို့ စားဝင်စေတယ်။ စားတော့ ၀တာပေါ့။ ဘာကို ယူမလဲ။ အစပ်မပါရင် စားမ၀င်သူတွေ အများကြီးထဲ ကျွန်တော်လည်း ပါတယ်။ ခရီးက သွားရဖန်များတော့ နေရာဒေသတွေ အကြောင်း နောကျေနေလို့ ဥရောပ ဘယ်နေရာ သွားသွား ငရုပ်သီးကို ငါးခြောက်နဲ့ ဖြစ်ဖြစ်၊ ငါးပိနဲ့ ဖြစ်ဖြစ် ကျော်လှော် ယူသွားမှ စားရတာ တင်းတိမ်တယ်။

Social Science မှာ ပညာရှင်တွေကနေ ဂဃနဏ လေ့လာပြီး၊ သီအိုရီ ဖြစ်ဖြစ်၊ ကောက်ချက်ဆွဲတာဖြစ်ဖြစ် လုပ်တယ်။ ပါမောက္ခတဦးကနေ အဲလိုလုပ်ပြီး၊ ရေးလိုက်တာဟာ အမြဲတန်း မမှန်နိုင်ဘူး။ မှားသွားရင် နောက်တခါ ဂဃနဏ လေ့လာပြန်ပြီးသကာလ၊ စာတအုပ် ထပ်ထုတ်နိုင်တယ်။ နိုင်ငံရေးသမားတဦးဟာ တခါ လွဲသွားရင် “မြောင်းထဲ ရောက်သွားပြီ” လို့ ပြောတတ်ကြတယ်။ သိပ္ပံမှာတော့ (ဒါဝင်) တို့ (နယူတန်) တို့ကို လှန်ဘို့ မလွယ်သေးဘူး။

ဆေးပညာကိုဘဲ ဆက်ပါမယ်။ “တနေရာနဲ့ တနေရာ ဘယ်ဟာမှ မတူပါလား” ဆိုတာ ပြောချင်တယ်။ ဗမာပြည်မှာ ဘာတွေ ပေါလဲ။ မြွေ ပေါတယ်။ ငှက်ဖျား များတယ်။ ဘာတွေ ရှားလဲ ဆေးကောင်း ရှားတယ်။ စားကောင်း သောက်ဘွယ် ၀ယ်နိုင်သူ မများဘူး။ တခြား တိုင်းပြည်တွေမှာ ဗမာမြွေ မရှိလို့၊ မြွေဆေးကို ဗမာပြည်မှာ ထုတ်မှ ထိရောက်ပါတယ်။ သူများဆီမှာ 3D computer graphics လုပ်နေကြချိန်၊ ကျွန်တော်တို့ဆီမှာ ရှိတဲ့ 3D ဆိုတာက (TB, Malaria, HIV-AIDS) ရောဂါကြီး သုံးမျိုး။ အသံထွက်ဘဲ တူတယ်။ အနောက်နိုင်ငံတွေမှာ ဆရာဝန်တွေကို TB အကြောင်း သိပ်သင်မပေး ကြတော့ဘူးတဲ့။ မြန်မာပြည်က ဆေးကျောင်းသားများ သိပ်ကံကောင်းကြပါလား။

အညာဒေသရဲ့ တခြမ်း၊ ချင်းတွင်းမြစ်ဝှမ်းမှာ တာဝန်ကျခဲ့တာ များလို့ ဒီဒေသမှာ ဘာတွေ ပေါပြီး၊ ဘာတွေ ရှားလဲ ကောင်းကောင်း သိတယ်။ လက်လှမ်း မဝေးတဲ့ အညာဧရာဝတီဘေးက အခြေအနေလဲ တီးမိ ခေါက်မိပါသေးတယ်။ ခုတော့ မြန်မာပြည် အနောက်ခြမ်းနဲ့ မြောက်ခြမ်းက လာတဲ့လူတွေနဲ့ အတူနေရ၊ ဆေးကုပေးရ လုပ်ရပြန်တော့ အသိသစ်တွေ တိုးလို့လာ ပြန်တယ်။ ရောဂါတွေ၊ ဝေဒနာတွေ။ ဖြစ်နေကြတာတွေ နဲ့ ဖြစ်အုံးမှာတွေ။

လူတွေကို ရစေတဲ့ ရောဂါဘယတွေကလဲ နေရာမတူရင် ကွဲပြားကြတာဘဲ။ ကံ နဲ့ စိတ် ကို အသာထား၊ ဥတု နဲ့ အာဟာရမှာ ကွာခြားသွားကြလို့ဘဲ။ ရောဂါပိုး အမျိုးမျိုးတွေကလဲ လူနဲ့ သိပ်တူကြတာ။ ရေကြည်ရာ မြက်နုရာ သိပ်ရှာတတ်ကြတာကလား။ မတူတာက ပိုးတွေ၊ အကောင်တွေဟာ လူတွေလို ဗီဇာမလိုဘဲ ဟိုနိုင်ငံ၊ ဒီနိုင်ငံကို ကူးခွင့် ရှိတယ်။ ဒီပြည်-ပြည်နယ်တွေက စကားမတတ်လဲ စားဘို့ သောက်ဘို့ မခက်ဘူး။ ယဉ်ကျေးမှု မတူတာ အပထား၊ တွေ့တဲ့သူနဲ့ ညားလို့ရတယ်။ ဘာသာရေး ဘေးချိတ်။ ဥပုသ်၊ တနင်္ဂနွေ၊ သောကြာ ဘာမှလိုတာ မဟုတ်ပါ။

ဒါ့ကြောင့် မြေပုံမှာ နိုင်ငံရယ်၊ တိုင်းရယ်၊ ပြည်နယ်ရယ်၊ နောက်ဆိုရင် ကိုယ်ပိုင်ဆိုလား သူပိုင်ဆိုလား၊ ဘာတွေ ဘယ်လိုခွဲခွဲ၊ ရောဂါ-ဝေဒနာတွေကိုတော့ အမိန့်အာဏာနဲ့ ဖိနှိပ်-တားမြစ်ဖို့ ခက်ပါတယ်။ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်း၊ မကွေးတိုင်းမှာရှိတဲ့ ကျန်းမာရေး ပြဿနာတွေလည်း ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ် နဲ့ နာဂတောင်တန်းက လူတွေမှာ ရှိကြတယ်။ သွေးအား၊ ဗီတာမင် နည်းတာတွေ တူတယ်။ စိတ်သောကတွေ တူတယ်။ လိင်ကနေ ကူးစက်ရောဂါတွေ တူတယ်။ ၀မ်းလျော-၀မ်းပျက် တူတယ်။ မတူတာတွေလည်း ရှိပါသေးတယ်။

သူတို့ဆီမှာ အဆိပ်ပါတဲ့မြွေ မရှိဘူး။ မွေးစကလေး မေးခိုင်ရောဂါ၊ အရင်က မကြာမကြာ တွေ့ခဲ့တယ်။ ဒုက္ခသည် ဆေးခန်းမှာ လာမွေးတာ အခုထိ ကလေး ၁၂၇ ယောက်၊ တခြားမွေးခန်း ဆေးခန်းတွေ သွားမွေးတာလည်း မနည်းဘူး။ မေးခိုင်တဲ့ကလေး တရွေးသားမှ မတွေ့ပါ။ ကလေးဖွါးပြီး၊ သားဦးဆိုရင် မအေမှာ နို့နာ ပေါက်တာ ၃ ယောက်မှာ ၁ ယောက်လောက်အထိကို ကုပေးခဲ့ရတာ။ အခု အားလုံးပေါင်း ၃ ယောက်ထက် ပိုမတွေ့သေးဘူး။ ပြည်နယ်က လာသူတွေ အတော်ကောင်းပုံရတယ်။ “ကံ” ပြောတာ။ “မိခင်-ကလေး စောင့်ရှောက်ရေး” တော့ မသိပါ။

အထဲတုံးက Hydrocele မုတ္တ နဲ့ Hernia အူကျ ဆိုတာ ပေါသလား မမေးနဲ့။ ဆရာဝန်ဖြစ်စတွေ လက်တွေ့ သင်ဘို့ အကောင်းဆုံး ရောဂါတွေဘဲ။ မုံရွာ၊ မန္တလေး၊ စစ်ကိုင်းမှာ အစာအိမ်ပေါက်တာ ခဏခဏ ခွဲပေးရတယ်။ အခု ရှာမှရှား။ အူအတက်လည်း အထဲမှာ များပေမဲ့ အခု ၂ ယောက်စ၊ ၃ ယောက်စသာ ရှိတယ်။ ယောက်ျားလေး ငယ်ငယ်တွေ ဆီးအိမ်မှာ ကျောက်တည်တာ ငါန်းဇွန်-မြို့သာ-ပုလဲဘက်မှာ အတော်များတယ်။ ဒီရောက်တော့ တခါမှ မလာသေးဘူး။ ကလေးတွေမှာ ပန်းငုံတာ Phimosis ကြ ပိုများတယ်။ TB ကတော့ တိုင်းပြည်က ထွက်ပြေးလာလည်း မသက်သာပါ။ အထဲကနေ ပါလာတာရော။ အသစ်ကူးခံရတာရော။ ဘီပိုး၊ စီပိုး၊ HIV ဘယ်ဆီမှာ ဖြစ်ဖြစ် (အာရှတိုက်မှာ) အတူတူပါ။

သုတေသနတွေကို ပြန်ကောက်ပါရစေ။
“ဗီတာမင် B သည် နှလုံးရောဂါကို သက်သာစေသည်။”
“ဗီတာမင် E သည် အရက်မသောက်သူများတွင်ဖြစ်သော အသဲအဆီများရောဂါ ကုသရန် အလားအလာကောင်း။”
“ကိုယ်ဝန်ဆောင်စဉ် ဗီတာမင် D များများပေးခြင်းဖြင့် အချိန်စော မွေးခြင်းမှ တားဆီးနိုင်။”
“ပန်းနာရှိသည့်ကလေးများ ဗီတာမင် D နည်းခြင်းနှင့် ဆက်စပ်နေသည်။”
“ဗီတာမင် D သည် ခုခံအားကြောင့်ဖြစ်ရသည့် ရောဂါများအတွက်လည်း ကောင်းသည်။”

ဗီတာမင်တွေကို အမြဲအကောင်းတွေချည်းလို့ ထင်ကြ၊ သတ်မှတ်တြတယ်။ A များသွားရင်တော့ မကောင်းပြန်ဘူး။ C ကို များများ ပေးတာ ဘာမှ မဖြစ်ဘူးလို့ အစဉ်တစိုက် နားလည်ထားရာကနေ တနေ့ကဘဲ “ဗီတာမင် C နှင့် E များစွာ ပေးခြင်းသည် ကင်ဆာ ဖြစ်စေနိုင်။” လို့ သုတေသနတခု ထွက်လာပြန်တယ်။

“ကောက်ချက်ကို ခုန်ချသလို ဒရောသောပါး မလုပ်အပ်ဘူး။” လို့ ဆိုပါတယ်။ သုတေသနတွေကို အထူးပြု လေ့လာသူတွေက လွဲရင် ခေါင်းစဉ်သာ ဖတ်ပြီး၊ မှတ်ယူကြတာများတယ်။ သတင်းသမားတွေဆိုတာက ဖတ်တဲ့လူကို ဖမ်းစားဘို့သာ အဓိကမို့ မျက်လုံးကျယ်၊ ပါးစပ်ဟစေအောင်သာ သုတေသနသတင်းကိုပါ ခေါင်းစဉ်နဲ့ ဆွဲဆောင် တတ်ကြတယ်။ စာတမ်းတခုလုံး မဖတ်ရင် တခါတလေ သုတေသန ဆိုလိုချက် ပျက်ရော။

ချုပ်လိုက်ရင် “များ-များလာတဲ့ အတွေ့အကြုံတွေကိုလည်း အားကိုးပါ။ သုတေသန ဆိုတိုင်းလည်း ကိုင်းရှိုင်းဘို့ ဆန္ဒမစောပါနဲ့။” သုတေသနတွေကိုလည်း သတင်းရောင်းစားတာထက်မက အလေးအနက် လေ့လာရပါမယ်။

Dr. တင့်ဆွေ
၉-၅-၂၀၁၀

Read more...

Thursday, May 6, 2010

ARV မျောက်ကိုက်၍ ခွေးရူးကာကွယ်ဆေးထိုးရခြင်း

ဒေလီမှာ မျောက်တွေ ပေါပါသည်။ ဒေါင်းတွေလည်း နေရာတကာမှာ တွေ့ရသည်။ လင်းတတွေကလည်း များလွန်းလှသည်။ ဆန္ဒပြသူတွေ သူတို့ပြတဲ့ သံရုံးခေါင်မိုးမှာ လင်းတ တအုပ် နားနေတာတွေ့လို့ ကျေနပ်အားရပြီး၊ ဓါတ်ပုံရိုက်ကြ၊ အတိတ်-နိမိတ် ကောက်ကြဘူးပါသည်။ နွားတွေ ကျွဲတွေဆိုတာ တချို့နိုင်ငံက လူတွေထက် အလွတ်လပ်ကြီး လွတ်လပ်ကြပါသည်။

တနေ့က လူနာတဦး မျောက်ကိုက်ခံရလို့ အစိုးရဆေးရုံသွားပြတော့ ခွေးရူးကာကွယ်ဆေး အထိုးခိုင်းတယ်လို့ ပြောပြီး ဆေးခန်းကို အနာလာပြ၊ မေးမြန်း-ဆွေးနွေးပါတယ်။ ဆေးခန်းမှာ အလုပ်ကူ-ပညာယူနေကြတဲ့ (ဗော်လန်တီရာ) ဆရာမများ အံ့သြနေကြသည်။

“ဟုတ်တယ် ခွေးရူးရောဂါဆိုတာ ခွေးသာမက တခြား တိရစ္ဆာန်တွေကနေလည်း ကူးနိုင်တယ်။” တိရစ္ဆာန်တွေဆိုတာ Domestic အိမ်မွေးရော Wild တောနေပါ အကောင်မှန်သမျှကနေ ကူးနိုင်တယ်။ တခါက မူကြိုတန်းတက်နေတဲ့ ကျောင်းသူလေးတယောက် ကျောင်းမှာ domestic animals, wild animals ဆိုတာတွေ သင်ရတယ်။ တနေ့မှာ သူ့ကို ဧည့်သည် ကြိုဘို့ လေဆိပ်သွားတော့ ခေါ်သွားတယ်။ အပြင်ဗဟုသုတလည်း ရအောင်ပေါ့။ “သမီး ဒါက domestic airport လို့ ခေါ်တယ်။ မှတ်ထား။။” ဒီတော့ ကလေးမက “ဒါဆိုရင် wild airport က ဘယ်မှာလည်း” တဲ့။

ခွေးအပြင် လင်းနို့၊ မျောက်၊ ကြောင်၊ မြေခွေး၊ ၀ံပုလွေ၊ ရက်ကွန်း-၀ံ၊ နံစော်-ဖျံ၊ ကိုင်အုတ်-၀ံပုလွေ၊ မြွေပါ၊ အသားစား-ဖျံ၊ ၀က်ဝံ စတဲ့ အကောင်တွေကနေလည်း ခွေးရူးရောဂါ ရစေနိုင်တယ်။ လူ့သွားရည်ကလည်း ခွေးရူးကူးနိုင်သေးတယ်။ ကိုက်တဲ့သွားက အသားထဲ နစ်ဝင် မသွားတောင်မှ သွားရည် အ၀င်ခံရရင် ကူးနိုင်တယ်။

Rabies ဆိုတဲ့ စကားက (လက်တင်) ရော (သင်္သကရိုက်) ဘာသာကပါ လာတာ။ နေရာတကာမှာ ရှေးကတည်းက ရှိတဲ့သဘော ဆောင်တယ်။ ကမ္ဘာမှာ တနှစ် လူ ၅၅၀၀၀ ခွေးရူးကြောင့် သေနေရတယ်။ ထုံးစံအတိုင်း အဆိုးတွေ စုနေတာ အာဖရိက နဲ့ အာရှ။ ဆင်းရဲမွဲတေမှု နဲ့ ပညာ-အသိနည်းပါးမှု။ ရောဂါဆိုးတွေ နဲ့ စနစ်ဆိုးတွေ။

ရောဂါရှိတဲ့ အကောင်ရဲ့ တံတွေးထဲမှာ ပါနေတဲ့ (ဗိုင်းရပ်စ်) ပိုးက အကိုက်ခံရသူရဲ့ အာရုံကြောကတဆင့် ဗဟို အာရုံကြောစနစ်ကို ရောက်လာတာနဲ့ ရောဂါလက္ခဏာတွေ ပြလာတယ်။ အဲဒီအဆင့် ရောက်ရင် အခုထိတော့ ကုမရနိုင်တဲ့ရောဂါ ဖြစ်တယ်။ ဒါ့ကြောင့် အကောင်ကိုက်ခံရတာနဲ့ ကာကွယ်ဆေးကိုသာ အားကိုးနိုင်ပါတယ်။ တိရစ္ဆာန်တွေ အိမ်မှာ မွေးရင် ပုံမှန် ကာကွယ်ဆေးတွေ ထိုးပေးပါ။

ခွေးရူးကို Hydrophobia လို့လဲ လူသိများတယ်။ “ရေကြောက်” ရောဂါပေါ့။ Chickenpox “ရေကျောက်” ဆိုတာက တမျိုးပါ။ ရေကို ကြောက်တယ် ဆိုတာက ရေကို မကြိုက်တာ၊ မုန်းတာ မဟုတ်ဘူး။ ရေကို တအားသောက်ချင်ရှာလွန်းလို့ ရေမြင်တာနဲ့ မြိုချဘို့ ပြင်လိုက်ရင် အာခေါင်နဲ့ လည်ချောင်းမှာ အတင်း မခံမရပ်နိုင် နာကျင်တာ ခံစားလာရတာကို ပြောတာပါ။ ရေမြင်ရင် တက်ချင် လာမယ်။

တချိန်တုံးက မြို့နယ်ကောင်စီ ဥက္ကဋ္ဌ ဆေးရုံကို ရောက်လာတယ်။ ဆေးရုံနဲ့ သူတို့ အိမ်ကလည်း မျက်နှာချင်းဆိုင်။ ဥက္ကဋ္ဌ ဗိုလ်မှူးက စိတ်သဘောကောင်းလို့ လူချစ်လူခင် များတယ်။ “ဆရာ ကျွန်တော့် ဇနီ့း့ ခြံထဲ လျောက်ပြီး၊ အပင်တွေ ကိုင်ပုံရပါတယ်၊ တကိုယ်လုံး ယားနေတယ်”။ ဥက္ကဋ္ဌရဲ့ ဇနီးဟာ သူတို့ သားသမီးတွေအပြင် တိရစ္ဆာန်တွေကိုလဲ ချစ်တာ ကျွန်တော် သိတယ်။ လူနာကို အကဲခတ်ကြည့်တယ်။ အင်ပြင် ခေါ်တဲ့ (အလာဂျီ) ရလို့ ယားတာမျိုး မတွေ့ရပါ။ ရေ အသောက်ခိုင်းကြည့်တော့ သိပါပြီ။ လူကြီး၊ မိတ်ဆွေကြီး တဦးရဲ့ဇနီး ဖြစ်နေတာမို့ ပိုသေခြာအောင် ခရိုင်ဆေးရုံကြီး ပို့လွှတ်ပြီး၊ သမားတော်ရဲ့ အဆုံးအဖြတ်ကို ယူစေရတယ်။ သမားတော်ကလည်း ကျွန်တော့် ထင်မြင်ချက်ကို အတည်ပြုပေးတယ်။ လူနာကို ပြန်ခေါ်လာပြီး၊ တတ်စွမ်းသ၍ ကုသပြုစုမှုတွေကို ဗိုလ်မှူးကတော်ရဲ့ နောက်ဆုံး ရက်တွေမှာ အစွမ်းကုန် လုပ်ပေးကြရပါတယ်။

ယားယံတာကို ခွေးရုးရောဂါ လက္ခဏာတွေထဲမှာ တချို့က ထည့်တာ မတွေ့ရပါ။ ရောဂါအကြောင်း စုံအောင် ရေးတာထက် ကာကွယ်မှုက ပိုအကျိုးရှိမယ် ထင်တယ်။ ခွေးကိုက်ခံရရင် ရေနဲ့ဆပ်ပြာသုံးပြီး၊ ကျကျနန ဆေးပါ။ ကိုက်တဲ့ ခွေးကို ၇ ရက် တိတိ စောင့်ကြည့်ပါ။ ခွေးကို စိတ်ဆိုးပြီး သတ်မပြစ်သင့်ပါ။ တပါတ်ကြာလို့ ခွေးက သေသွားတယ်ဆိုရင် သေခြာပြီ ခွေးရုး။ မသေခြာရင် ကံတရား သိပ်အားကိုး မနေပါနဲ့၊ Risk မယူပါနဲ့။ ကာကွယ်ဆေး ထိုးပါ။ တနှစ်မှာ လူပေါင်း ၁၀ သန်းမက ကာကွယ်ဆေး ထိုးနေကြရတယ်။ အရင်က ချက်တ၀ှိုက်မှာ ၁၄ ခါ ထိုးရတာ။ နာမှ နာ။ ထိုးပေးရသူကပါ အားနာရတယ်။ အခုပေါ် ဆေးတွေက အဲလောက် မကြာ၊ အဲလောက် မနာတော့ပါ။ အမျိုးအစား ၂ မျိုး ရှိတယ်။ Nerve tissue vaccine နဲ့ Cell culture vaccine တွေပါ။ ပဌမအမျိုးက ဈေးချိုတယ်။ ဈေးချိုတော့ အကောင်း နည်းတာပေါ့။ အခု စာရေးချိန်ကာလ အိန္ဒိယမှာ ၅ ခါထိုးရမဲ့ ARV ဆေးကိုသာ ဆိုင်တင်ခိုင်းတယ်။ ၁ လုံးကို ၃၇၀ ရူးပီး ဈေးနှုံးလို့ ရိုက်ထားတယ်။ ၀ယ်တတ်ရင် ၃၂၀ ဒါမှ မဟုတ် ဒီထက် ဈေးလျော့မယ်။

တိရစ္ဆာန်မှန်သမျှ အကိုက်ခံရရင် အနာကို ဘယ်လောက် ပြဲထွက်နေနေ ချုပ်မပေးရပါ။ သက်ရှိ တကောင်ကောင်ရဲ့ သွားရည်ဟာ အကိုက်ခံရသူ သွေးထဲဝင်ရင် မတည့်ပါ။ အနာကို ပိုးသန့်အောင်လုပ်၊ အသားနု ကောင်းကောင်း တက်လာအောင် စောင့်ပြီး၊ နောက်မှာ အနာရွတ် သေးချင်ရင် အနာသစ်လုပ်ပြီးမှ လှလှလေး ပြန်ချုပ်ပေးရပါတယ်။

လူကိုက်ခံရရင်လဲ အဲလိုဘဲ။ နယ်တခုမှာ တာဝန်ကျတုံးက လူနှစ်ယောက် ရန်ဖြစ်ကြတယ်။ တယောက်က ကိုက်လိုက်လို့ တယောက်မှာ နှာခေါင်းပြတ်သွားတယ်။ နှာခေါင်းပေါက်ကို ဖုံးထားတဲ့ ညာဘက်က ခုံးခုံးလေးနေတဲ့ နေရာ ပါသွားတယ်။ ခန္ဓာဗေဒမှာ Ala Nasi လို့ ခေါ်တဲ့နေရာပေါ့။ အနာကျက်တော့လဲ ရုပ်ဆိုးနေတာပေါ့။ ယောက်ျားလေး၊ ခပ်ရွယ်ရွယ် ရှိသေးတာ။

(ဂျန်ဂယ်လ်-ဆရာဝန်) ဆင်ကြံကြံပါတော့တယ်။ အရေပြား အစားထိုးယုံနဲ့ မရနိုင်။ အရိုးနု ပါရမယ်။ ခပ်ခုံခုံးလည်း ဖြစ်ရမယ်။ စားလဲ ဒီစိတ်။ သွားလဲ ဒီစိတ်။ ဆရာဝန်မှာ ငယ်ငယ်က ဆရာကတော်ကို ရည်းစားထားခဲ့တုံးကလိုမျိုး ဖြစ်နေရှာတယ်။ နောက်ဆုံးမှာတော့ လူနာရဲ့ နားရွက် တနေရာကို ပုံကျအောင် လှီးဖြတ်ယူပြီး၊ ပြတ်သွားတဲ့ နှာခေါင်းထိပ်မှာ အစားထိုး ချုပ်ပေးလိုက်ပါတယ်။ နောက်တနှစ်မှာ ကျွန်တော့်လူနာ မိန်းမရသွားပါတယ်။

Dr. တင့်ဆွေ
၆-၅-၂၀၁၀

Read more...

Monday, May 3, 2010

Weight gain လှယုံမက ၀ချင်သေးရင်

ကိုယ်အလေးချိန် တိုးချင်တာ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ “ငါးကျီးခြောက် ကြပ်တင်”လို့၊ “ငါးဖေါင်ရိုးခြောက်” လို့ အခေါ်ခံနေရသူများလို၊ မွေးရာပါ မျိုးဗီဇကိုက Skinny body type ခပ်ပိန်ပိန် သမားများအတွက်ဆို ပိုခက်မည်။ ငါးမှာတောင် ပိန်ရင် ငါးရာမသွင်းဘူး ထင်ပါရဲ့။

ဝချင်ရင် အရင်ဆုံး ရောဂါဘယတွေ ကင်းနေဘို့ လိုပါတယ်။ သိတဲ့အတိုင်း နာတာရှည် ရောဂါတွေက လူကို ပိန်သွား စေပါတယ်။ TB, HIV-AIDS ကင်ဆာ၊ လည်ပင်ကြီးဟော်မုန်းများနေသူ စတာတွေပါ။ တီဘီ ဖြစ်နေသူတယောက် ဆေးပါတ်လည်လို့ ပျောက်လာရင် သေခြာပေါက် ၀လာပါတယ်။ တိတိကျကျ ဆိုရရင် ညိုပြီး ၀လာတာပါ။

ခပ်လွယ်လွယ် သဘောပေါက်အောင်ပြောရရင် ၀ချင်ရင် ကြီးကြီးကြံပါလေ။ အိန္ဒိယကို ရောက်ခါစ ဦးမောသီရိ ဆိုတဲ့ စာပေဆုရဘူးသူ မိတ်ဆွေကြီးကပေးတဲ့ အကြံတခုက ဘာလဲဆိုတော့ “တံငါဖြစ်မှတော့ ငါးကြီးကြီးမျှားပါ” တဲ့။ သူက အပြောတင် မဟုတ်ဘူး။ အင်္ဂလိပ်စကား တလုံးမှ မတတ်ပေမဲ့ သတ္တိကောင်းလှတဲ့ တိုင်းရင်းသူတယောက်ကို ၀န်ကြီးချုပ် ဆိုသူနဲ့ တွေ့အောင် အားလဲပေး၊ အကူညီလဲ ပေးခဲ့တဲ့သူပါ။

ကြီးကြီးကြံဘို့ရာ တခါစား များများ၊ အကြိမ်လဲ များများ၊ ထမင်းလုပ် ကြီးကြီး၊ ထမင်းပန်းကန်အစား ဇလုံ၊ ဇွန်းဆိုရင် ယောက်ချို သုံးပါ။ အတွေ့အကြုံအရ ပြောရရင် လူကောင်ကြီးသူတွေ လက်ရေးလက်သား သေးသေး၊ လက်မှတ်က ငယ်ငယ်လေး ဖြစ်တတ်တယ်။ အဲတော့ လက်ရေးပါ ပြောင်းချင် ပြောင်းလို့ အကြံပေးရမလားဘဲ။

ဝချင်ရင် အလေး(၀ိတ်) မ, တာ ငြင်းစရာတော့ မရှိပါ။ များများစားဘို့လောက်တော့ မထိရောက်ပါ။ ပိန်သူတွေရဲ့ ဇီဝကမ္မ ဆိုတဲ့ သက်ရှိတို့ ထုံးစံလုပ်ပေးနေရတဲ့ ဖြစ်စဉ်ကိုယ်၌က မြန်မြန်ကြီး လုပ်နေသူတွေ ဖြစ်လို့ (ကယ်လိုရီ) တွေ ပိုရဘို့ လိုပါတယ်။ စာသင်သလို ပြောရရင် အဆင့် ၅ ဆင့်ရှိတယ်။ ကိုယ်အလေးချိန် ချိန်ထားပါ။
၁။ ခါတိုင်း တနေ့မှာ (ကယ်လိုရီ) ဘယ်လောက် စားနေသလဲ။
၂။ စားနေတာထက် ၅၀၀ (ကယ်လိုရီ) ပိုစားပါ။ စားနိုင်အောင် တနေ့ ၃ ထပ်ကနေ ၄-၅ ထပ် စားပြစ်လိုက်ပါ။
၃။ (၀ိတ်)မ ပါ။ Gym သွားချင်သွား၊ အိမ်မှာဘဲ လုပ်လုပ်။
၎။ အလေးချိန် ပြန်ချိန်ပါ။ တပါတ်အပြီး ၁-၂ ပေါင်တိုးရင် ကောင်းတယ်။ ၁၀ ပေါင် မတိုးချင်ပါနဲ့။ ကျန်းမာရေးအရ အကောင်း မဟုတ်ပါ။ ၁ လကုန်ရင် ၅-၈ ပေါင် တိုးတာ ကောင်းတယ်။
၅။ အလေးချိန် ဆက်မတိုးရင် နောက်ထပ် (ကယ်လိုရီ) ၂၅၀ ပိုစားပါလေ။

တနေ့ (ကယ်လိုရီ) ဘယ်လောက်လိုတာ သိဘို့ “ဦးတိကျ” တွေအတွက် ဖေါ်မြူလာ ရှိတယ်။ အရင်ဆုံး ဘာမှမလုပ်ဘဲ နေတဲ့ အချိန်မျိုးမှာ လိုမဲ့နှုန်းထားကို တွက်ရတယ်။ Resting Metabolic Rate (RMR) လဲခေါ်တယ် Basal Metabolic Rate (BMR) လဲခေါ်တယ်။ လမ်းလဲမလျောက်၊ ပြေးလဲမပြေး၊ အသားလေးနေတုံး ကိုယ်ခန္ဓာက အသက်ရှူဘို့၊ နှလုံးခုန်ဘို့၊ အစာခြေနေဘို့ စတာတွေရဲ့ ဇီဝအလုပ်တွေအတွက် လိုအပ်ချက်ကို ပြောတာပါဘဲ။

ပျင်းတော့ ပျင်းစရာကြီး။ သင်္ချာလို ထပ်ရှင်းရအုန်းမယ်။
RMR = 9.99w + 6.25h - 4.92a + 166g-161
w = ကိုယ်အလေးချိန် ကီလိုဂရမ်၊ h = အရပ် စင်တီမီတာ၊ a = အသက် နှစ်၊ g = ကျား-မ၊ (ကျား = 1 မ = 0)
တနေ့တာလိုမဲ့ (ကယ်လိုရီ) သိဘို့ RMR ကို 1.25 နဲ့ မြှောက်လိုက်ပါ။

ပိုပြီး စားနိုင်အောင် စားပုံစားနည်း ပြောင်းသင့်ရင် ပြောင်းရမယ်။ အ၀စား ၃ ခါနဲ့ သွားရည်စာ ၂ ခါ၊ ၃ ခါ စားပါ။ ကော်ဖီ၊ လက်ဘက်ရည် သောက်မဲ့အစား၊ နွားနို့၊ သစ်သီးဖျော်ရည် သောက်ပါ။ ပေါင်မုံ့စားရင် အညိုက အဖြူထက် ပိုတယ်။ အသီးအရွက်မှာလဲ ရေများများ ပါတာမျိုးဖြစ်တဲ့ ဂေါ်ဖီ၊ ပဲစိမ်းစားဥ၊ သခွါးသီးတို့ထက် အာလူး၊ ပဲမျိုးစုံ၊ မုံလာဥနီ၊ ပြောင်းဖူး တို့က သာတယ်။ အသီးတွေဆိုရင် လိမ်မော်၊ ပိခ်ျ၊ ဇီးသီး၊ ဖရဲသီးတွေထက် ငှက်ပျောသီး၊ သစ်တော့သီး၊ ထောပတ်သီး၊ နာနတ်သီး၊ ပန်းသီးတွေက သာတယ်။ (ဆု-ပ်)ဆိုတဲ့ ဟင်းရည်ဆိုရင် (ခရင်)ပါတာက အကြည်ရည်ထက် သာတယ်။

ဖြစ်နိုင်သမျှ အစားအသောက်တွေထဲမယ် စားသုံးဆီ ထည့်ရပါမယ်။ သံလွင်ဆီ၊ စားအုန်းဆီ၊ ထောပတ်ဆီတို့က နေကြာစေ့ဆီ၊ ပဲဆီတို့ထက် သာတယ်။ သာတယ်ဆိုတာ (ကယ်လိုရီ) ပိုရတာကို ပြောတာပါ။ ရှောင်သင့်တာတွေကတော့ ကျန်းမာရေးနဲ့ မကိုက်တဲ့ trans-fats တွေများတဲ့ (ပက်စထရီ)၊ ကိတ်၊ ကွတ်ကီး၊ ပြုပြင်ထားတဲ့ အသား-ငါး၊ (မာဂျရင်)၊ အလွယ်ဝယ်ရတဲ့ အစားအစာတွေပါ။

မဖြစ်မနေစားရမှာက (ပရိုတင်း) ဓါတ်ပါ အစာတွေ ဖြစ်တယ်။ အသားမျိုးစုံ၊ ငါးမျိုးစုံ။ စားနိုင်တဲ့ အသားအမျိုးမျိုးအပြင် (ကယ်လိုရီ) များများပါတဲ့ ထောပတ်၊ ဒိန်၊ (အောလစ်ဖ်)ဆီ၊ (ခရင်မ်)ဆိုတာတွေ ထပ်ဖြည့်ပါ။ အသားမစားသူတွေလဲ ၀နိုင်တာပါ။ ကြွက်သားတွေ မာတင်းပြီး သန်ချင်ရင်တော့ အသားစားသူများက ပိုသာပါတယ်။

စိတ်လှုတ်ရှားမှုတွေဟာ (ကလ်လိုရီ) အတော် ဖြုန်းပြစ်တယ်။ ဒါ့ကြောင့် စိတ်အေးအေးထားပါ။ လွမ်းစရာ ၀တ္တုတွေ မဖတ်နဲ့။ ဟောလိဝုဒ်က သရဲကား၊ (အေလီယန်)ကား၊ (အက်ရှင်)ကားတွေ မကြည်နဲ့၊ ဇာတ် မနာနာအောင် ရိုက်ထားတဲ့ ကိုရီးယားကား၊ ကုလားကားတွေ မကြည့်နဲ့။ ဗမာတွေ ဒါကြောင့် ပိန်နေတာ။

စားခိုင်းတာတော့ ဟုတ်ပါပြီ၊ စားချင်စိတ် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ။ ဗီတာမင် B အုပ်စု ဆေးတွေက အထောက်အပံ့ ပြုပါတယ်။ Cyproheptadine (Cypon) ဆိုတဲ့ဆေးက (အလာဂျီ) စတာတွေအတွက် ဖြစ်ပေမဲ့ Anorexia nervosa ခေါ်တဲ့ စားချင်သောက်ချင်စိတ် နည်းနေသူတွေကိုလဲ ပေးနိုင်ပါတယ်။ ကလေးတွေဟာ နဲနဲလေး ဖြစ်လိုက်တာနဲ့ ကျသွား၊ ပိန်သွားဖြစ်တတ်တယ်။ (Cypon) တိုက်ရင်လဲ ခဏနဲ့ ပြန်စားချင် လာကြမယ်။

နောက်တခုက အစပ်စားတဲ့လူ၊ (မဆလာ)ကြိုက်သူ၊ အချဉ်ပါမှဆိုသူတွေ ခံတွင်းတွေ့ရင် စားသာစားပါလေ။ အစပ်တို့၊ ဟင်းခပ်အမွှေးအကြိုင်တို့ဆိုတာ စားချင်လာအောင် လုပ်ပေးတဲ့ တန်ခိုးရှိတယ်။ တရူပ်နံနံ (ကြံမဆိုင်) ခပ်ထားတဲ့ ဟင်းချိုရည်က ပိုချိုသလို မဟုတ်လား။ “နှာညွန့်ကို ခြူတတ်သော” ဆိုတဲ့အစားပေါ့။ ငရုပ်သီးက မတူတဲ့ အကျိုး နှစ်မျိုး ရစေပါတယ်။ အစပ်တွေဟာ (ကယ်လိုရီ) ပိုသုံးလို့ ပိန်စေတယ်။ အစပ်ပါမှ စားချင်စိတ်ပိုလို့ ၀စေမယ်။

ကိုယ်ခန္ဓာ ကြီးထွားစေတဲ့ ဟော်မုန်းဆိုတာ လူ့ဦးနှောက်ကနေ ထုတ်ပေးနေတယ်။ အလေးမသူများ ကြွက်သားတွေ သန်မာလာတာ သူ့အစွမ်းပါ။ သဘာဝ မဟုတ်ဘဲ အပိုဆောင်းချင်သူတွေအတွက် (စတီရွိုက်) ဟော်မုန်း ဆေးတွေလဲ ရှိပါတယ်။ Human Growth hormone (HGH), Growth factors and Testosterone-based analogs ဆိုတာတွေပါ။ ဒီဆေးတွေကို အရွယ်လွန်သူ ယောက်ျားတွေအတွက်ရော အားကစားသမားများအတွက်ပါ သုံးနေတာဖြစ်တယ်။ အိုလံပစ် ဆုတံဆိပ် ပြန်အပ်သူတွေ မနည်းတော့ဘူး မဟုတ်လား။ ဟော်မုန်းဆိုတာ အစွမ်းကြီးသလို သတိကြီးကြီးလည်းထား သုံးရတာမျိုး ဖြစ်တယ်။

ဂျပန် (ဆူမို) နပမ်းသမားနည်းက “(ကယ်လိုရီ)များတဲ့ အစာတွေစား၊ အဆီ မများစေနဲ့”။ (အင်စူလင်) ဆိုတဲ့ သကြားဓါတ် ထိန်းတဲ့ ဟော်မုန်းကို ဆွပေးလို့၊ (ကယ်လိုရီ) များရင် သိမ်းထားတဲ့ အဆီကို ထုတ်မသုံးစရာ မလိုတော့ဘူး။ တခါတည်း များများ စားနိုင်အောင် တချို့က မနက်စောစောစာ မစားဘဲနေတယ်။ သူလို ကိုယ်လိုတွေက တနေ့မှ ၂၀၀၀-၃၀၀၀ သာ စားတယ်။ (ဆူမို) နပမ်းသမားတွေ တနေ့ကို (ကယ်လိုရီ) ၆၀၀၀ ကနေ ၂၀၀၀၀ အထိ စားသတဲ့။ အရက် (ဘီယာ)လဲ သောက်ပါတဲ့။ သူလို ကိုယ်လိုဘဲပေါ့။ တထိုင်ထဲ ဘီယာ ဗူး ၁၀၀ ကုန်သူဆိုတာ ရှိဆိုဘဲ။ လေ့ကျင့်ခန်းကို ပိုပြီး၊ ပြင်းပြင်း ထံထံ၊ နေ့စဉ်မှန်မှန်၊ လုပ်တာကြောင့် စားချင်စိတ်တွေ ပိုလာစေတယ်။

ကျန်းမာရေးသတင်း အသစ်စက်စက်တခုက ဘာပြောလဲဆိုတော့ မျောက်တွေကို စုထားပြီး စမ်းတဲ့အခါ၊ အကောင်ကြီး တွေက နိုင်ချင်တာကြောင့် စိတ်ညစ်ရတဲ့ မျောက်တွေမှာ အဆီစုပြီး၊ ၀မ်းခေါင်း ကျယ်လာသတဲ့။ ကောက်ချက်ဆွဲရင် စိတ်ဒုက္ခရရင် ၀တယ်ဆိုဘဲ။ နိုင်လိုမင်းထက် အနှိပ်စက်ခံနေရသူများ အတော်ဘဲပေါ့။ ဒါပေမဲ့ ဒီ သီအိုရီက လူတွေအတွက် မှားပါတယ်။ မြန်မာပြည်ဆိုရင် အမှားကြီး မှားတယ်။ စိတ်သောက များတိုင်းသာ ၀ရရင်လား ဗမာပြည်မှာ (ဆူမို) သမားချည်းသာ ဖြစ်တော့မယ်။

ချုပ်လိုက်ရင် “ရောဂါ ကင်ရှင်း၊ ထမင်းဟင်း များများ၊ ဆေးဝါးလဲစား၊ အလေးလဲ မပါ” ခင်ဗျား။ စားနည်းလည်း သိပြီ။ စားချင်အောင် လုပ်နည်းလည်း သိပြီ။ စားချင်တာ စားနိုင်တဲ့ဘ၀မျိုး ရဘို့ကတော့ မျောက်ဆိုးများ နှိပ်စက်တာ မခံကြပါနဲ့ ခင်ဗျား။

Dr. တင့်ဆွေ
၆-၈-၂၀၀၉
၃-၅-၂၀၁၀

Read more...

Sunday, May 2, 2010

Clotho (ကလိုသို) နတ်သမီး သို့မဟုတ် ဇာတာထဲကအတိုင်း အသက် ၁၂၀ ရှည်ချင်ပါသလား

“အသက်ရှည်စွာ၊ အနာမဲ့ကြောင်း” ဆိုတာ ကမ္ဘာဦးအစကတည်းက လူတွေ ရလို၊ ဖြစ်လိုတဲ့ အိပ်မက် မဟုတ်ပါလား။ အနာမဲ့ကြောင်းတွေ ရေးနေရာက အသက်ရှည်ဆေး ရေးပါအုံးမယ်။ သိပ္ပံစာရေးဆရာများကလည်း ရေးခဲ့လှပါပြီ။ ဥပမာ (ကွတ်-ဗွန်နဂတ်) ရဲ့ “နက်ဖြန်-နက်ဖြန်-နက်ဖြန်” ၀တ္ထု။ နောက် ရှေးဟောင်းဂရိ ၀တ္ထုတပုဒ်မှာ (အီယို) နတ်သမီးက (တီသိုနီးယပ်စ်) ကို ချစ်ကြွမ်းဝင်ပြီးသကာလ၊ သူ့ချစ်သူကို “အသက်မသေသူအဖြစ် ဖန်ဆင်းပေးပါဘုရား” လို့၊ (ဇီးယစ်) ဘုရင်ကြီးထံ လျှောက်ထားတဲ့အခါ၊ (ဇီးယစ်) ကလည်း “တလုံး တ၀တည်း ပြည့်ဝစေသတည်း” လုပ်ပေးပါသတဲ့။ မေ့သွားလိုက်တာကတော့ အစဉ်အမြဲ နုပျိုနေစေ ဆိုတဲ့ဆု မပါလိုက်လို့ (တီသိုနီးယပ်စ်) ဟာ မသေပေမဲ့ အို-အို-အိုပြီး သကာလ နှံကောင်လောက်သာ အသံထွက်နိုင်တဲ့ဘ၀ ရောက်သွားရပါတော့တယ်။

အသက်ရှည်ဆေး Anti-aging medicine ရဲ့အောက်မှာ Diets အာဟာရ၊ Cosmetics အလှပြုပြင်ခြင်း နဲ့ Hormones ဟော်မုန်းတွေ ပါဝင်ပါတယ်။ ဒီလို ဇရာဖြစ်စဉ်ကို အံတုချင်တဲ့အရေးမှာ နိုင်ငံရေးရှုဒေါင့်နဲ့ ကိုယ်ကျင့်သိက္ခာ ရှုဒေါင့် နှစ်ဖက်ကနေ တင်ပြကြ၊ ဝေဖန်ကြ၊ ကန့်ကွက်ကြ အတော် ကျယ်ပြန့်နေတယ်။ အမေရိကန်လို တိုင်းပြည်မှာတော့ ဥပဒေအရ တားမြစ်ထားတာတွေ ရှိသလို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် ဆိုတာလည်း ရှိသေးတာမို့ အကန့်အသတ်နဲ့သာ လုပ်လို့ရပါတယ်။ “အမှားကို ဥပဒေနဲ့တားပြီး၊ အမှန်ကို အခွင့်အရေးနဲ့ လက်ရပ်ခေါ်ဘို့ ကြိုးစားတာပါ။”

(ပရိုတင်း) အားဆေး တခုကို (ကလိုသို) လို့ နာမယ်ပေးထားတယ်။ ဖိုးသက်ရှည်-ဖွါးသက်ရှည်ဖြစ်အောင် (ကလိုသို) အပါအ၀င် Life extension drugs နှင့် Anti-aging medicines တွေဟာ စမ်းသပ်ဆဲ အခြေအနေမှာသာ ရှိပါသေးတယ်။ Clotho (ကလိုသို) ဟာ ရှေးဟောင်း ဂရိ နဲ့ ရောမ ဒန္တာရီတွေထဲက နတ်သမီးတပါးရဲ့နာမယ် ဖြစ်ပါတယ်။ ရောမတို့ အဆိုအရ (အူရန်နို) နဲ့ (ဂီး) တို့ရဲ့ သမီး (နိုနို) (နိုနာ) လို့ခေါ်ပြီး၊ ဂရိအလိုအရ (ဇီးယပ်) ဘုရင်ကြီးနဲ့ မိဖုရားကြီး (ဿီးမီးစ်) တို့ရဲ့ ကံကိုစီမံကြကုန်သော သမီးတော်သုံးပါးအနက် အထွေးဆုံးပါ။ အသက် ရှည်ခြင်း-တိုခြင်းမှာ သူမ၏ အလိုအရ ဖြစ်ရပါသတဲ့။

(ကလိုသို) ဟာ မျိုးဗီဇဖြစ်ပါတယ်။ ကြွက်တွေကို စမ်းသပ်ချက်အရ (ကလိုသို) မျိုးဗီဇ ပြောင်းလဲသွားလို့ အိုစာ သွားရကြောင်း တွေ့ရပါတယ်။ ဆက်ပြီးစမ်းတော့ (ကလိုသို) ဟာ ဦးနှောက်၊ ကျောက်ကပ်၊ (ပါရာ သိုင်းရွိုက်-ဂလင်း) ဆိုတဲ့ လည်ပင်းက (ကယ်လ်စီယံ) ကို အသုံးချတဲ့အကြိတ် တို့မှာလည်း ပုံမှန်မဟုတ် ဖြစ်လာတာ တွေ့ရပြန်ပါတယ်။

လူတွေဟာ အသက်ကြီးလာတာနဲ့ (ကလိုသို) လျော့နည်းလာကြတယ်။ သွေးတိုးကို ထိန်းဘို့ အသုံးချနိုင်ပုံရတာကို ခုရက်ပိုင်းလေးမှာ သိလာရတယ်။ (ကလိုသို) ထိုးဆေးတလုံး ထိုးပေးတာနဲ့ သွေးတိုးကို ၃ လ လောက်ကြာအောင် ထိန်းထားနိုင်တယ်လို့ ဆိုပါတယ်။ (ကလိုသို) မျိုးဗီဇကို ဆွပေးတဲ့အခါ အသက်ကြီးခြင်းရဲ့ လက္ခဏာတွေဖြစ်တဲ့ အရိုး အားနည်းခြင်း၊ သွေးလွှတ်ကြောများအတွင်း သွေးသွားလာမှု နှေးကွေးလာခြင်းအပြင် ကြွက်သားတွေ အားယုတ်လာတာ တို့ကိုပါ တွေ့လာရတယ်။

(ကလိုသို) ကို ပိုမိုတက်ကြွအောင် လုပ်ပေးလိုက်တဲ့ ကြွက်ဟာ သာမန်ကြွက်ထက် အသက် ၂၀% မှ ၃၀% ပိုရှည်တာကို တွေ့ရပါတယ်။ ဒါ့ပေမဲ့ ကလေးရတာတော့ နည်းသွားပါသတဲ့။ ဘယ်အရာမှာမဆို ဒါပေမဲ့တွေ ရှိတတ်တယ်။ သကြားဓါတ် ထိန်းပေးတဲ့ (အင်စူလင်) ကိုလည်း သက်ရောက်တာမို့ "ကလေးရှားတဲ့ ဖိုးသက်ရှည် ဆီးချိုသမား" ဖြစ်သွားနိုင်ပါတယ်။

အာဟာရ နည်းက လက်တွေ့ ပိုကျပါတယ်။ “အစာလည်းဆေး၊ ဆေးလည်းအစာ” ဆိုကြတယ် မဟုတ်လား။ ဒီနည်းမှာက (ကွန်ဆက်ပ်) နှစ်ခုရှိတယ်။ တခုကတော့ “ကနေ့ လူသားတွေဟာ ပဝေသဏီကာလ ရှေးကတည်းက စားသုံးခဲ့ကြတဲ့ အစာတွေကို ကောင်းကောင်း စားသုံး ကျေချက်နိုင်တယ်” ဆိုတဲ့ အယူအဆပါ။ ကျောက်ခေတ် ကစပြီး၊ ဂူနေလူသားတွေ စားသုံးတဲ့ကြတဲ့ အစာတွေဟာ လူနဲ့ အသင့်ဆုံးဆိုတဲ့ Paleolithic diet အယူအဆက ၁၉၇၀ နောက်ပိုင်းမှာ ဖြစ်လာတယ်။ သား-ငါး၊ သစ်ဥ-သစ်ဖု၊ အသီး-အရွက်၊ အစေ့-အဆံတွေ ပါတယ်။ နောက်မှ အသစ်ထွင်ပြီး စိုက်ပျိုး-ပြုပြင်လာကြတဲ့ ဆန်-ဂျုံ၊ ပဲသီး-ပဲတောင့်၊ ဆား၊ ချောထားတဲ့ သကြား၊ ပြုပြင်ထားတဲ့ဆီတွေ မပါဘူး။

နောက် အာဟာရအယူအဆတခုကတော့ “Calorie restriction (ကလိုရီ) ကန့်သတ်ပြီး စားသုံးခြင်း” ဖြစ်တယ်။ ပဌမ အယူအဆကို ငြင်းလည်း မငြင်းနိုင်၊ ၀ယ်ချင့်စဖွယ် သွားရည်ကျအောင် တင်ရောင်းတဲ့ ဆိုင်ပေါ်က အစာတွေကိုလည်း မစားဘဲ မနေနိုင်ရာကနေ ပေါ်လာတယ် ထင်ပါတယ်။

ဒီတော့ လူတွေဟာ ဘယ်နေရာမှာမဆို လူ့အစဉ်အလာ၊ ရှေးအစဉ်အလာနဲ့ မကင်းဝေးသင့်ဘူး။ ဘာဘဲလုပ်လုပ် ချင့်ချိန်တာ၊ အကန့်အသတ်ထားတာဟာ အမှား နည်းစေပါတယ်။ ဖတ်သူအားလုံး အသက် ၁၂၀ ရှည်စေသော်ဝ်။

Dr. တင့်ဆွေ
၂-၅-၂၀၁၀

Read more...

Saturday, May 1, 2010

Is it safe to live as before during pregnancy? ကိုယ်ဝန်ဆောင်စဉ် အရင်လို နေလို့ရသလား။

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၆)
ဆရာရှင့် ကိုယ်ဝန်ဆောင်ချိန်မှာ အမျိုးသား(ခင်ပွန်း)နဲ့ဆက်ဆံလို့ရပါသလား။ တကယ်လို့ဆက်ဆံခဲ့ရင် ဗိုက်ထဲက ကလေးကို ထိခိုက်နိုင်ပါသလား။

ပုံမှန်ကိုယ်ဝန်ဆောင်နေစဉ် အတူနေတာ ပုံမှန်ပါ။ ပုံမှန်ကိုယ်ဝန်ဆိုရင် အထဲကကလေးမှာ လိုအပ်တဲ့ အကာအကွယ်တွေ အစုံရှိတယ်။ ရေမြွှာအိတ်က ပါးပေမဲ့ ခိုင်တယ်၊ ကာကွယ်နိုင်တယ်။ သားအိမ်အ၀မှာလည်း မပွင့်သရွေ့ အချွဲနဲ့ ပိတ်နေတယ်။ ဒါ့ကြောင့် ကျားအင်္ဂါဖြစ်ဖြစ် တော်တော်တန်တန် ပိုးမွှားဖြစ်ဖြစ် ကလေးဆီ မရောက်နိုင်ပါ။ ဆက်ဆံတာ သာမက ဆန္ဇပြည့်ဝသွားခြင်းဆိုတဲ့ Orgasm ဖြစ်တာကြောင့်လည်း ပြဿနာ မတက်ပါ။

ဒါပေမဲ့ “အရင်အတိုင်းသာ ဆက်လုပ်ပါ၊ ဘာမှ မဖြစ်ပါဘူး”လို့ တိုက်တွန်းတာတော့ မဟုတ်ပါ။ အတွင်းသိ လင်မယား ဆိုရင် ထားတော့ နောက်ကြောင်းရာဇ၀င် ဘာမှမသိသူနဲ့ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမိရင် လိင်ကတဆင့် ကူးစက်ရောဂါ ရှိလို့ကတော့ မအေသာမက ကလေးကိုပါ ကူးတော့မှာပါ။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ တားဆေး၊ တားနည်းတွေအတွက် ၀ါယမစိုက်စရာမလို၊ မရှိသင့်ဘဲ ရှိသွားမှာမျိုးလည်း စိုးရိမ်စရာ မရှိ၊ ရာသီရက်လည်း ကြည့်မနေနဲ့၊ ဆိုတော့ ပိုတောင် အဆင်ပြေသလို ဖြစ်လာတယ်။ နောက်တခါ နှစ်ယောက်လုံးမှာ ရောဂါဘယကင်းနေရင် (ကွန်ဒွန်) မလို ဖြစ်နေလို့ အတူပိုနေတာ ဖြစ်လာနိုင်တယ်။

ပုံမှန်ကိုယ်ဝန်ဆောင် မဟုတ်တာ လာပါမယ်။ အထစ်အငေါ့ရှိတဲ့ အမျိုးသမီးရဲ့ မွေးဖွါးရာဇ၀င် Bad Obstetric history တခုခုရှိနေရင်။ ဥပမာ Miscarriage/Abortion ကိုယ်ဝန်ပျက်တာ၊ Pre-term labor လမစေ့ကိုယ်ဝန် (၃၇ ပါတ်ထက်စော) မွေးဘူးတာမျိုး။ တချို့ အမျိုးသမီးတွေရဲ့သားအိမ်အ၀ဟာ မလုံဘူး၊ ကိုယ်ဝန် ရင့်လာတာကို ထိန်းမထားနိုင်ဘူး။ ဒီလိုဖြစ်ရင် သားအိမ်အ၀ကို မမွေးမချင်း ပိတ်ချုပ်ပေးတားရတယ်။ ဒီတော့ ဆက်ဆံလိုက်ရင် သေချာပေါက် စောမွေးလာနိုင်တယ်။ နောက်ထပ် ပုံမှန် မဟုတ်တာတွေက ကိုယ်ဝန်ဆောင်နေတုံး သွေးဆင်းလာတာ၊ အရည်ဆင်းတာ။ (အာလ်ထွာဆောင်း) ရိုက်လိုက်တော့ အမွှာကိုယ်ဝန်ဆောင်နေတာနဲ့ အချင်းက သားအိမ်အ၀နား ရှိနေတာတွေကို ဆိုလိုတယ်။

အကြမ်းဖျင်း ပြောရရင် ကိုယ်ဝန်တခုကို ၃ လစီ၊ ၃ ပိုင်း၊ သတ်မှတ်တာမို့ “ဒုတိယ ၃ လမှာ ဆက်ဆံတာ ဘာမှဖြစ်စရာ မရှိဘူး” လို့ ပြောနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်စ ပဌမ ၃ လမှာ အမျိုးသမီးဟာ Morning sickness ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ခံစားနေရလို့ ဆက်ဆံချင်စိတ် အပါအ၀င် အာရုံငါးပါး၊ နည်းပါးနေလိမ့်မယ်။ ကိုယ်ဝန်ဆောင် နောက်ဆုံး ရက်တွေမှာ အရှောင်ခိုင်းတာကတော့ လိုရမယ်ရသဘောပါ။ သီအိုရီအရ ယောက်ျားရဲ့ Semen ထဲပါတဲ့ ဓါတ်က သားအိမ်ကို ညှစ်စေအောင် ဆွပေးမလားလို့ပါ။ ကိုယ်ဝန်သည်မှာ နေရထိုင်ရတာ လေးလံလာပြီ၊ အသွားအလာလည်း ခက်လာပြီမို့၊ စိတ်အလိုလည်း နည်းပါးနိုင်တယ် မဟုတ်လား။

ဇနီးသည် ကိုယ်ဝန်ရှိချိန်လိုက်ပြီး၊ ယောက်ျားသားတွေမှာလည်း စိတ်ကစားမှု ပြောင်းတတ်သေးတယ်။ သူငယ်ချင်း တယောက် ဆေးကျောင်းနဲ့ မနီးမဝေးက ကိုယ်ဝန်ဆောင် မိန်းကလေးတယောက်ကို “သိပ်လှတယ်ကွ” ဆိုပြီး၊ တဖွဖွ ပြောခဲ့ဘူးတယ်။ တမျိုးမထင်ပါနဲ့ အပြောသက်သက်သာပါ။ ကာယကံရှင် ခင်ပွန်းတချို့မှာတော့ မွေးလာမဲ့ကလေး အနာဂတ်ရေး စဉ်းစားရ၊ ဇနီးသည် ကျန်းမာရေးအတွက် ကြောင့်ကြရနဲ့ သီလသာ စောင့်နေချင်ကြတယ်။

“ကျန်းမာရေးနဲ့ ဘာသာရေး ရှုဒေါင့်တွေ အသာထား၊ ကိုယ်ဝန်ဆိုတာ လိင်ဆက်ဆံတာက စတယ် မဟုတ်လား”လို့ ပြောကြတာလည်းရှိတယ်။ အားပေးတဲ့ဘက်ကနေ ထပ်ပြောတာက “(ဗဂျိုင်းနား)ဟာ ပိုပြီး စိုစွတ်နေတယ်။ နေရာက အင်္ဂါမှန်သမျှ အမြင်အရ ပိုမိုဖေါင်းကြွနေတယ်။ ဒီအချိန်ကြမှ ပဌမ Climax ရောက်ရတယ်။” စသဖြင့်။

ကိုယ်ဝန်ဆောင်ရတာက ကိုယ်ခန္ဓာ အပြင်ပုံသဏ္ဌာန်သာမက အတွင်းစိတ်မှာပါ အပြောင်းအလဲတွေ ရှိလာတယ်။ ဟော်မုန်းတွေလည်း အပြောင်းကြီး ပြောင်းလာတယ်။ မတူတာက စိတ်အလို နည်းသူတွေက နည်းလာသလို၊ များချင်သူကလည်း များနိုင်တယ်။ အမှန်က ကိုယ်ဝန် မဆောင်ချိန်မှာလည်း စိတ်အလိုဆိုတာ အတက်အကျ ရှိတာပါ။ ခင်ပွန်းသည်က ပိုပြီး နားလည်မှု ရှိရပါမယ်။ ကာမပိုင်ဘ၀ ရောက်ကြပြီဆိုတာနဲ့ “ငါပိုင်တာဘဲ ငါ့သဘောဘဲ” လို့ မဖြစ်သင့်ပါ။ သာယာမှုဆိုတာ ကျေနပ်မှုကင်း၊ ပျော်ရွှင်ခြင်းမပါ၊ တဖက်သတ်ချည်းသာဆိုရင် အကြင်လင်မယားရဲ့ ဓမ္မတာ မဟုတ်နိုင်တော့ပါ။

စုံအောင်ထည့်ရေးပါရစေ။ အတူနေတာမှာ “အကြမ်းဘရမ်း” ဆက်ဆံတာမျိုး ရှောင်ရပါမယ်။ အနေအထား Position ကို သင့်အောင် ရွေးတတ်ရမယ်။ (အိုရယ်လ်) နည်းသုံးရင် လေသွင်းမှုတ်တာမျိုး ဖြစ်မသွားစေရပါ။ Air embolism ဆိုတာ ရတတ်တယ်။ လေက သွေးကြောထဲ သွားပိတ်ပြီး၊ အသက်ကိုပါ အန္တရာယ်ပေးနိုင်လို့ပါ။

ဒီကျန်းမာရေးအကြောင်း ပြောတဲ့အခါ သူများဆီမှာတော့ နှစ်ယောက်သား စကားပြောကြပါ။ ဆွေးနွေးကြပါ။ (၀ပ်ရှော့ခ်) တက်ပါ စသဖြင့် အကြံပြုတာတွေ ရှိတယ်။ ကျွန်တော်တို့ ယဉ်ကျေးမှုမှာ သူတို့ပြောသမျှ လိုက်လုပ်လို့မရပါ။ မရတော့ “မကောင်းဘူး။ သိပ် အောက်တယ်” ဆိုချင်သူတွေက ဆိုမယ်။ အဲလိုမဟုတ်ပါ။ ခေတ်အမီဆုံး၊ ရှေ့ဆုံးရောက် တိုင်းပြည်တွေနဲ့ ပြောင်းပြန်သာရှိတဲ့ တိုင်းပြည်တွေမှာ ကိုယ်ဝန်ဆောင်စဉ် ဆက်ဆံမှုကြောင့် ဖြစ်စေတဲ့ အပေါင်း-အနုတ်တွေဆိုတာ သိပ်ကြီးထူးတာ မဟုတ်ပါ။

သူများတွေ လုပ်တာကို လိုက်မလုပ်နိုင်လို့ စိတ်အား မငယ်သင့်ပါ။ မလုပ်နဲ့ဆိုတာကို ခေတ်နောက်ပြန်ဆွဲလို့ မထင်သင့်ပါ။ သစ်တိုင်း၊ ဆန်းတိုင်း၊ သူများတိုင်းပြည်တွေကလူတွေ ပြောတိုင်း-လုပ်တိုင်း-ခိုင်းတိုင်း အဟုတ်ကြီး မထင်သင့်ကြပါ။ သူများတွေ မလုပ်နိုင်တာတွေလည်း ကိုယ့်ဆီမှာ ရှိပါတယ်။ ရောဂါ အဆန်းတွေကို လက်ရပ်ခေါ်နေတဲ့ အကျင့်စရိုက် အဆန်းအပြားတွေဟာ ကိုယ့်ဆီမှာ ရှားတယ်။ မိသားစုရဲ့ နွေးထွေးမှုမျိုး၊ လူကြီးသူမ၊ အာစရိယတွေရဲ့ ထိန်းကွပ်မှုမျိုး ဆိုတာက ကိုယ့်ယဉ်ကျေးမှုမှာသာ ရှိပါတယ်။

အင်္ဂလိပ်လို တွဲခေါ်လို့ ကောင်းတဲ့ စာလုံးနှစ်လုံးရှိတယ်။ Intercourse ဆိုတဲ့ အင်္ဂါချင်းဆက်ဆံမှုကို အရှောင်ခိုင်းပြီး၊ Intimacy ဆိုတဲ့ နှစ်ဦးနှစ်ဝ ရင်းနှီးကြွမ်းဝင်ကြဘို့ကိုတော့ ကိုယ်ဝန်ရှိစဉ် တလျောက်လုံး မဖြစ်အနေလုပ်ဘို့ အကြံပြုတယ်။

Dr. တင့်ဆွေ
၃၀-၄-၂၀၁၀

Read more...

Trans fats အညာသားများ ဆီစားကြသည်

ငယ်ငယ်က နွေရာသီ ကျောင်းပိတ်ရင် ဇာတိရွာကို သွားလည်နေကျ။ အိမ်တိုင်းမှာ ဆီကြိတ်တဲ့ဆုံ ဆိုတာရှိတယ်။ သစ်ပင်ကြီးကြီးရဲ့ အောက်ခြေပင်စည်ကိုဖြတ်၊ မြေမှာစိုက်၊ အလည်မှာ တွင်းပေါက်တခု ထွန်းပြီး၊ ဆီဆုံလုပ်တာပါ။ ဆုံထဲကို မြေပဲဖြစ်ဖြစ် နှမ်းဖြစ်ဖြစ်ထည့်၊ သစ်ကျဉ်ပွေ့မှာ ၀ါးကိုင်းတပ်ပြီး နွားတကောင်ကို ဆွဲခိုင်းတယ်။ ဆုံအောက်ခြေမှာ သစ်သားပြားကြီးကို ခွထောက်လုပ် ထောက်ထားပြီး၊ ၀ါးကိုင်းနဲ့ ဆက်ပေးတာမို့ နွားက ပတ်ခြာလည်သွားတယ်။ သစ်သားပြားကြီပေါ်မှာ တက်စီးလိုက်ရတာ ပျော်စရာကောင်းတယ်။ ကြာတော့ နှမ်းကနေ နှမ်းဆီ၊ မြေပဲကနေ မြေပဲဆီတွေ ထွက်လာပြီ။ လူကြီးတွေက ဆီစစ်စစ်က မွှေးတယ်လို့ပြောတာကို နားမလည်တတ်တဲ့ အရွယ်ကပေါ့။

တချိန်က ဗမာပြည်ဟာ တကယ်ကို ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံဘ၀မှာ ရှိခဲ့တာပါ။ ဆီဆုံခေတ်ကနေ ဆီစက်ခေတ် ရောက်တော့ အမျိုးမျိုးအထွေထွေသော ဆီဆိုတာတွေ ပေါ်လာတယ်။ မြေပဲထဲ၊ နှမ်းထဲ၊ တခြားအစေ့အဆံတွေ ရောရတော့တဲ့ခေတ် ရောက်လာတယ်။ ခေတ်ဆိုတာ ဘယ်လောက် သစ်လာလာ အညံ့တွေရောပါလာရင် မကောင်းဘူး။ ခုတော့ ဆီကိုရေချိုးဘို့ နေနေသာသာ လက်ဖက်ကိုဆမ်းဘို့တောင် မလောက်တော့ပါ။ အဖွါးဆိုရင် ထန်းသီးမှုတ် အနေတော်ထဲမှာ လက်ဘက်ကို သိပ်ထည့်၊ အပေါ်က ဆီစစ်ကို ဆမ်းပြီး၊ အကြာကြီး သိမ်းထားတယ်။

အရင်တုံးက တိရစ္ဆာန်အဆီထက် အသီးအနှံဆီက ပိုကောင်းတယ်လို့ ပြောခဲ့ကြတယ်။ အခုမဟုတ်တော့ပါ။ ကျန်းမာရေးနဲ့ မသင့်တဲ့ ဆီတွေဆိုတာ အင်္ဂလိပ်လို Trans fats or trans fatty acids လို့ ခေါ်တယ်။ (ထရန့်-ဆီ) ဟာ ၀ါစေ့ဆီ၊ ပဲပုတ်စေ့ဆီတွေကနေ ထုတ်တာပါ။ လူတွေ သမားရိုးကျ စားသုံးခဲ့ကြတဲ့ဆီကို လူတွေကဘဲ ပြုပြင်ပြီး၊ (ထရန့်-ဆီ) လုပ်ကြတာပါ။ သမားရိုးကျဆီကို (ဟိုက်ဒရိုဂျင်) ထပ်ပေါင်းထည့်လိုက်တာတဲ့။ စလုပ်ခဲ့သူက ဂျာမန်လူမျိုး။ ၁၉၀၂ ကပေါ့။

အဲလိုလုပ်လိုက်တော့ ဆီက ပြစ်သွားတယ်။ ပြစ်တော့ လွယ်လွယ်ပြောရရင် အသုံးခံတာပေါ့ဗျာ။ ဒီဆီနဲ့ ကြော်တဲ့ အစားအသောက်ကလည်း အရသာတမျိုး ထူးလာစေတယ်တဲ့။ ပြန်ပြန်လဲ သုံးနိုင်လို့ တွက်ခြေ ကိုက်သေးတယ်။ မကိုက်တာကတော့ ကျန်းမာရေးနဲ့ပါ။ နာမည်ကြီး “(ကိုလက်စထော) ဆိုး” တိုးစေတယ်။

(ကိုလက်စထော) ကလည်း အဆိုး(LDL) နဲ့ အကောင်း(HDL) ဆိုပြီး၊ နှစ်မျိုးနှစ်စား ရှိတာဘဲ။ လူတွေနဲ့ အတော် တူတယ် မဟုတ်ပါလား။ လူဆိုးတွေ ကြီးစိုးရင် ရပ်ရွာနာတယ်၊ တိုင်းပြည် နုံခြာတယ် မဟုတ်လား။ ဆီဆိုးကြောင့် နှလုံးသွေးကြော ကျဉ်းပြီး၊ Stroke (စထုပ်ခ်) ရနိုင်တယ်။ ဆီးချိုအမျိုးအစား (၂) ရမယ်။ အသက် တိုတယ်။ နောက်ပြီး အ၀လွန်တာ၊ အသဲ၊ ကင်ဆာ၊ (အဇာမိုင်ယာ) ရောဂါတွေကိုလည်း ဖြစ်စေမယ်။ ကြောက်စရာကြီးပါ။ (အဇာမိုင်ယာ) ဆိုတာက နာမည်ကြီး ဟောလီဝုဒ် မင်းသားကနေ နှစ်ထပ်ကွမ်း (အော်စကာ မဟုတ်ပါ) သမတ ဖြစ်လာခဲ့သူ (ရော်နယ်-ရီဂင်) အသက်ကြီးတော့ ဖြစ်ရရှာတာမျိုး ပြောတာ။

ဒီလို မကောင်းပါရက်နဲ့ (ထရန့်-ဆီ) ဘာလို့ ပေါ်ပြူလာဖြစ်လာလဲဆိုတာ သိဘို့လိုတယ်။ ၁၉၉၀ (ရွေးကောက်ပွဲ အကြောင်း ပြောမှာ မဟုတ်ဘူးနော်) အရင်က (ထရန့်-ဆီ) မကောင်းတာကို သိပ်မသိကြဘူး။ သူငယ်ချင်းတို့၊ လင်မယားတို့လို ပေါင်းကြည့်မှ သိတာမျိုးပေါ့။ အစိုးရဆိုရင် ကောင်း-မကောင်း (၄) နှစ်နဲ့ အကဲဖြတ်နိုင်တယ်။

လူစားတာတွေထဲမယ် ကဇီဓါတ် (ကာဗွန်ဟိုက်ရိတ်)၊ သား-ငါး (ပရိုတင်း) နဲ့ ဆီ-အဆီ (ဖက်) ဆိုတဲ့ သုံးမျိုးကို ယှဉ်ကြည့်ရင် တဇွန်းချင်း တူတာတောင် ဆီ-အဆီ ကနေရတဲ့ (ကလိုရီ) ဟာ ကျန်တဲ့အုပ်စုတွေထက် နှစ်ဆမက များတာ။ လူတယောက်ဟာ ကိုယ်လိုတဲ့ (ကယ်လိုရီ) ရဲ့ ဆယ်ပုံတပုံကျော်ဟာ (ထရန့်-ဆီ) ကနေ ရတာဆိုရင်တော့ မကောင်းပါ။ အစစ်မဟုတ်တာ ၂၅% ရောလို့ကတော့။

အစားအသောက်တွေမှာ အဆီ ဘယ်လောက်ပါတယ်ဆိုတာ ရေးပြီးမှ ရောင်းရမယ်လို့ ဥပဒေထုတ်တဲ့ တိုင်းပြည်တွေမှာဆို သတိထားနိုင်ပါမယ်။ ဘာဥပဒေမှ ဂရုမစိုက်တဲ့ နိုင်ငံဆိုရင် ကံသာလျင် အမိ၊ ကံသာလျင် အဖ၊ သဘောထားပြီး၊ တရားနဲ့သာ ဖြေပေတော့။ “အမိအဖ ဆိုတာ တခြားဟာ မရှိစေသင့်ပါ။”

သူများကိုဘဲ အပြစ်မပြောနဲ့ဗျို့။ (ထရန့်-ဆီ) ဖြစ်အောင်မလုပ်ဘဲ နဂိုကတည်းက (ထရန့်-ဆီ) ပါတဲ့ဆီတွေဆိုတာလည်း ရှိပါတယ်။ နွားနို့၊ အမဲ-ဆိတ်-သိုးအဆီ၊ ထောပတ်၊ (မာဂျရင်း)။

ဇာတိမြို့ရွာကနေ ချင်းတောင်ဖက်က ဖြတ်ထွက်လာရတုံးက ကားလမ်းဘေးမှာ ကျောက်ဆုံထဲကို ချင်းနှမ်းမဲမဲတွေတည့်၊ ကြည်ပွေ့ကိုင်ပြီး၊ လက်နဲ့မမောမပမ်း ထောင်းကာ၊ ဆီဖြစ်လာအောင် လုပ်နေတဲ့ ချင်းမကြီးတွေ မြင်ခဲ့ရဘူးတယ်။ စိတ်မကောင်းဘူး။ ခုချိန်မှာ (ကပီး) တို့ အဲလို ဆီထောင်းနိုင်သေးရဲ့လား။ ကျွန်တော့်ရွာမှာတော့ ဆီဆုံပျောက်တာ ကြာခဲ့ပါပြီကော။

(ဂလိုဘယ်လိုက်ဇေးရှင်း) နဲ့အတူပါလာတဲ့ အစားအသောက်တွေမှာ (ထရန့်-ဆီ) တွေပါတယ်။ (ဖရင့်ခ်ျ-ဖရိုင်း)၊ (ဒူးနတ်)၊ (ပက်စ်ထရီ)၊ (ပီဇာ)၊ (ကွတ်ကီးစ်)၊ အာလူး(ချစ်ပ်)၊ (ကင်ဒီ-ဘား)၊ ဟမ်းဘာဂါ၊ ကြက်ကြော်၊ (ပေါ့ပ်ကွန်)၊ (မာဂျရင်း-စတစ်)၊့။

ကဲ့ (မက်ဒေါ်နယ်)တို့၊ (ကေအက်ဖ်စီ)တို့၊ (ပီဇာ)တို့ သွားစားနိုင်သူများ ကံကောင်းပါစေ။

Dr. တင့်ဆွေ
၉-၄-၀၉
၁-၅-၂၀၁၀
မှတ်ချက်။ (ကပီး) ဆိုတာ ချင်းစကားနဲ့ ညီမ၊ အမ၊ အဒေါ် စသူတွေကို ခင်ခင်မင်မင် ခေါ်တာပါ။

Read more...