Thursday, April 29, 2010

ANC (Antenatal Care) ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း

ဆရာရှင့် ကိုယ်ဝန်ဆောင်မိခင်များ သိသင့်သော လိုက်နာရမည့်အချက်များကို ဖော်ပြပေးပါရှင့်။ ဖောလစ်အက်စစ် အပြင် ကိုယ်ဝန်ဆောင် အားဆေးများကို ကိုယ်ဝန်ဘယ်နှစ်ပတ်တွင် စသောက်လို့ရပါလဲ။ ကိုယ်ဝန် 10 ပတ်ခန့်တွင် scan ရိုက်လို့ရပါသလား။ ကိုယ်ဝန်ဆောင်နှင့် ပတ်သက်သော မြန်မာ website e-book များကိုလည်း ဖော်ပြပေးပါ။ ကျေးဇူးတင်ပါတယ်။ အမိမြေရဲ့အဝေးမှာ ရောက်နေလို့ ဆရာတို့ကိုပဲ အားကိုးပါတယ်။

ကိုယ်ဝန်ဆောင် အမျိုးသမီးတွေ သိစေဘို့ ဘာသာပြန်ပြီး၊ တင်ပေးကြတာ အများကြီး ရှိနေပါပြီ။ http://yamuna-clinic-delhi.blogspot.com/ နဲ့ http://dts-medicaleducation.blogspot.com/ ထဲမှာလဲ စုံသလောက် ပါနေပါတယ်။ တိုက်ရိုက်လဲ မေးနိုင်ပါတယ်။ ကိုယ်ဝန်ဆောင်တွေအတွက် လုပ်ပေးရတာ အသက်နှစ်ချောင်း၊ ကုသိုယ် ၂ ဆရတယ် မဟုတ်လား။

ကိုယ်ဝန်ဆောင်ပြီဆိုတာနဲ့ ကျန်းမာရေးအသိနဲ့ယှဉ်ပြီး လုပ်စရာတွေ အများကြီးရှိတယ်။ ကိုယ်ဝန်ကို အပ်ပါ။ သွားပြီး မွေးဖွါးမယ်လို့ ရည်ရွယ်တဲ့ ဆေးခန်း၊ မွေးခန်း၊ ဆေးရုံတွေမှာ အပ်တာက ပိုကောင်းတယ်။ ANC (Antenatal Care) ခေါ်တဲ့ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်းမှာ ဘာတွေလုပ်ရမယ်ဆိုတာ တိတိကျကျ ရှိတယ်။ တချို့နေရာတွေမှာ အသေးစိတ် လုပ်ပါလိမ့်မယ်။ အသေး မစိတ်နိုင်ရင်လဲ အစိုးရိမ် မကြီးပါနဲ့။ တောနယ်တွေမှာ လက်သည်တောင်မပါဘဲ မွေးနိုင်ကြသေးတယ်။ တယောက်နဲ့တယောက် အတော်တော့ မတူကြဘူး။

ANC ဆိုတာ မိခင်လောင်းရဲ့ ကိုယ်ကျန်းမာရေး၊ စိတ်ချမ်းသာရေးအပြင်၊ ကလေးအတွက်ပါ လိုတာတွေကို စစ်ဆေး၊ ဆောင်ရွက်ပေးတာပါ။ အရင်ဆုံး ကိုယ်ဝန်ရှိနေတာ သေခြာအောင်လုပ်တာနဲ့ စပါတယ်။ သန္ဓေစတည်ပြီး၊ ၂ ပါတ်ဆိုရင် ဆီးစစ်လို့ရပြီ။ တချို့နည်းတွေက ဒီထက်တောင် စောပြီး စမ်းလို့ရသေးတယ်။ စိတ်ဝင်စားဘို့ကောင်းတာက ဒီနည်းဟာ သန္ဓေသားရှိ-မရှိစမ်းတာ မဟုတ်ဘဲ၊ အချင်း ဖြစ်နေပြီ ဆိုတာကို စမ်းတာဖြစ်ပါတယ်။

နောက်ဆုံး ရာသီလာခဲ့တဲ့လက ပဌမဆုံး သွေးဆင်းတဲ့ရက်ကို မှတ်ပါ။ LMP ခေါ်တယ်။ ဒီရက်ထဲကို ၉ လ နဲ့ ၇ ရက် ထည့်ပေါင်းတာနဲ့ EDD မွေးမဲ့ရက်ကို တွက်ယူနိုင်တယ်။ ပျော်စရာ တမျိုးပေါ့။ Ultrasound လုပ်ရင်တော့ Report မှာ ကိုယ်ဝန်က Weeks ဘယ်လောက် နဲ့ Days ဘယ်လောက်ရှိပြီလို့ ရေးကြတယ်။ သွားရိုက်တဲ့ ရက်ထဲကနေ အဲဒါကို ပြန်နုတ်တော့ ကိုယ်ဝန်စရှိတဲ့ရက် LMP ကို ရတယ်။ Week ကို (၄ ပါတ် ၁ လ) လပြန် ဖွဲ့ပြီးမှ အပေါင်း-အနုတ် လုပ်ရတယ်။ အလုပ်သင် ဆရာမတွေအတွက်တော့ သင်္ချာပညာ စမ်းသလိုဘဲ။ သူတို့ခမြာ အတော် ခေါင်းရှုတ်ကြရှာတယ်။ ကိုယ့်မှတ်ရက်နဲ့ တွက်တာနဲ့ (အာလ်ထွာ-ဆောင်း) ရက်နဲ့ တွက်တာ မတူဖြစ်နေတတ်တယ်။ ကိစ္စမရှိဘူး။ ဘယ်လိုတွက်တွက် ရှေ့ ၂ ပါတ်၊ နောက် ၂ ပါတ် လွဲတတ်တယ်။ ကျွန်တော့် ဒုက္ခသည်ဆေးခန်းလေးမှာ ၁၂၁ ယောက် မွေးတဲ့အထဲက ရက်အတိအကျ မွေးသွားတာ ၃ ယောက်နဲ့ ၁ ရက်ထဲကပ်လွဲတာ ၄ ယောက်ဘဲ ရှိတယ်။

ကိုယ်ဝန်အပ်ပြီး နောက်ဘယ်တော့ ပြန်လာနေရမလဲဆိုတာက မြန်မာပြည်မှာတော့ ကိုယ်ဝန် ၉ လကို ၃ ပိုင်းခြားပြီး၊ ပဌမ ၃ လမှာ ၁ လ ၁ ခါ၊ ဒုတိယ ၃ လမှာ ၂ ပါတ် ၁ ခါ၊ နောက်ဆုံး ၃ လမှာ ၁ ပါတ် ၁ ခါ ခေါ်လေ့ ရှိတယ်။ ထူးခြားရင်လဲ အချိန်မရွေး လာဘို့မှာတယ်။ ထူးတယ်ဆိုတာတွေက ကိုယ်ဝန်နုချိန်မှာ ဆီးအောင့်တတ်တယ်။ ပျက်ကျတတ်တယ်။ ကိုယ်ဝန်ဆောင်စ လက္ခဏာတွေ ဆိုးတာဖြစ်တတ်တယ်။ သွေဖိအား အထက်က ၁၀၀ မပြည့်ရင် ဗီတာမင်ပါတဲ့ Drip သွင်းပေးတာ ကောင်းတယ်။ ကိုယ်ဝန်နောက်ပိုင်းမှာ စောမွေးတာ၊ ခါးနာတာ၊ တမျိုးမျိုး (အရည်၊ သွေး) ဆင်းတာ စသဖြင့် ဖြစ်တတ်တယ်။

ကိုယ်ဝန်ဆောင် အားဆေးတွေကို စောပြီးသောက်နိုင်လေ ကောင်းလေပါ။ ဒါပေမဲ့ ကိုယ်ဝန်ရင့်လာရင် ပိုလိုလာတယ်။ အမျိုးသမီးတိုင်း ယောက်ျားတွေထက် ပိုလိုတာက သိတဲ့အတိုင်း သံဓါတ်နဲ့ ဖေါလစ်အက်စစ် ဖြစ်တယ်။ လူတိုင်း သောက်ရင် ကောင်းတဲ့ ဗီတာမင် ဘီ အပြင်ပေါ့။ ထပ်လိုသေးတာက (ကယ်လ်စီယံ)။ ဆေးကုပ္မဏီတွေကလဲ ရောင်းကောင်းအောင် ဆေးအမျိုးမျိုးကို ကြော်ညာကောင်းကောင်းနဲ့ ထုတ်တယ်။ သံဓါတ်ဆေးကို မြန်မာပြည်မှာ (ယူနီဆက်ပ်) ကနေ အလကားဝေတယ်။ တကမ္ဘာလုံး ဝေရတာမို့ ဈေးချိုချို ဖြစ်အောင် လုပ်ရတယ်။ ဗူးခွံရိုးရိုး၊ ဆေးကို သကြားအုပ် မထားတာမျိုး။ သံချေးနံ့တော့ ရတာပေါ့။ အမှန်က ကောင်းပါတယ်။ “ထောပတ်ကောင်း စလောင်းနှင့်တည်” ဆိုသလို အကောင်းကို ဘာနဲ့ ထည့်ထည့် ကောင်းတာဘဲပေါ့။ သံဓါတ်ကို ဆေးရည်လုပ်၊ ဗူးလှလှနဲ့ထည့် ရောင်းတော့ ဈေးကြီးသွားရော။ တခါတည်းပြီးအောင် သံဓါတ်ရော၊ ဗီတာမင်ပါ ရောထုတ်တာလဲ အကြံကောင်းပါတယ်။ ဗီတာမင် ဘီ နဲ့ စီ ရောလေ့ရှိတယ်။ အခုထုတ်သေးလားမသိဘူး။ (ဘီပီအိုင်) ကနေ Furamin BC ထုတ်တယ်။ Prenatal capsule ဆိုပြီးလဲ ထုတ်တယ်။ ဘယ်ဆေးမဆို ထုတ်လုပ်တဲ့ ဆေးကုပ္မဏီနာမည်ရှိတာကို ရွေးစေချင်တယ်။ အိမ်နီးချင်းနိုင်ငံတွေက လူလည်ကြီးများဟာ နာမည်ရှိပြီးသား ဆေးတွေကို ပုံမှားရိုက်နေကြတယ်။ ကိုယ့်တိုင်းပြည်က ညံ့နေသေးတော့ ခံနေကြရတာပေါ့ဗျာ။

သံဓါတ်က ၀မ်းချုပ်စေတတ်တယ်။ ဒါပေမဲ့ သောက်ရမှာပါ။ ၀မ်းချုပ်ရင် တခြားဝမ်းနုတ်ဆေးတွေထက် ၀မ်းပြော့ဆေးမျိုးက ပိုသင့်တယ်။ Milk/Cream of Magnesia ဆိုတာ ဇွန်းကြီး ၂ ဇွန်း၊ ညမအိပ်ခင် သောက်ရတယ်။ ရေ၊ အရည် များများ သောက်။ အသီးအရွက်၊ အသီးအနှံ များများစားပေးပါ။ မန်ကျီးမှည့်ဖျော်ရည်၊ သင်္ဘောသီးမှည့် မှီဝဲပါ။ မိခင်လောင်း တဦးချင်း မတူတာတွေလဲ ရှိတတ်သေးတယ်။ သူများထက် ဗီတာမင် ဘီ ၁၊ ၂၊ အေ နည်းနေတာ။ နောက် တခြားရောဂါ တခုခု ရှိနေတာ။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ပန်းနာ စသဖြင့်ပေါ့။ သံဓါတ်နည်းလွန်းနေရင် ပါးစပ်က မသောက်ချင်ရင် သံဓါတ် ထိုးဆေး ထိုးပါ။ နားလည်တဲ့သူ ထိုးပါစေ။ ဒီဆေးက အပ်မသေး-မတိုတာနဲ့ တင်ပါးမှာ ခပ်နက်နက်ထိုး၊ ဆေးသွင်းပြီး အပ်ပြန်နုတ်ရင် စောင်းနုတ်ရတယ်။ မခြေရဘူး။ ဆေးထိုးတဲ့နေရာ မဲသွားမှာစိုးလို့။

ဗိုက်လာအပ်ရင် လုပ်ပေးမှာလေးတွေ ပြောပါအုံးမယ်။ အထွေထွေစစ်ဆေးခြင်းဆိုတဲ့ ကိုယ်အလေးချိန်၊ အရပ်၊ သွေးဖိအား တိုင်းတာတွေနဲ့ နှလုံး၊ အဆုပ် နားထောင်တာတွေ လုပ်ပါမယ်။ သိတဲ့အတိုင်း အရပ်ပုရင် ခက်တတ်တယ်။ သိပ်မစိုးရိမ်နဲ့ အရပ်မရှည်၊ အသက်ငယ်ငယ်နဲ့ လွယ်လွယ်မွေးတာတွေ ရှိတာဘဲ။ ကိုယ်ဝန်ရင့်လာလို့ Doppler နဲ့ စမ်းရင် မွေးလာမဲ့ သူ့ကလေး နှလုံးခုန်သံကို ကြားရလို့ မိခင်လောင်းမှာ ပီတိတွေဖြာနေတာ သိပ်သဘောကျဘို့ ကောင်းလှတယ်။

သေခြာပေါက် ဗိုက်စမ်းပေးမယ်။ ဆီးစပ်ရိုး အထက်မှာ စပြီး စမ်းလို့ရရင် ကိုယ်ဝန်က ၁၂ ပါတ်ရှိနေပြီ။ ချက်အောက်နားဆို ၂၀ ပါတ်၊ ချက်အထက်နားရှိနေရင် ၂၂ ပါတ်။ ရင်ခေါင်းဆိုက်တယ်လို့ခေါ်ကြတဲ့ အမြင့်ဆုံးဆိုတာ ၃၈ ပါတ်။ မွေးမှာက ၄၀ ပါတ်။ ကလေးခေါင်းက အောက်ဆင်းလာလို့ နိမ့်လာတာပါ။ ၂၀ ပါတ်ဆိုရင် ကလေးလှုတ်တာ သိမယ်။ မကြာခင် အဲဒီ ပုဂ္ဂိုလ်လေးက မအေဗိုက်ကို ကန်အုံးမယ်။ ကိုယ့်ကလေးကြောင့် နာရတာကို ပြုံးနေတတ်တာ မိခင်မေတ္တာ။

သွေးစစ်တာမှာ A, B, AB, O သွေးအုပ်စု၊ Rh factor နဲ့ Hb ဖြစ်တယ်။ မိခင်က Rh-negative ဖြစ်နေရင် ကလေးနဲ့သင့်-မသင့် စစ်ရပါမယ်။ သွေးအား နည်းနေ-မနေဆိုတာ Hb အနည်းအများနဲ့ သိစေတယ်။ VDRL for Syphilis ဆစ်ဖလစ်၊ Hepatitis B ဘီပိုး နဲ့ HIV ရှိ-မရှိတွေလဲ စမ်းရမယ်။ တချို့နိုင်ငံတွေမှာ German measles ကိုလည်း စစ်တယ်။

ဆီးစစ်တာက ၂ မျိုးပါ။ ကိုယ်ဝန်ဆောင်စမှာ ဆီးထဲ Albumin ပါနေတတ်တယ်။ ဆီးလမ်းပိုးဝင်ရင်လဲ ပါတယ်။ ဆေးသောက် ပျောက်တာပါ။ ဆီးချိုရှိ-မရှိ စမ်းရသေးတယ်။ ဆီးချိုရင် ကလေးထွားတတ်တယ်။

Ultrasound Scan ကို ကိုယ်ဝန်နုတုံး ၁ ခါနဲ့ ရင့်တော့ ၁ ခါ ရိုက်တာ ကောင်းတယ်။ အစားအများကြီး မစားဘဲ၊ ရေအများကြီး သောက်သွားပါ။ အောက်ပိုင်း အ၀တ်အစား ချွတ်လို့ လွယ်တာ ၀တ်သွားပါ။ ကိုယ်ဝန်ရှိတာကို ၅ ပါတ် ကတည်းက Scan မှာ သိနိုင်ပြီ။ ၇ ပါတ်မှာ နှလုံးအလုပ်လုပ်နေတာသေခြာပြီ။ ၅ လ (၂၀ ပါတ်)ကျမှ ကလေးအင်္ဂါ ချို့ယွင်းမှု ရှိ-မရှိကို စစ်ဆေးတာကောင်းတယ်။ နောက် သိချင်တာက သားအိမ်ထဲမဟုတ်ဘဲ သန္ဓေတည်နေတာလား။ ကိုယ်ဝန် ၆ ပါတ်ကတည်းက သိနိုင်တယ်။ အမွှာဆိုတာလဲ သိမယ်။ ရေမွှာရည် အနည်း-အများ၊ ဒေါင်လိုက်၊ ကန့်လန့်။

ကိုယ်ဝန်နောက်ပိုင်းမှ ရိုက်ရင် အရေးကြီးတဲ့အချက် ၂ ခုသိမယ်။ အချင်းနေရာနဲ့ ကလေးက ခြေကဖွါး ဖြစ်-မဖြစ် သိဘို့ ဖြစ်တယ်။ ၉၀% ကျော် ကိုယ်ဝန်တွေက ကလေးဟာ ခေါင်းက အောက်မှာ။ မဟုတ်ရင် တင်ပါးဆုံပြုနေတတ်တယ်။ စောစော ရိုက်တုံးက တင်ပါးဆုံဖြစ်နေပေမဲ့ ကလေးဟာ သူ့ဖါသာသူ လှည့်သွားတတ်တယ်။ ဒါ့ကြောင့် Scan ကို စောစောရိုက်ထားရင် နောက် ထပ်ရိုက်တာ ကောင်းတယ်။ တင်ပါးဆုံပြုဆိုရင် လှည့်ပေးဘို့ လိုချင်လိုမယ်၊ မွေးရင်လဲ ပိုပြီး ဂရူစိုက်ရမယ်။ နောက်တချက်က အချင်းဟာ ပုံမှန်ဆိုရင် သားအိမ်အ၀နဲ့ ဝေးရတယ်။ နီးတာနဲ့ ဖုံးနေတာဆိုရင် သေခြာပေါက် ဗိုက်ခွဲမွေးရမယ်။ Scan ရဲ့ကျေးဇူးဘဲ။

ကိုယ်ဝန်ဆောင်တုံး ATT မေးခိုင်ကာကွယ်ဆေး ၂ ခါကို တခါနဲ့တခါ ၁ လခြာပြီး ထိုးထားပါ။ ကိုယ်ဝန်ဆောင်နေတုံး မသောက်သင့်တဲ့ဆေးတွေလဲရှိတယ်။

အောက်မှာ ရေးတာတွေက ဆေးခန်းအကူ ဆရာမတွေကို သင်ပေးရတာတွေပါ။ နားနားနေနေ ဖတ်ကြည့်ပေါ့။ အထဲက ရင်သွေးကလေးလဲ နားထောင်နေလိမ့်မယ်။ နားနီးတော့ သူကြီးလာရင် ဆရာဝန်ဖြစ်ချင်ဖြစ်လာမှာပေါ့။

Dr. တင့်ဆွေ
၁၉-၃-၂၀၁၀

ကိုယ်ဝန်ဆောင်စ လက္ခဏာများ Morning sickness
ကိုယ်ဝန်ဆောင် ၇ဝ-၈၅% ဖြစ်တတ်။ ပျို့-အန်ခြင်း၊ ရင်သားနာခြင်း၊ အစာအိမ်ပြဿနာပေးခြင်း၊ အားယုတ်ခြင်း၊ မကြာ ခဏ ဆီးသွားခြင်း၊ မောပမ်းခြင်း၊ သွေးအနည်းငယ် ဆင်းခြင်း၊ ယခင်ကထက် အားအင်ပြည့်၊ အလေးချိန် တိုးလာမည်။ အနေအထိုင် ခက်ခဲလာမည်။ အရေပြားပြောင်းလဲမှုများရှိမည်၊ သွင်ပြင်လက္ခဏာများ နှင့် စိတ်ပိုင်းဆိုင်ရာလည်း ပြောင်း လာသည်။
Hyperemesis Gravidarum ကိုယ်ဝန်ဆောင်စဉ် အလွန်အကြွံ အန်ခြင်း။ ဆိုးရွားသည်။ ကြာလျင် ကိုယ်အလေးချိန်လျှော့၊ အာဟာရနည်း၊ ဓါတ်ဆား အချိုးအဆ ပြောင်းလဲခြင်းတို့ ဖြစ်လာနိုင်သည်။ ကိုယ်ဝန် ၈-၁၂ ပတ်မှာ အဖြစ်များသည်။ အနားယူပါ။ အစာကို နည်းနည်းနှင့် အကြိမ်ခွဲစားပါ။ ပရိုတင်းများများ စားသင့်ပြီး၊ အဆီနှင့်အစပ် လျှော့သင့်သည်။ DNS/NS/RL သွင်းပေးဘို့ လိုနိုင်သည်။ ORS သောက်ပါ။ ဂလူးကို့စ်၊ ဗီတာမင် B 1, B 6, မဂ္ဂနီဆီယမ် ပေးရမည်။
အအန်သက်သာရန် Doxylamine 10 mg နှင့် Vitamin B6 10 mg ရောပေးသင့်သည်။ Promethazine 12.5-25 mg ကို ၄ နာရီခြား၊ Prochlorperazine 25 mg ကို စအိုမှ ၁၂ နာရီခြားပေးနိုင်သည်။ Meclizine, Dimenhydrinate, Metoclo-pramide တို့ကိုလည်း ပေးနိုင်သည်။ ဂျင်း(ချင်း) Ginger capsules of 250 mg taken 4 QID လည်း ကောင်းသည်။
ကိုယ်ဝန်ဆောင်စဉ် ခံစားရမှုများအား ကုသပေးခြင်း
• ခါးနာခြင်း၊ အနေအထား ပြောင်းပေးပါ။ ခွါမြင့်ဖိနပ် မစီးရ။ အလေးအပင်မ မရ။ ခါးကုန်း၍မ မရ။ မလုပ်ရ။ ခြေထောက်အား အမြင့်တွင်တင်၍ နားပါ။ ဒူးကွေး၍ ဘေးတဖက် လှည့်အိပ်ပါ။ ပေါင်ခြားထဲ တခုခုခံထားပါ။ ခါးကို အပူ-အအေး တင်ပေးပါ။ လေ့ကျင့်ခန်းလုပ်ပါ။
• အသက်ရှူခက်ခဲခြင်း၊ ခါးမတ်မတ် ထိုင်ပါ။ အိပ်လျင် ခပ်မတ်မတ် အိပ်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။
• ဝမ်းချုပ်ခြင်း၊ ရေ-အရည်များများ သောက်ပါ။ အသီးအနှံများများ စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ လမ်းလျှောက်ပါ။
• ကြွက်သားနာခြင်း၊ (ကယ်လ်စီယမ်) ဆေးစားပါ။ လှုပ်ရှားလျင် သက်သက်သာသာလုပ်ပါ။
• အအိပ်ပျက်ခြင်း၊ မအိပ်မီ ရေနွေးဖြင့် ရေချိုးပါ။ နားနားနေနေနေ ထိုင်ပါ။
• အစာမကြေဖြစ်ခြင်း၊ တနေ့ ၅-၆ ကြိမ် အစာနည်းနည်းချင်း စားပါ။ လေထတတ်သည့် အစားရှောင်ပါ။ ဆိုဒါ-အင်တီအက်စစ်ဆေး မစားရ။ အစားစားစဉ် ခပ်မတ်မတ်ထိုင်စားပါ။ စားပြီးပြီးချင်း မအိပ်ရ။ အစားစားပြီး ၂ နာရီ အတွင်း လေ့ကျင့်ခန်းမလုပ်ရ။
• ပျို့-အန်ခြင်း၊ အိပ်ရာထ ထချင်း ဘီစကစ်။ ပေါင်မုံ့ကင်စားပါ။ အိပ်ရာထလျင် ချက်ချင်း အိပ်ရာကမဆင်းရ။ မကြိုက်သည့် အနံ့အသက် ရှောင်ပါ။ အန်တာများက ဆရာဝန်ပြပါ။
• Varicose veins သွေးပြန်ကြောထုံးခြင်း၊ ခြေထောက် မြှင့်ထားပါ။ လှဲနေပါ။ အကြာကြီး မရပ်-မသွားရ။ ခြေအိပ်-ဖိနပ် အကြပ် မစီးရ။ အထူးလုပ်သားသည့် ခြေအိပ်သုံးပါ။ အမြဲထိုင်မနေရ။
• ဖေါရောင်ခြင်း၊ ခြေထောက် မြှင့်ထားပါ။ ဘယ်ဘက်စောင်း အိပ်ပါ။ ဆားလျှော့စားပါ။
• ရင်သား ကြီးထွားလာမည်၊ နာမည်၊ တင်းမည်။ Nipple ထိပ်ဖျား အရောင် ရင့်လာမည်။ ထိပ်ဖျားဝင်နေပါက ဆွဲထုတ်ပေးပါ။ ရေချိုးစဉ် နို့ထိပ်ဝကို သန့်ရှင်းပေးပါ။ Areola ခေါ် နို့သီးဘေးမှ အရောင်ညိုအဝိုင်းတွင် ဘဲ-ငန်း အရေပြားလို အသီးလုံးလေးများ ပေါ်လာမည်။ ရင်သားတွင် အလုံး-အကြိတ် ရှိ-မရှိ စစ်ဆေးပါ။

ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း၊ Antenatal Care (ANC) Prenatal care
မိခင်လောင်းတိုင်းအား သာမန်အားဖြင့် ရက်သတ္တ ၄ ပါတ်မှ ၂၈ ပါတ် အတွင်း တလတကြိမ်။ ၂၈ ပါတ် မှ ၃၆ ပါတ် အတွင်း တလ ၂ ကြိမ်၊ ၃၆ ပါတ် မှ မွေးသည်အထိ တပါတ်တကြိမ်၊ ကိုယ်ဝန်ဆောင် စောင့်ရှောက်ခြင်း ANC လုပ်ပေးရ မည်။ ကိုယ်ဝန်နှင့် ပတ်သက်သော အသိပညာပေးရမည်။ Body weight အလေးချိန်၊ Blood pressure သွေးဖိအား တိုင်းပါ။ ကလေးအနေအထားနှင့် ကြီးထွားမှုများ မှတ်တမ်းတင်ပါ။ ကလေးနှလုံးခုန်သံ။ Fetal Heart Sound (FHS) နားထောင်ပါ။ ကိုယ်ဝန်ဆောင် အားဆေးများပေးပါ။ ဆီး၊ သွေး၊ စစ်ပါ။
ANC မှတ်တမ်းတင်ခြင်း။ ကိုယ်ဝန်ရှိဘူးသမျှ အရေအတွက်ကို G ဟု၎င်း၊ အရှင်မွေးသမျှကို P ဟု၎င်း ရေးမှတ်ရသည်။ Primigravida သားဦး ကိုယ်ဝန်ကို G 1 ဟု မှတ်ပြီး၊ နောက်ကိုယ်ဝန်တိုင်းကို G 1, G 2 စသည် ခေါ်သွားသည်။ တခါမှ မမွေးဖူးလျင် P 0 ဟုမှတ်ပါ။ ကိုယ်ဝန်ရှိတိုင်း ကလေးအကောင်း မွေးချင်မှမွေးမည်။ ပျက်တတ်သည်။ ကိုယ်ဝန်ပျက်သည့် အရေအတွက်ကို P ၏ နောက်က အပေါင်းလက္ခဏာဖြင့် ရေးသည်။ ဥပမာ G 3, P 1+1 ဆိုသည်မှာ တတိယကိုယ်ဝန် ရှိပြီး၊ ၁ ခါ အကောင်းမွေး၍ ၁ ခါ ကိုယ်ဝန်ပျက်ဘူး။
နောက်ဆုံးရာသီပေါ်ခဲ့သည့်နေ့ Last Menstrual Period (LMP) နောက်ဆုံး သွေးဆင်းသောလတွင် ပဌမဆုံး စလာသည့် နေ့ကိုယူပါ။ မွေးဖွားမည့်ရက် Expected Due Date (EDD) တွက်ပါ။ LMP ထဲသို့ ၉ လနှင့် ၇ ရက် ပေါင်းထည့်ပါက EDD ရသည်။ EDD ၏ ရှေ့-နောက် ၂ ပါတ်အတွင်း မွေးနိုင်သည်။ သာမန်အားဖြင့် နောက်ဆုံး ရာသီပေါ်အပြီး ရက်ပေါင်း ၂၈ဝ သို့မဟုတ် ရက်သတ္တပါတ် ၄ဝ ဖြစ်သည်။ သို့သော် (၃၇-၄၂) ပါတ်လည်း ဖြစ်နိုင်သည်။ ကိုယ်ဝန်ဆောင် မှတ်တမ်း ရေး မှတ်ရာတွင် ၁ ပါတ် = ၇ ရက်၊ တလ = ၄ ပါတ်၊ တလ = ၃ဝ ရက်၊ ဖြင့်သာ တွက်ယူပါ။
ဓါတ်ခွဲစမ်းသပ်ခြင်းများ အောက်ပါတို့ကို ကိုယ်ဝန်ဆောင်အားလုံး စစ်ဆေးရမည်။
• Blood grouping (A, B, AB, or O)
• Rh factor
• Hemoglobin (Hb)
• Hepatitis B virus
• Urine Sugar
• Urine Albumin
• (STDs, STIs) VDRL
• Ultrasound
ကိုယ်ဝန်ဆောင်စဉ် ပေးရမည့် ဆေးများ
Anti Tetanus Toxoid (ATT) တလခြားပြီး၊ မမွေးမီ ၂ ခါထိုးပြီး ဖြစ်စေရမည်။ Iron သံဓါတ်၊ Folic acid ဖေါလစ်-အက်စစ်၊ ဗီတာမင် ဘီအုပ်စု၊ Calcium ကယ်လ်စီယမ်၊ ဗီတာမင် B 12
ဘာ့ကြောင့် အလေးချိန် တိုးလာသသနည်း
မိခင်၏အာဟာရများ = ၇ ပေါင်
တိုးလာသောအရေ၏အလေးချိန် = ၄ ပေါင်
တိုးလာသောသွေး၏အလေးချိန် = ၄ ပေါင်
တိုးလာသောနို့ = ၂ ပေါင်
ကြီးလာသောသားအိမ် = ၂ ပေါင်
ကလေး၏အလေးချိန် = ၇့၅ ပေါင်
ရေမြွှာရေ = ၂ ပေါင်
အချင်း၏အလေးချိန် = ၁့၅ ပေါင်
စုစုပေါင်း တိုးသည့်အလေးချိန် = ၃ဝ ပေါင်

ကိုယ်ဝန်ဆောင်စဉ် မသောက်သင့်တဲ့ဆေးများ။ Arbor vitae, Beth root, Black cohosh, Blue cohosh, Cascara, Chaste tree berry, Chinese angelica (Dong Quai), Cinchona, Cotton root bark, Feverfew, Ginseng, Golden seal, Juniper, Kava kava, Licorice, Meadow saffron, Pennyroyal, Poke root, Rue, Sage, ပွေးကိုင်း Senna, Tansy, White peony, Wormwood, Yarrow, Yellow dock, Vitamin A (large doses)
ဝက်ခြံပျောက်ဆေး၊ Isotretinoin (Accutane) and Etretinate (Tegison)
အတက်ပျောက်ဆေး၊ Phenytoin (Dilantin) and Carbamezapine (Tegretol)
အမူးပျောက်ဆေး၊ Ergotamine and Methysergide
အကိုက်အခဲ-အနာပျောက်ဆေးများ၊ Aspirin, ibuprofen, and other (NSAIDs)
သွေးမခဲဆေးများ၊ Anticoagulant drugs
ပဋိဇီဝဆေးများ၊ Azithromycin, Zithromax, Zmax, Zathrin, Erythromycin, Clarithromycin
ဝမ်းပျက်ခြင်း၊ ခရီးသွားဝမ်းပျက်ခြင်း၊ ဝမ်းကိုက်ခြင်းအတွက်ဆေး၊ Furazolidone
အရောင်လျှော့၊ နီခြင်းကိုသက်သာ၊ (အလာဂျီ) ဖြစ်ခြင်းကို သက်သာစေသည့်ဆေး၊ Prednisolone

Read more...

Wednesday, April 28, 2010

Dryness of Vagina ဟိုနေရာမှာ ခြောက်နေတာ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၃)
“ဆရာခင်ဗျား ကျွန်တော် မနှစ်ကမှ အိမ်ထောင်ပြုထားတဲ့ အိမ်ထောင်သည် တစ်ဦးဖြစ်ပါတယ်။ အမျိုးသမီးနဲ့ အတူနေတဲ့ အချိန်တိုင်း အကြိမ်တော်တော် များများမှာ အမျိုးသမီးရဲ့ အင်္ဂါဟာ အစပိုင်းခဏမှာ သွေ့ခြောက်နေတတ်ပါတယ်။ အတူနေချိန် အစပိုင်းဆို သူရော ကျွန်တော်ပါ နာကျင်ပြီး၊ သက်တောင့်သက်သာ မရှိဖြစ်ရပါတယ်။ နောက်ပိုင်းမှာ စိုစွတ်လာပေမယ့် အပြင်ခဏ ထုတ်မိရင် ချက်ခြင်းလိုလို ပြန်ခြောက်သွားတတ်ပါတယ်။ ဘာ့ကြောင့် ဒီလိုဖြစ်ရတယ်၊ ဒီ အခက်အခဲကို ဘယ်လို ဖြေရှင်းသင့်တယ်ဆိုတာ လမ်းညွှန်အကြံပေးပါဦးဆရာ။”

KY Jelly ကိုသုံးပါ။ Johnson & Johnson ကနေ ထုတ်တယ်။ ရေအခြေခံ Lubricant ဖြစ်လို့ ဆေးရင်လဲ လွယ်တယ်။ (ကွန်ဒွန်) ကိုလဲ မထိခိုက်စေပါ။ Vaseline (Petroleum Jelly) လို ဆီပါတာမျိုးက (ကွန်ဒွန်)ကို ထိခိုက်နိုင်တယ်။ ဆပ်ပြာနဲ့ ဆေးမှရတယ်။ အိမ်သုံးဆီတခုခု သုံးတာက သုံးလို့ရပေမဲ့၊ မသန့်ရင် မှိုရောဂါ ၀င်တတ်တယ်။ KY Jelly က ဘာ အန္တရာယ်မှ မရှိပါ။ နာမည် အမျိုးမျိုးတော့ ရှိနိုင်တယ်။ Tube, Cream, Liquid အမျိုးမျိုး အတူတူဘဲ။

“ကျွန်တော်က အသက် ၃၀၊ ကျွန်တော့် အမျိုးသမီးက ၂၉ နှစ်ပါ။ အခုလို ကိစ္စမျိုးက အသက်အရွယ်မရွေး ဖြစ်လေ့ဖြစ်ထ ရှိပါသလား။ ဖြစ်တတ်တယ်ဆိုရင် ဘာကြောင့် ဖြစ်တတ်တယ်ဆိုတာလေးလဲ သိပါရစေ။ နောက်ပြီးတော့ (ဂျယ်လီ) ကို သုံးရင် (ကွန်ဒွန်) မပါပဲ၊ သုံးဖို့ သင့်-မသင့် လမ်းညွှန်ပေးပါဦး ဆရာ။”

မွေးလမ်းကြောင်း ခြောက်နေခြင်း Dryness of Vagina က အများအားဖြင့် အသက် ၄၅ ကျော် Menopause သွေးဆုံးရင် သေချာပေါက် ဖြစ်တယ်။ ကျန်အရွယ်တွေမှာက ရှိတော့ ရှိတယ် ရှားတယ်။ Estrogen ခေါ်တဲ့ မ-ဟော်မုန်း နည်းသွားလို့ပါ။ ဖြစ်စေနိုင်တဲ့ အခြေခံ ရောဂါတွေလဲရှိတယ်။ Hypothyroidism လည်ပင်း-သိုင်းရွိုက် ဟော်မုန်း နည်းရောဂါ နဲ့ Vaginitis (ဗဂျိုင်းနား) ရောင်တာတွေ ဖြစ်ပါတယ်။ အစိုဓါတ်ဟာ ဆီးချိုရှိရင်လဲ နည်းတယ်။ ဘာလို့ ဖြစ်ရမှန်း မသိတာလဲ ရှိပါတယ်။

Vaginitis ကတော့ STD/STI လိင်ကတဆင့်ကူးစက်ရောဂါ တခုခုကြောင့်ပါ။ ဆေးကုလို့ လွယ်ပါတယ်။ Hypothyroidism ရဲ့ ရောဂါလက္ခဏာတွေကတော့ အားယုတ်တာ၊ စိတ်ဓါတ်ကျတာ၊ ကိုယ်အလေးချိန် (အနည်းငယ်) တိုးတာ၊ အအေးဒဏ် မခံနိုင်တာ၊ အိပ်ချင်စိတ် ကဲနေတာ၊ အသားအရေ ခြောက်တာ၊ ၀မ်းချုပ်တာ၊ ကြွက်သားနာတာ၊ (ကိုလက်စထော) များတာ၊ စိတ်အာရုံစိုက်မှု နည်းလာတာ နဲ့ ခြေထောက်ရောင်တာတို့ ဖြစ်တယ်။

ဒီစာမျိုး ရေးရတာက ခေါင်းစဉ်တခုကို တတ်နိုင်သလောက် ပြည့်စုံအောင်ရေးမှ ဖြစ်တာ။ လူ တထောင် တယောက်၊ တသောင်း တယောက် ဖြစ်နိုင်တာလဲ မချန်ရဘူး။ ဖတ်တဲ့သူက ပိုလို့တောင် သတိထားသင့်တယ်။ စာဖတ်ရင်း လည်ပင်း စမ်းနေသူလဲ ရှိနိုင်တယ်။ အစိုးရိမ် မကြီးစေချင်ပါ။ လက္ခဏာတွေဆိုလဲ သေးသေးဖွဲဖွဲလဲ ပါရတာ။ ရေးတဲ့ထဲမှာ ၀မ်းချုပ်တာတခု ပါနေတာမို့ ဖတ်တဲ့သူက တရက်လောက် Bathroom မသွားရင်ကို ငါ့မှာ ဒါဖြစ်သလား သွားထင်မိမှာ စိုးရသေးတယ်။ ပညာနဲ့ ဆင်ခြင်ပါလေ။

အရွယ်ရှိစဉ်မှာ (ဗဂျိုင်းနား) ကို ဖုံးထားတဲ့ အရေပြားဟာ ပြည့်ဖေါင်း၊ နီရဲ (ပန်းရင့်ရောင်)၊ ရှိပြီး၊ အမြဲလို စိုစွပ်နေတယ်။ ကြုံ့နိုင်-ဆန့်နိုင်တယ်။ လိင်စိတ်ရှိလာချိန်မှာ ပိုပြီး စွပ်စိုလာတာက (ဗဂျိုင်းနား) အ၀၊ အတွင်းကရှိတဲ့ Bartholin's glands ဆိုတဲ့ အကြိတ်နှစ်ခုကနေ အရည် ထွက်ပေးလို့ပါ။ မ-ဟော်မုန်း နည်းလာတာနဲ့အမျှ အဖုံးလွှာက ပါး၊ ဖြူ(ဖြူပြာ)၊ ခြောက်လာတယ်။ ကြုံ့နိုင်-ဆန့်နိုင်စွမ်းပါ နည်းလာတယ်။ သွေးဆုံးချိန်မှာ ဒီလိုဖြစ်လာတာ ပုံမှန်ဖြစ်စဉ်ပါ။ Vaginal atrophy (ဗဂျိုင်းနား) သေးကြုံ့တဲ့ရောဂါလို့ ခေါ်တယ်။

မ-ဟော်မုန်း Estrogens ဆိုတာ မျိုးဥအိမ် Ovaries တွေကနေ ထုတ်ပေးတာဖြစ်တယ်။ သူ့အစွမ်းကြောင့် မိန်းကလေးဟာ ရင်သား ဖွံ့ထွားလာစေတယ်၊ ကိုယ်ခန္ဓာပုံပန်းကလည်း ငါးရံ့ကိုယ်ဖြစ်လာစေတယ်။ ကိုယ်က မွှေးညှင်းလေးတွေကိုလဲ ချောနုလာစေတယ်။ ရုပ်သွင်ကို သာမက လစဉ်ရာသီလာတာ၊ ကိုယ်ဝန်ဆောင်တာတို့အတွက်ကိုလဲ လုပ်ပေးတယ်။

မွေးလမ်းကြောင်းခြောက်တာက သွေးဆုံးတာနဲ့ မဆိုင်ဘဲလဲ ဖြစ်တတ်ပါတယ်။ ကလေးဖွါးပြီးချိန်၊ စိတ်ဖိစီးမှုများချိန်နဲ့ ကိုယ်ဝန်တားဆေး တချို့ကြောင့်လည်း ဖြစ်နိုင်တယ်။ ခြောက်နေရင် ပူစပ်နေတာကိုတော့ ခံစားရတတ်တယ်။ မလိုဘဲနဲ့တော့ ဆေးကုစရာမလိုပါ။ သွေးဆုံးသည်ဖြစ်စေ မဆုံးသည်ဖြစ်စေ ကျား-မ ဆက်ဆံချိန်မှာ ပြဿနာရှိလာတာ (နာတာ-ခြောက်တာ) ဆိုရင် ကုပါ။ ကုနည်း အမျိုးမျိုး ရှိတယ်။

ဟော်မုန်းပေးကုတာကို (HT) ခေါ်တယ်၊ (PHT) လဲခေါ်တယ်၊ (HRT) လို့လဲ ခေါ်တယ်။ အထူးလိုတာမို့ အထူးကုနဲ့သာ ကုသင့်တယ်။ အခက်ကြီးတော့ မဟုတ်ပါ။ စားဆေးနည်းရော ဆေးထည့်နည်းရော ရှိတယ်။ Vaginal estrogen ring ဆေးကွင်း၊ Vaginal estrogen cream (ခရင်မ်)၊ Vaginal estrogen tablets ဆေးပြား၊ အမျိုးများတယ်။ Estriol Cream BP (Evalon Cream) ကို OG ကညွှန်လို့ သုံးခါစမှာ သကြားနဲ့ဆား မှားတာကို လူနာတယောက် ကြုံရဘူးတယ်။ အစသာ ဖြစ်တာပါ။

(KY jelly) (ဂျယ်လီ) က အများဆုံးနဲ့ အသင့်တော်ဆုံး ဖြစ်တယ်။ အရွယ်မရွေး သုံးနိုင်တယ်။ ရေနဲ့လုပ်တာ၊ ဆီမပါလို့ ဆေးရတာ လွယ်တယ်။ (ကွန်ဒွန်)ကိုလဲ မထိခိုက်စေဘူး။ (ကွန်ဒွန်) မပါဘဲလဲ သုံးလို့ရပါတယ်။ ဈေးချိုတယ်။ ၀ယ်ရတာ လွယ်တယ်။ အရွယ်အစား အမျိုးမျိုး ရောင်းတယ်။ အခါ ၅၀ လောက် သုံးနိုင်တာရော၊ ခရီးဆောင်ရော။ သုံးသူ အဆင်ပြေ၊ ရောင်းသူငွေရ။ တကယ်လို့ အမျိုးသမီးက Yeast မှိုပိုး မကြာမကြာ ရတတ်သူဆိုရင် ရိုးရိုး (ဂျယ်လီ)က (ဗဂျိုင်းနား)ရဲ့ pH အက်စစ်ဓါတ်နဲ့ မတူလို့ pH တူတဲ့ Astroglide (Silken Secrete) ကို ရှာဝယ်သင့်တယ်။ ဒီဆေးကိုတော့ Applicator နဲ့ ထည့်ရတယ်။ အတွင်းထဲထိ ထည့်ပေးနိုင်တယ်။ ဒါပမဲ့ လက်တွေ့မှာ အ၀နေရာမှာသာ ထည့်ပေးဘို့ လိုတာပါ။ ကိုယ်ခန္ဓာကို ငွေကြေးနဲ့ လဲရသူများမှာလည်း၊ အဖေါ်က မင်းသားလို ချောချော၊ ကျိကျိတက် ချမ်းသာနေနေ၊ ဘယ်စိတ်မှ လာတာ မဟုတ်လို့၊ (ဂျယ်လီ) ကိုသာ အိပ်စိုက်သုံးကြရတယ်။

နောက်တမျိုးကတော့ Vaginal moisturizer စိုစွပ်စေတဲ့ထည့်ဆေး (Yes, Sylk, Replens or Senselle, K-Y Silk-E Vaginal Moisturizer or KY Liquibeads) တွေ ဖြစ်တယ်။ ရေငွေ့ဓါတ်ပေးတဲ့သဘောပါ။

ဗီတာမင် E ကို အမျိုးသမီးတွေအတွက် ညွှန်းပါတယ်။ သောက်ဘို့သာမက capsule အတောင့်ထဲက ဆေးကို ဖေါက်ပြီး၊ အဂ်ါအထဲ ညှစ်ထည့်ပေးနိုင်သေးတယ်။ ပဌမတပါတ်မှာ နေ့စဉ် အဲလိုလုပ်ပြီး၊ နောက်ဆိုရင် တပါတ်မှ ၁ ခါ၊ ၂ ခါသာ လုပ်ဘို့ လိုတယ်တဲ့။ ဒါပေမဲ့ ဒီနည်းကို သိပ်မညွှန်းတော့ပါ။ အဆီဖြစ်လို့ (ကွန်ဒွန်)ကို ထိခိုက်နိုင်လို့။ ဗက်တီးရီးယား အခြေအနေ ပြောင်းစေနိုင်လို့ပါ။

အစားအစာထဲမှာ Soy ပဲပုပ် နဲ့ Flax ဗီသွာ(နှမ်းကြတ်) တွေကလည်း ဒီနေရာမှာ ခြောက်နေတာကို စိုစေတယ်လို့ဆိုတယ်။ တချို့က နှမ်းဆီ စစ်စစ်ကို ဂွမ်းမှာ ဆွတ်ပြီး၊ (ဗဂျိုင်းနား) အတွင်းသားမှာ တနေ့တခါ တပါတ်ကြာ သုတ်လိမ်းခိုင်းတယ်။

တခြား အထောက်အကူပြုမဲ့နည်းတွေကတော့ ရေများများ သောက်ပါ။ အတူနေတာ အကြိမ်များလာရင်လဲ ပိုကောင်း လာနိုင်တယ်။ (ဖိုးပလေး) ခေါ်တဲ့ အင်္ဂါနှစ်ခု မထိစပ်ခင် ကြိုတင်ဆောင်ရွက်မှုမျိုးအတွက် အချိန်ပေးပါ။ အမျိုးသမီးများဟာ အမျိုးသားတွေထက် စိတ်ဖြစ်ပေါ်မှု နှေးတယ်။ ဘယ်သူကသုံးသုံး၊ (အိုရယ်) နည်း သုံးနိုင်တယ်။ တံတွေးသုံးနည်းကလဲ အဆင်ပြေနိုင်ပါတယ်။ ဒါပေမဲ့ ခံတွင်းသန့်ရှင်းမှု ကောင်းကောင်း လုပ်ထားရမယ်။ ဒါတောင် အမျိုးသမီးမှာ ဆီးအောင့်တာ ဖြစ်လာတတ်တယ်။ သတိထားဘို့က ဆီ၊ တံတွေး၊ (အိုရယ်)နည်းကြောင့် ဗက်တီးရီးယား နဲ့ မှိုပိုး ၀င်တတ်တယ်။

Belladonna, Bryonia နဲ့ Lycopodium တို့က Homeopathic (ဟိုမီယိုပက်သစ်) ဆေးတွေပါ။

ကြော်ညာတာတွေလဲ ထည့်ရေးပါမယ်။ Aloe Vera gel, Fenugreek seeds, Ginkgo Biloba, Oat straw နဲ့ Black Cohosh Actaea racemosa စသဖြင့်ရှိတယ်။ Lady secret serum ဆိုတာက phyto-estrogen နဲ့ ထိုင်း-အိန္ဒိယ ဆေးဘက်ဝင် အပင်ထွက်တွေပါတယ်တဲ့။ “ကလေးဖွါးပြီးသူများ၊ (ဗဂျိုင်းနား) တအားကောင်းစေသည်” လို့ ကြော်ညာတယ်။

ဆေးပညာ ပညာပေးရတာမှာ ရေးသူအဖို့ ဖတ်သူရဲ့အခြေခံသိမှ ကောင်းတယ်။ အများဖတ်ဘို့ ရေးတဲ့အခါ အတော် ချင့်ချိန်ရတာ။ တချို့က “ချက်ဆို နားခွက်ကမီးတောက်” ပေမဲ့၊ တချို့က လုံးစေပတ်စေ့ ပြောတာတောင် လွဲသွားတာတွေ ရှိတယ်။

မိသားစုစီမံကိန်း ပညာပေးအစီအစဉ်တခုမှာ “ဟောဒီလို သုံးရတယ်” ဆိုပြီး၊ ဆရာသမားက (ကွန်ဒွန်)ကို လက်မမှာ ကျကျနန စွပ်ပြပြီး၊ စတိုင်ပါပါနဲ့ ပညာတော့ ပေးလိုက်တာပါဘဲ။ မကြာပါဘူး “ဆရာရယ် ဆရာပြောသလို လုပ်တာပါဘဲ၊ ကလေး ရှိပြန်ပြီ” ဆိုပြီး၊ (ကွန်ပလိမ့်) လာတယ်။ (ကွန်ဒွန်) လဲ မပေါက်၊ (ဒိတ်) လဲ မအောက်။ မနောက်ပါနဲ့ဗျာ ဘယ်လို စွပ်လဲ ပြောစမ်းပါအုံး။ “ညတိုင်း ညတိုင်း၊ ဆရာခိုင်းသလို ကျွန်တော့် ဘယ်ဘက်လက်မမှာ ကျကျနန စွပ်တာပါ။ ဘယ်-ညာတောင် မလွဲဘူး။” တဲ့ ခင်ဗျာ။

Dr. တင့်ဆွေ
၂၈-၄-၂၀၁၀

Read more...

Tuesday, April 27, 2010

What Causes Ectopic Pregnancy? ကိုယ်ဝန်က သားအိမ်ထဲမှာ မဟုတ်ဘဲ၊ တခြားနေရာတည်တာ ဘာ့ကြောင့်လဲ။

ထူးဆန်းသည့် ကိုယ်ဝန် Ectopic Pregnancy ဘာကြောင့် အဲလို ဖြစ်ရတာပါလဲဆရာ.. သိချင်ပါတယ်..

သိချင်လို့ မေးတာကို မသိတာနဲ့ စရတော့မှာဘဲ။ အများဆုံးကတော့ ဘာ့ကြောင့်မှန်း မသိပါ။ Risk factors ဖြစ်စေနိုင်တဲ့ အခြေအနေတွေက အမျိုးရှိတယ်။ သားအိမ်ပြွန်မှာ ပြဿနာရှိသူ၊ ဆေးဝါးရဲ့ မကောင်းကျိုးဆက်များ၊ ဆေးလိပ်စွဲသူတွေမှာ ဖြစ်ကြပါတယ်။ ဒါမျိုးကို တခုကမှ ဆရာဝန်တွေ ရှာမရသူကလည်း သုံးပုံတပုံကနေ တ၀က်အထိ ရှိတယ်။

Ectopic Pregnancy အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ သားအိမ်ရဲ့ထိပ်မှာ ချိုနှစ်ချောင်းလို ဘေးကားထွက်နေတာ။ တရိစ္ဆာန်ချိုလို သူများ သွားခွေ့ဘို့ မဟုတ်ဘူး။ အလုပ်ကြတော့ လက်နှစ်ချောင်းနဲ့ ပိုတူတယ်။ မျိုးဥအိမ်ကနေ တလတခါ ထွက်နေကျ မျိုးဥကို ကောက်ယူ၊ စုပ်ယူ၊ ဆွဲယူ လုပ်ပေးတယ်။ သု့အထဲမှာ ပေါင်းစပ်စရာလဲ နေရာပေးတယ်။ ဒါပေမဲ့ တလမှာ တခါသာ တာဝန်ကျတယ်။ ဒါတောင် အလုပ် အတော်ချောင်တဲ့သူတွေ၊ တဖက်က လုပ်ရင် နောက်တဖက်က လုပ်စရာမလို သန်းရှာနေယုံဘဲ။

ကလေးမရနိုင်တာကိုလဲ ထည့်ပြောတယ်။ အမှန်က ကလေးမရတာက အကြောင်းမဟုတ်ဘူး။ အကျိုးပါ။ စုံအောင် ထည့်ရေးရရင် ကလေးမရအောင် ပြွန်ကို ဖြတ်-ချည်ထားတာလဲ ပါတာပေါ့။ ကလေးမရအောင် ပြွန်ကို Tubal cautery မီးသုံး ပိတ်တဲ့နည်း လုပ်ပေးထားသူတွေရဲ့ ၇၀%၊ Tubal ligation ပြွန်ကို ချည်နှောင်နည်းဆိုရင် ၃၀% တို့က သားအိမ်ပြင်ပ ကိုယ်ဝန် ရစေနိုင်တယ်။ ဆိုချင်တာက Sterilization လုပ်ထားပြီး Ectopic Pregnancy ဖြစ်သူတွေရဲ့ ရာနှုန်းကိုသာ ပြောတာပါ။ နောက်ပြီး Tubal sterilization reversal or tubal ligation reversal ဆိုတဲ့ ကလေးမရအောင် ပြွန်ကို တနည်းနည်းနဲ့ လုပ်ထားပြီးခါမှ ကလေး ပြန်ရချင်သူကို ကြိုးစား ခွဲစိတ် ပြုပြင်နည်းကြောင့်လည်း ကိုယ်ဝန်က သားအိမ်ပြင်ပမှာ တည်နိုင်သေးတယ်။ သဘာဝမဟုတ်ရင် ဘာမှမကောင်းပါ။

သားသမီးဝေးအောင် သားအိမ်ထဲ IUCD (Copper T, Loop) ပစ္စည်း ထည့်တာလဲ အဆင်မသင့်ရင် သားအိမ်ပြင်ပ ကိုယ်ဝန် ဖြစ်နိုင်တယ်။ အဆင်မသင့်တာသာ မကဘဲ၊ ဒါလုပ်ပေးရာမှာ ပိုးမသန့်ရင်လဲ PID ဖြစ်စေတတ်တယ်။

PID လို့ခေါ်တဲ့ တင်ပဆုံကွင်းထဲက အင်္ဂါတွေ ရောင်တာက လက်ညှိုးထိုး အခံရဆုံးဘဲ။ ဒီရောဂါထဲမှာ Gonorrhea နဲ့ Chlamydia ဆိုတဲ့ STD/STI လိင်ကနေ ကူးစက်ရောဂါတွေက အများဆုံးဘဲ။ ရောဂါ စဖြစ်တာက Vagina မွေးလမ်း ကြောင်းမှာပေမဲ့ အထက်တက်ပြီး၊ Uterus သားအိမ်၊ Tube သာအိမ်ပြွန်၊ Ovary မျိုးဥအိမ် စတာတွေဆီ ပြန့်နိုင်တယ်။ ရောဂါရရင် ပြွန်ထဲက လက်ချောင်းငယ်လေးတွေလိုရှိတဲ့ အလွှာက (ဆဲလ်)တွေ ပျက်စီးစေတယ်။ ဆေးကုလို့ ပိုးသေ၊ ရောဂါပျောက်ရင်တောင် အနာရွတ် ဖြစ်သွားလို့ မျက်နှာပြင် ပုံပြောင်းသွားပြီး၊ လမ်းကျဉ်းသွားစေတယ်။ ဒီတော့ မ-မျိုးဥနဲ့ ကျားသုတ်ပိုးတို့ ၀င်ကြ ထွက်ကြ လုပ်ရမှာကို တားဆီးတာမို့ ကိုယ်ဝန်က သားအိမ်အထဲ ၀င်မဆောင်နိုင်တော့ဘဲ၊ တခြား သွားတည်စေနိုင်တယ်။

ကိန်းဂဏန်းရှိတဲ့ တိုင်းပြည်ကိုဘဲ ကိုးကား ပြောရရင်၊ အမေရိကားမှာ နှစ်တိုင်း အမျိုးသမီး တသန်းမှာ PID တွေ့နေရပြီး၊ တသိန်းမက ဒါ့ကြောင့် ကလေးမရ ဖြစ်နေကြရတယ်။ ထောင်နဲ့ချီပြီး အမျိုးသမီးတွေမှာ သားအိမ်ပြင်ပ သန္ဓေတည်ကြတယ်။ ဗိုက်အောက်နားက နာတာ၊ ရာသီရက် မမှန်တာ၊ အဖြူ-အ၀ါဆင်းတာ၊ ဆီးအောင့်တာ၊ အိမ်ထောင်နဲ့ အတူနေရင် နာကျင်တာစတဲ့ လက္ခဏာတွေက PID ရှိတာကို ပြတယ်။ ဒါပေမဲ့ ဘာ လက္ခဏာမှ မပြဘဲလဲ၊ PID ရှိနေတတ်တယ်။ အပျိုရွယ်ကတည်းက PID ရှိနေတာကို အိမ်ထောင်ကျမှ၊ ကိုယ်ဝန်ရမှ သိကြရတာလဲ မနည်းဘူး။ ဆက်ဆံဘက် များသူတွေမှာ ဒုက္ခ မလှမပ တွေ့ရလိမ့်မယ်။ အကာကွယ်မဲ့ ဆက်ဆံသူတွေလဲ ပါတယ်။ ဒါ့ကြောင့် (ကွန်ဒွန်) သုံးသင့်ကြတယ်။

Clomiphene citrate နဲ့ Pergonal ဆိုတဲ့ ကိုယ်ဝန်ရှိအောင်လုပ်ပေးစေမဲ့ Fertility drugs ဆေးတွေ၊ Progesterone-like hormones ပါတဲ့ Contraceptive ပဋိသန္ဓေတားဆေး၊ Diethylstilbestrol (DES) ဆိုတဲ့ မ-ဟော်မုန်း စတီရွိုက်ဆေး ကြောင့်လဲ ပြောကြသေးတယ်။

Endometriosis ဆိုတဲ့ သားအိမ်က တစ်ရှူးတွေ အပြင်ထွက်ပြီး ပေါက်ပွါးတဲ့ရောဂါကြောင့်လဲ ပြွန်ကို ကျဉ်းစေတယ်။ ဆေးလိပ်သောက်သူတွေမှာ ၅ ဆပိုတယ်။ Nicotine က ပြွန်ကို ဆွပေးလို့ပါ။ အသက် ကြီးလာသူတွေမှာ ငယ်သူတွေထက် ပိုဖြစ်နိုင်တယ်။ အိုပြီဆိုရင် ဘာမှ မကောင်းပါလား။

ရောဂါမှန်သမျှ ဖြစ်ရတာမှာ ကံ၊ စိတ်၊ ဥတု၊ အာဟာရ၊ ဆိုတဲ့ အကြောင်းတရား လေးပါးရှိတယ်။ ဘာမှ ရှာမရရင် ကံတရား ကြောင့်ဆိုတာ အမှန်ပါ။ ဒါ့ကြောင့် ဆေးလိပ်မသောက်နဲ့၊ တလင်တမယားသာနေ၊ (ကွန်ဒွန်) ကို အမြဲသုံး၊ ခွဲတာစိတ်တာ မခံရစေနဲ့။ ကံကောင်းအောင် သောက်ရေကန်၊ သုံးရေကန် တူး-ဆည်-သန့်ပေး၊ မွေးနေ့တိုင်း ဆွမ်းကြွေး၊ အနန္တော အနန္တငါးကို မပြတ် ဆီးကပ် ကိုးကွယ်ပါလေ။ မအိုစေနဲ့။

Dr. တင့်ဆွေ
၂၇-၄-၂၀၁၀

Read more...

Sympathy and Empathy သနားစိတ် နှင့် စာနာစိတ်

ဆေးလောကမှာ တူသလိုလိုနဲ့ ကွဲပြားတဲ့ ဝေါဟာရ နှစ်ခုရှိတယ်။ ကွဲပြားပေမဲ့ တွဲသွားတာနှစ်ခုလဲ ဖြစ်ကြတယ်။

လူနာတဦးရဲ့ ရောဂါအခြေအနေကို ညှာတာစိတ်နဲ့ သက်သာအောင် လုပ်ပေးချင်တာကို သနားစိတ် Sympathy လို့ ခေါ်မယ်။ လူနာတဦး ဖြစ်ပျက် ခံစားနေရတာကို ကိုယ်ချင်းစာပြီး၊ လူနာနဲ့ မျှဝေခံစားတာကို စာနာစိတ် Empathy ခေါ်ပါရစေ။

အဆက်အစပ် သဘောအရဆိုရင် Sympathy က နိမ့်ကျနေသူ၊ ကံအကြောင်း မလှသူတွေအပေါ် ထားတဲ့ စိတ်သဘော ဖြစ်ပြီး၊ Empathy ကတော့ ဆွေးမျိုး၊ မိတ်သင်္ဂဟတွေအပေါ် ထားတာမျိုးနဲ့၊ အသိဥာဏ်ကလာတဲ့ ပရဟိတ သဘောလဲ ဖြစ်ပါတယ်။ စိတ်လှုတ်ရှားမှုအရ ပြောရရင် Empathy က နီးနီးကပ်ကပ် ဆက်စပ်မှုဖြစ်ပြီး၊ Sympathy က စောင့်ရှောက်မှုပေးခြင်းသဘော ဆောင်ပါတယ်။

ဥပမာ -
“ခင်ဗျားမှာ ဒီရောဂါဖြစ်ရတာ ကျွန်တော် စိတ်မကောင်းပါဘူးဗျာ”လို့ ပြောတာရယ် ကိုယ်အမူအယာပြတာရယ်က Empathy စိတ်။
“ခင်ဗျားမှာ ဒီရောဂါဖြစ်နေရတာကို ကျွန်တော် ဒီလို အကောင်းဆုံးလုပ်ပေးပါမယ်”လို့ မပြောရင်တောင်မှ တကယ် လုပ်ပေးတာမျိုးက Sympathy စိတ်အရပါ။

နှစ်မျိုးက တူပေမဲ့ ခြားနာပါတယ်။ Sympathy စိတ်က သူများဝေဒနာကို အသိအမှတ်ပြုရာရောက်ပြီး၊ Empathy စိတ်က ထပ်တူထပ်မျှ ခံစားတဲ့သဘော ဆောင်ပါတယ်။ Empathy စိတ်ဟာ နှစ်ဦးသားအကြား တိုင်ပင်မထားကြပေမဲ့ ဆုံးဖြတ် လုပ်ဆောင်တာမှာ သွားတူနေတာမျိုးပါ။ Community/Minority လူနည်းစုလေးတခုမှာ ရှိတတ်တဲ့ ယဉ်ကျေးမှုမျိုးပေါ့။ Sympathy စိတ်ကတော့ Empathy လို တဖက်သား အနားမှာရှိနေမှ ဖြစ်တတ်တာ မဟုတ်ပါ။

Sympathy စိတ်နဲ့ Empathy စိတ်ဟာ ဆက်စပ်နေတယ်။ လူနာကို ကုသပေးတဲ့နယ်ပယ်မှာ မတူတဲ့ အကျိုးတွေ ရစေပါတယ်။ ဆရာဝန်က Empathy စိတ်ထားရင် သူဟာ လူနာရဲ့ ဝေဒနာခံစားနေရတာကို နားလည်ပြီး၊ ဝေဒနာရဲ့ အမျိုးအစားနဲ့ အရည်အသွေး၊ (ဘာရောဂါလဲ၊ ဘယ်လောက်ဆိုးသလဲ) ဆိုတာအပေါ် အာရုံထားပါမယ်။ Sympathy စိတ်နဲ့ကြည့်တဲ့ ဆရာဝန်ကတော့ လူနာခံစားမှုရဲ့ အရည်အသွေး (ဘယ်လိုနဲ့ ဘယ်လောက်အထိ ခံစားနေရသလဲ၊) ဆိုတာကို မျှဝေခံစားတာမျိုးမို့ မတူကြပါဘူး။

ဒါ့ကြောင့် Empathy စိတ် ပိုလေလေ၊ ရောဂါကိုကုသရာမှာ အကျိုးများလေ ဖြစ်နိုင်ပြီး၊ Sympathy စိတ်ကဲသွားရင် ဆရာဝန်က ဆုံးဖြတ်ချက်ချရာမှာ လိုအပ်တဲ့ ကြားနေသဘော ပျက်ယွင်းတဲ့အတွက်၊ ပြောင်းပြန်အကျိုး ဖြစ်စေနိုင်တယ်။

တိတိကျကျ ပြောရရင် Empathy စိတ်ဆိုတာက မျဉ်းဖြောင့်သွားသလို များလေ၊ တိုးလေဖြစ်တယ်။ Sympathy စိတ် များတာက (ဂ)ငယ်မျဉ်းလို၊ အစပိုင်းများတာက (အကောင်းသဘော) အတက်ဆီ ဦးတည်ပြီး၊ နောက် ဆက်များလာတာနဲ့ အောက်ပြန် ဆင်းသွားတာမျိုးဖြစ်တယ်။

ဟောပြောပွဲတခုမှာ -
တယောက်က “ဘာသာရပ်ကို ဟောပြောသူ ဘယ်လောက် ဂရုတစိုက် လေ့လာသလဲ empathetic study of the subject ဆိုတာ နားလည်နိုင်တယ်။” လို့ ပြောမယ်။
နောက်တယောက်က “ငါတော့ ဟောပြောတဲ့လူ ဘာသာရင်ကို ပိုင်ပိုင်နိုင်နိုင် မရှိတဲ့အပေါ် only sympathize သနားတောင် သနားသေး။” လို့ မှတ်ချက်ပေးတာမျိုး။

အခြေအနေတခုမှာ empathetic ဖြစ်ပေမဲ့ sympathetic မဖြစ်ဘဲရှိနိုင်တယ်။ ဥပမာ လူနာဟာ မဆင်မခြင်နေလို့ ရောဂါ ဆိုးဝါးသွားတာကို ဆရာဝန်က “သူခင်မြာ ဖြစ်မှဖြစ်ရပလေ”ဆိုပြီး၊ sympathy ဖြစ်မနေတော့ဘဲ၊ “ဘာ့လို့ ဒီလို ဖြစ်သွားရတာသလဲ”လို့ စောကြော ဆန်းစစ်တာဟာ empathetic စိတ်နဲ့ လုပ်တာပါ။ ကုန်ကုန်ပြောရရင် ရင်ခွဲရုံမှာ သေဆုံးရတဲ့ အကြောင်းရင်း ရှာတာမျိုးကလဲ ဒါဘဲ။ sympathy စိတ်မှ မလိုတော့ဘဲကိုး။

ဒါ့ကြောင့် ကိုယ်ကုနေတဲ့ လူနာတယောက် ဆုံးပါးသွားတဲ့အခါ ဆရာဝန်ဖြစ်တဲ့စိတ်မျိုးက empathetic ဖြစ်တာ။ ဆရာဝန်ရဲ့ဆွေမျိုးသားချင်း ဆုံးတဲ့အခါမျိုးမှာတော့ empathetic ရော၊ sympathetic ရော နှစ်ခုလုံးဖြစ်ရပါတယ်။

Empathetic ဖြစ်ဘို့ ဆရာဝန်-လူနာဆက်ဆံရေးက အရေးပါတယ်။ Communications ကြွမ်းကျင်ပါမှ။ နောက် မတူတာ တခုကတော့ Empathy စိတ်ကိုတော့ သင်ယူ လေ့ကျင့်ပေးလို့ တိုးပွါးလာနိုင်ပါတယ်။ Sympathy စိတ်ဆိုတာကို မွေးယူ၊ သင်ပေးလို့ မရပါ။

Empathy စိတ်နဲ့ Sympathy စိတ် နှစ်မျိုးလုံးဟာ ကရုဏာစိတ် Compassion ရဲ့အခြေခံတွေဖြစ်ကြပြီး၊ မေတ္တာ Love ဆိုတာမှာလဲ နှစ်မျိုးလုံး အကြုံးဝင်ကြပါတယ်။

Dr. တင့်ဆွေ
၇-၉-၀၉
၂၇-၄-၂၀၁၀

Read more...

Monday, April 26, 2010

Medical Science and Arts ဆေးသိပ္ပံ နှင့် ၀ိဇ္ဇာပညာ

ဆေးကျောင်းသားဘ၀ကို ပြန်ပြီးအောက်မေ့၊ ဆင်ခြင်လိုက်ရင် တခြား တက္ကသိုလ် ကျောင်းသားဘ၀တွေနဲ့ အတော်များများ အတူတူပါဘဲ။ ဆေးကျောင်းဖြစ်လို့ ၀ိဇ္ဇာဘာသာရပ်နဲ့ ခပ်ဝေးဝေး ဖြစ်စေတာတော့ အမှန်ဘဲ။ ဒါပေမဲ့ အဝေးကြီး မဟုတ်ဘူး။ ဇ၀နရဲ့ “ကောလိပ်ဂျင်” ကြောင့် ဆေးကျောင်းမဟုတ်တဲ့ တက္ကသိုလ်တွေကိုပါ အထင်ကြီးမိပါတယ်။ ၀ိဇ္ဇာပညာ၊ အနုပညာ၊ စာပေ-ယဉ်ကျေးမှု ဆိုတာတွေကို ဆယ်တန်းအမှတ်က အဝေးကြီး ပို့မပြစ်နိုင်ပါ။

လျှပ်စစ်ဂီတာ ပေါ်စခေတ်မှာ ကောင်းကောင်း တီးခပ်နိုင်သူတွေ ဆေးကျောင်းမှာ ရှိတယ်။ သူငယ်ချင်းတွေထဲမှာ အင်မတန်တော်တဲ့ ဂီတသမားတွေ ရှိတယ်။ နှစ်ယောက်ကဆို မျိုးရိုးအရကို တော်ကြတာ။ တခါက နာမည်ကြီးပြီးသား အဆိုတော် (အင်္ဂလိပ်စာ ဆရာမလဲ ဟုတ်တယ်)၊ ဆေးကျောင်း ပွဲလေးတခုမှာ သီချင်းဆိုတာကို သူငယ်ချင်းက မယ်ဒလင် တီးပေးရတယ်။ ဆိုပြီးတော့ သူငယ်ချင်းက ပြန်ပြောတယ်၊ “ဆရာမ ဆိုတာ စည်းတချက် လွဲတယ်ကွ့”တဲ့။ တယောက်ရဲ့ ဖအေက တပြည်လုံးသိတဲ့ အလင်္ကာကျော်စွာဘွဲ့ရ သီချင်းရေးဆရာ။ သူ့သား ဆရာဝန်က ပုလွေနဲ့ တယောသမား၊ ခွဲစိတ်အထူးကု။

စတီရီယိုတေးတွေ စပေါ်လာတဲ့ သီချင်းခေတ်ထဲမှာ နာမည်ကြီးတယောက် ဆိုတာတွေကို ရေးခဲ့သူ သီချင်းရေးဆရာက ကျွန်တော်နဲ့ အဆောင်အတူ တကုတင်ကျော်မှာ နေတယ်။ မန္တလေး၊ ဖါသာလဖုန်း အဆောင်မှာပါ။ အဲဒီတုံးက အမြဲလိုလို သူ့ကို တွေ့နေရတာက ရှမ်းဘောင်းဘီဝတ်ပြီး၊ ပုလွေတချောင်းနဲ့ ဂီတာတလက်၊ ဟောင်းနေပါပြီ။ သူ့အဆိုတော် ဆုံးသွားရှာတာတောင် မကြာလှသေးဘူး။

မနက်တိုင်း ဆေးကျောင်းက နံရံကပ်သင်ပုန်းမှာ ကာတွန်းလက်ရာတခု နေ့စဉ် လိုလို အလကား ဖတ်ရတယ်။ ကောင်းလိုက်တာ မပြောပါနဲ့တော့။ ကျွန်တော်ကိုယ်တိုင်က ပန်းချီသမား၊ အပျော်တန်းအဆင့်ပါ။ ၁၉၇၂-၇၃ ဆေးကျောင်းမဂ္ဂဇင်း စထုတ်တော့ မျက်နှာဖုံးဆွဲရဘူးတယ်။ ခုထိ ဂုဏ်ယူနေတာကတော့ သူငယ်ချင်းတွေက သူတို့ ရည်းစားတွေရဲ့ အဖြူ-အမဲ ဓါတ်ပုံပြပြီး၊ ပုံတူဆွဲ အပ်ကြတာပါ။ ကျောင်းသူတယောက်ပုံကို ကြိုက်နေတဲ့ သူငယ်ချင်းက ခိုင်းလို့ (အနာတမီ) လက်တွေ့ခန်းထဲ သူများတွေ (ဒိုင်ဆက်ရှင်) လုပ်နေတုံး ခိုးပြီး၊ ပုံတူ ဆွဲပေးရဘူးသေးတာ။ သူတို့ မညားကြပါဘူး။

ဝါသနာရှိလို့ အရင်က ၀သ လို့ခေါ်တဲ့ မန္တလေး ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ်ကို သွားသွားပြီး၊ စာပေဟောပြောပွဲတွေ နားထောင်ခဲ့တယ်။ ဆရာကြီး ဦးကျော်ရင်ကို မီလိုက်တယ်။ ဆရာကြီး ဦးဆန်းထွန်း ဟောတာကိုလဲ ခဏခဏ နားထောင်ဘူးတယ်။ မန္တလေးမှာက စာပေဟောပြောပွဲတွေ အတော် ခေတ်စားခဲ့တာ။ ရုပဗေဒပါမောက္ခ ဦးကျော်မြင့် လဲပါတယ်။ ဒါကလဲ “သိပ္ပံလိုင်းဆိုတာ သီးခြားကမ္ဘာထဲ ရောက်သွားတာ မဟုတ်ဘူး” လို့ ဆိုလိုက်တာဘဲ။ ဆေးကျောင်းသား အချင်းချင်း စာအုပ်ငှားဖတ်ရင် တက္တသိုလ်ဘုန်းနိုင် စာအုပ်ဖြစ် တတ်တယ်။ သူငယ်ချင်း မိန်းကလေးတယောက်ကို “သူငယ်ချင်း လို့ဘဲ ဆက်၍ခေါ်မည် ခိုင်” ကို လက်ဆောင်ပေးဘူးတယ်။ အနှစ် ၂၀ လောက် ကြာတော့ ဖုန်းထဲမှာ ပြန်တွေ့တယ်။ သူက “သူငယ်ချင်း မင်းကို အားပေးနေမယ်” တဲ့။

မန္တလေး ၀ိဇ္ဇာနဲ့သိပ္ပံက မြန်မာစာပါမောက္ခ ဆရာကြီးဦးချမ်းမြ (မြကေတု) ကျွန်တော်တို့ ဆေးကျောင်းလာပြီး ဟောတာ ပြောတာ ရှိတယ်။ “ရကန်” ကို သူကိုယ်တိုင် ဆိုပြတာ မှတ်မိနေတယ်။ လူထုဦးလှ၊ ဒေါ်အမာတို့လဲ လာဟောကြတယ်။ ဆရာဝန် လုပ်မဲ့သူတွေကို ဒီလို အနုပညာနဲ့ မဝေးအောင် လုပ်ပေးဘို့ အသိရှိကြတဲ့ "ဆရာဝန်ဆရာ" တွေကို ကျေးဇူးတင်ဘို့ သိပ်ကောင်းတယ်။ အဲလို မြင်ဆရာ-ကြားဆရာတွေကြောင့် နောင် ကိုယ်တိုင် ကျန်းမာရေး ဖြစ်ဖြစ် နိုင်ငံရေး ဖြစ်ဖြစ် လူတွေကို ပြောဟော စည်းရုံးရတော့ ပိုအဆင်ပြေလို့ ကျေးဇူးကြီလှပါတယ်။ ၁၉၉၀ ကာလတုံးက မုံရွာမှာ စည်းရုံးရေးတရား ဟောတာပြောတာ နည်မည်ကြီးသူတယောက်ဟာ ဆရာဝန်မတဦးပါ။ ကက်ဆက်ခေတ်မို့ လူတွေက ကူးပြီး၊ နယ်တကာ ရပ်တကာ ဖြန့်ပေးကြတယ်။

နောင်နှစ်တွေ အတော်ကြာရင် ကမ္ဘာထိ နာမယ်ပေါက်တဲ့ နှစ်ရှည် အကျဉ်းသားဖြစ်လာမဲ့ ပုဂ္ဂိုလ်နဲ့အတူ ပေါ်ထွန်းခဲ့ဘူးတဲ့ ဟံသာဝတီ သတင်းစာတိုက်က စနေစကားဝိုင်းကိုလဲ မီခဲ့တယ်။ အားကျတာနဲ့ စနေသတင်းစကားဝိုင်းကို ဖန်တီးခဲ့တာက အဲဒီက မျိုးစေ့ပါဘဲ။ စနေနေ့ ညနေ ၃ နာရီတိုင်း ၀ိုင်းပြီး နိုင်ငံရေးစကားပြောကြတယ်။ Brain storming လို့ ခေါ်တာမျိုး။ “ဦးနှောက် ဥာဏ်ပွါး စကားဖလှယ်” လို့ ကျွန်တော်က ဘာသာပြန်တယ်၊ တိုက်ရိုက် ပြန်တာမို့ သုံးလို့ သိပ်မတွင်ကျယ်ပါဘူး။

ဆရာဝန် စာရေးဆရာတွေကတော့ များသလား မမေးနဲ့။ သူတို့တတွေအကြောင်း စာတအုပ် သပ်သပ်ရေးမှ ဖြစ်မှာ။ သင်္ကြန်ကာလ အပြင်ရောက် ဆရာဝန်တွေ အချင်းချင်း ပို့ပေးနေကြတာကတော့ ၁၉၈၀ မြို့မသင်္ကြန်သီချင်းတွေပါ။ သူငယ်ချင်း ဆရာဝန်တယောက်ဆိုရင် ပွဲလမ်းရှိတိုင်း ကဗျာရွတ်တယ်။ သူစပ်တာတော့ မဟုတ်ဘူး။ ဆရာတင်မိုး ကဗျာမှန်သမျှ အလွတ်ရွတ်တဲ့လူ။ “ကဗျာ ပေါ်တာ”လို့ သူကပဲ ပြောတယ်။

ရှိသေးတယ်။ ဆေးကျောင်းမှာ သူငယ်ချင်းတယောက်။ ရည်းစားပုံကို ကျွန်တော် ပုံတူဆွဲပေးရသူတွေထဲက တယောက်ပေါ့။ သူက စောင်းတီး အတော်ကို တော်တာ။ ဗမာမဟုတ်ဘူး ရှမ်း။ နောင်နှစ်တွေကြာတော့ ပြည်ထောင်စု အရေးကို လုံးပမ်းမှုတွေ လုပ်တဲ့အထဲမှာ တိုင်းရင်းသားတဦးကနေ စာတပုဒ် ရေးဘူးတယ်။ “တိုင်းရင်းသားသီချင်း တပုဒ်လောက်ကို ဗမာတယောက်က ပိုင်ပိုင်နိုင်နိုင်ဆိုပြရင့်” ဆိုတာကို ဖတ်ရတော့၊ ကျွန်တော့်သူငယ်ချင်း ဆရာဝန်ကို သွားအမှတ်ရတယ်။

Dr. တင့်ဆွေ
၁၄-၁၁-၀၉
၂၆-၄-၂၀၁၀

Read more...

Sunday, April 25, 2010

Ectopic Pregnancy ထူးဆန်းသည့် ကိုယ်ဝန်

နက်ဖြန် အလှူနေ့ပါ။ သားတွေကိုသင်္ကန်းဆီး၊ သမီးကို နားသ၊ လာသမျှကို အ၀ကြွေးပြီး၊ အလှူမင်္ဂလာပွဲကြီး ဝှဲချီး လုပ်မှာပါ။ “အလှူ” ဆိုတာ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာဝင်တွေအဖို့ တသက်တာမှာ တခါတော့ လုပ်ဖြစ်အောင် လုပ်ကြရတယ်။ အရပ်ကူ၊ လူဝိုင်း၊ ဆွေမျိုးတိုင်း လာကြ။ မိတ်ဆွေ ရင်းခြာတွေလည်း နီးသော၊ ဝေးသောမဟူ အလှူလာကြတယ်။ “မနက်ဖြန်အလှူရက် စည်ချက်မကျန်ဘူး” ပြောရမှာပေါ့။

အလှူ့တကာက ဆရာဝန်။ နယ်မြို့တွေမှာ ဆရာဝန်တိုင်း၊ ၈ နာရီတဆိုင်း မရှိပါ။ နေ့တိုင်း၊ နာရီတိုင်း ဂျူတီကျတွေ ဖြစ်ပါတယ်။ ကျွန်တော် မြို့နယ်ဆရာဝန်ဖြစ်တာ ကံကောင်းတယ်။ မွေးရပ်မှာ တာဝန်ကျတဲ့ပြင်၊ လက်ထောက်ဆရာဝန်က ညီတော်တယ်။ သူက အလုပ်ကြိုးစားပြီး၊ ၀ါသနာမှာ ကျွန်တော်နဲ့ လာတူတာတွေ ရှိတယ်။ ခွဲချင်စိတ်ချင် ဒါးဆရာဝန်တွေ။ ပုံမှန်ဆိုရင် သူတလှည့် ကိုယ်တလှည့် ညဂျူတီယူကြတာ၊ အလှူကာလ တလျှောက်လုံး သူကချည်း တာဝန်ယူပေးပါတယ်။

အလှူဖိတ်နေ့ညမှာ အရေးပေါ်ပါလေရော။ ဆေးရုံက ၀န်ထမ်းတယောက် ယူလာတဲ့ (ဒစ်ရှ်ပက်) စာအုပ်မှာ “မွေးလူနာ လာတယ်။ အသက်ကြီးပြီး၊ မမွေးနိုင်ဘူး” တဲ့။ ဗိုက်ခွဲမွေးရမဲ့ လူနာမှန်း တန်းသိလိုက်ပါပြီ။ လက်ထောက်ဆရာဝန်က ဒီလောက်တော့ ထမင်းစား-ရေသောက်။ သူ့ကို “(LSCS) လုပ်ရန်” လို့ မှတ်ချက် ပြန်ပေးလိုက်ပါတယ်။ “လိုရင် ခေါ်ပါ” ပေါ့။

မကြာပါဘူး လိုပါလေရော၊ ခေါ်ပါလေရော။ နောက်တခါ (ဒစ်ရှ်ပက်) စာအုပ်ယူလာသူကို ညီတော်မောင်ဆရာသမားက စကားလဲ ပါးလိုက်တယ်။ “ဗိုက်ထဲမှာ ထူးထူးဆန်းဆန်း တွေ့တယ်။ လာမှရမယ်” တဲ့။ နက်ဖြန် အလှူရှိတာရော လူနာ အခြေအနေရော သူ့ထက်သိတာ ရှိမှာ မဟုတ်ပါ။ သန်းခေါင်ကျော်နေတာလဲ သူ့နာရီနဲ့ ကိုယ့်နာရီ အတူတူပါ။ ဒါပေမဲ့ အလှူလဲ ကုသိုလ်၊ ဆေးကုတာလဲ ကုသိုလ်၊ နှစ်ထပ်ကွမ်းကုသိုလ် ယူရမှာပေါ့။ “အလှူ့အမရေ အိပ်နှင့်ပေတော့”။

ခွဲခန်းထဲ တန်းဝင်တာနဲ့ လူနာကို ခါးထုံဆေး ထိုးပြီးသား၊ ဗိုက်ကိုလဲ ဖွင့်ထားပြီးသား၊ ဗိုက်ထဲက ကလေးကိုလဲ မြင်နေရပါပြီ။ ဒါပေမဲ့ လားလာ့း “ကလေးတခြား သားအိမ်တခြား”။

လူနာကို မှတ်မိပြီ။ အသက်က ၄၅ လောက်၊ ကိုယ်ဝန်မဆောင်တာ ကြာပြီးမှ ရှိလာပြန်လို့ ကိုယ်ဝန်လာပြထားသူ၊ တောင်ဘက် ကျောက်တောင်ရွာက။ တောနယ်တွေမှာ တရွာနဲ့တရွာ ဝေးကြတာ မဟုတ်ပါ။ အမျိုးစပ်ရင်လဲ နီးကြတယ်။ ဟိုဘက်ကတော်၊ ဒီဘက်ကတော်။ အမျိုးရဲ့ ဟိုဘက်ကအမျိုး စသဖြင့် ဆွေမျိုးချည်းဘဲ ထင်ရတယ်။ ကြုံလို့ ရေးရဦးမယ်။ ကျွန်တော့်ထက် ကျွန်တော့် အမျိုးတွေကို ကျွန်တော့်ဇနီးက ပိုသိ၊ ပိုရင်း၊ ပိုချစ်တယ်။ လုပ်ရတာက ဆရာဝန်မို့ လာသမျှ အမျိုးဘဲဆိုပြီး စိတ်ထဲ ထားလိုက်တာကြောင့်လဲ နည်းနည်းပါမယ်။ ရောချလိုက်တာဆိုလဲ ဟုတ်တယ်ပေါ့ဗျာ။

လူနာဟာ “သားအိမ်ပြင်ပ သန္ဓေတည်ခြင်း” Ectopic pregnancy ဆိုတာဖြစ်တာပါ။ သားအိမ်ပြင်ပ သန္ဓေတည်တယ် ဆိုတာ ဘယ်သားဖွါးမီးယပ်စာအုပ် လှန်ကြည့်ကြည့် အများဆုံး တည်တတ်တဲ့ နေရာတွေကို ဖေါ်ပြရင် သားအိမ်ပြွန် တနေရာရာမှာ ဖြစ်တာ ၉၅-၉၉%။ နောက်ပြီး သားအိမ်နံရံ တနေရာရာနဲ့ မျိုးဥအိမ်ဆိုတဲ့ နီးနီးနာနား နေရာများမှာသာ ဖြစ်တတ်တယ်။ မျိုးပွါးလမ်းကြောင်းနဲ့ ဘာမှမဆိုင်တဲ့ တခြားနေရာဆိုတာ ရှာမှရှား သွားဖြစ်တယ်။ ၀မ်းဗိုက်ခေါင်းထဲမှာ တည်တာ ပြောတာပါ။ အခုလူနာက အရှားဆုံးဟာ လာဖြစ်နေပါတယ်။

အများဆုံးဖြစ်တဲ့ သားအိမ်ပြွန်ဆိုတာ အတွင်းခေါင်းအကျယ်က အကြောဆေး သွင်းပေးရတဲ့ပိုက်ထက် ကျဉ်းတယ်။ စဉ်းစားကြည့်ပေါ့။ အဲဒီထဲမှာ သန္ဓေသားငယ် ဘယ်အရွယ်အထိ ကြီးလို့ ရနိုင်မလဲ။ ကိုယ်ဝန် ၂ လလောက်ဆို “မဆန့်မပြဲ” မဟုတ်၊ “မဆန့်ကွဲ” ဖြစ်လာတာ သေချာပေါက်ပါ။ ကွဲထွက်ရင် အရေးပေါ် ခွဲပေတော့။ ကိုယ်ဝန်ရှိခါစ၊ ဗိုက်အောက်နားက တအား နာတယ်ဆိုရင် ဒါဖြစ်နိုင်တယ်။ (အာလ်ထွာဆောင်း) မရှိရင် မွေးလမ်းကြောင်းထဲ လက်ထည့်စမ်းရတယ်။ သားအိမ်အ၀ နောက်(အောက်)နေရာ POD မှာ ဖေါင်းနေမယ်။ အပ်နဲ့စုပ်ရင် ပြွန်တည်ကိုယ်ဝန် ပေါက်လို့ ထွက်လာတဲ့ သွေး ရှိနေတာသိရမယ်။ လူနာခံနိုင်အောင်လုပ်ပြီး၊ ချက်ချင်းခွဲပေတော့။ ဒီကိုယ်ဝန်လူနာကတော့ ၉ လမက၊ နေ့စေ့ လစေ့မက၊ ရက်တောင် ကျော်နေပါပြီ။ ဗိုက်သိပ်မနာ သရိုးသရည်သာဖြစ်လို့ စမ်းတော့ သားအိမ်ကမပွင့်။ မကွဲဘဲနဲ့ ခွဲရတာပါ။

ကိုယ်ဝန်ဆိုတာ “ကလေး” နဲ့ “အချင်း” နှစ်မျိုးဖြစ်လာတာပါ။ Fetus ကလေးက Amniotic sac အရည်အပြည့်ရှိတဲ့ အိပ်ထဲမှာ ရှိနေရပြီး၊ Placenta အချင်းက သားအိမ်အတွင်းနံရံကို တွယ်ကပ်နေရတယ်။ မအေကို မှီခိုနိုင်ဘို့ပါ။ ကလေးဆိုတာ ဗိုက်ထဲကတည်းက အတော် လူလည်ကြတဲ့ကောင်။ မအေဆီက လိုချင်တာယူပြီး၊ မလိုတာစွန့်တတ်တယ်။ အချင်းကနေလုပ်ပေးတာပါ။

အခုလူနာမှာ ကလေးနဲ့ အရည်ပါတဲ့အိပ်က မိခင်ရဲ့ အူတွေကြားမှာ ထူးထူးခြားခြား ရှိနေတယ်။ အချင်းကလဲ အနားရှိသမျှ အူတွေရဲ့ အပြင်နံရံမှာ လာကပ်နေတယ်။ အဲဒီ အူနံရံတွေ ကတဆင့် လိုချင်တာ ယူပြီး၊ မလိုတာ စွန့်နေခဲ့တာ ဖြစ်တယ်။

ရေမြွှာအိပ်ကို ဖေါက်ပြီး၊ ကလေးမွေးထုတ်ရတာ ပိုလို့တောင် လွယ်သေးတယ်။ ခါတိုင်း ဗိုက်ခွဲမွေးသလို သားအိမ် အောက်နားမှာ ကန့်လန့် ဒါးရာပေး၊ ခွဲမွေးစရာ မလိုပါ။ အကြာဆုံးနဲ့ သတိအထားရဆုံး အဆင့်ဖြစ်တဲ့ သားအိမ်နံရံကို သုံးထပ် ပြန်ချုပ်စရာလဲ မလိုတော့ပါ။ လူနာ့ သားအိမ်ဟာ “ကိုယ်ဝန်နဲ့သူနဲ့ ဘာမှမဆိုင်သလို” ဣနြေ္ဒရွှေပေးမရ၊ တွေ့ရပါတယ်။

သိပ်ခက်တာ လာပါပြီ။ အချင်းကို အူကနေ ဘယ်လို ခွါထုတ်မလဲ။ အူထဲမှာ အစာတွေရှိတယ်။ အူအောက်ပိုင်းရောက်လေ အစာက ဟောင်းလေ။ ဟောင်းလေ မကောင်းတာ များလေ။ ဗိုက်ထဲမှာ အူထဲကဟာ တစက်ကလေးမှ ထွက်မလာ မသင့်ပါ။ အူပေါက်လို့ကတော့ အစာအိမ်ပေါက်သလို၊ အပေါက်ကို ဖါပြီး၊ ဗိုက်ကို အတိုင်းတိုင်း ပြန်ပိတ် မရပါ။ အထက်က အူအစကို ဗိုက်အပြင်နံရံမှာ ပါးစပ်လို့ ဖွင့်ထားပြီး ၀မ်းသွားစေရတယ်။ အောက်က အူဆက်တာ-ဖါတာ ကျက်ပါမှ၊ စိတ်ချရပါမှ၊ ပြန်ဖွင့်၊ ပြန်ပိတ် လုပ်ရတယ်။ အူထဲက ပိုးမွှားတွေ သေအာင် ဆေးကလဲ ရွေးတတ်မှ။

ဒီတော့ ဒီလူနာရဲ့အချင်းကို အူ မထိခိုက်အောင်လုပ်ပြီး ခွါထုတ်ဘို့ အရေးသည် ဆရာဝန် ညီအကိုမှာ မဟာ တာဝန်ကြီး ဖြစ်လာပါတော့တယ်။ ခွဲစိတ်ဆရာဝန်များ ရှိအပ်တဲ့ Lion’s heart, Eagle’s eyes, Lady’s hand အရည်အချင်း သုံးပါး အနက် “(လေဒီ)ရဲ့ လက်” လိုလာပြီပေါ့ ခင်ဗျာ။

သတိကြီးခြင်းနဲ့ စိတ်ရှည်ခြင်း ဆိုတာတွေက ဘာသာရေးနဲ့ နိုင်ငံရေးမှာသာမက ခွဲစိတ်တာမှာပါ လိုတယ်။ ကပ်ကြေးနဲ့ ဒါးမပါ၊ တုံးတဲ့ ကရိယာတွေနဲ့သာ ဖြေးဖြေး ညင်သာ၊ အူတခွေချင်း တခွေချင်း ခွါချရပါတယ်။ အကူဆရာမတွေကတော့ ရေနွေးဝတ် နိုင်နိုင် လုပ်ပေးရတယ်။ အူနံရံက စိမ့်ထွက်လာသမျှ သွေးကို ရေနွေးဝတ်နဲ့ ဖိကပ်ပေးတာ အတော် အလုပ်ဖြစ်တယ်။ အိန္ဒိယမှာ မတူတာက ခွဲစိတ်ရာမှာ ရေနွေးမပါဘူး။ သူတို့ခွဲခမ်း-မွေးခမ်းမှာ သွားခွဲပေးရရင် အတော် ကသိကအောင့် နိုင်လှတယ်။

အူကနေ ထွက်တဲ့သွေးကို ရေနွေးနဲ့ မနိုင်ရင် သွေးကြောညှပ် သေးသေးနဲ့ အပ်ခြည်ကိုသုံး ပိတ်ပေးရတယ်။ အူဆိုတာက အထပ် သုံးထပ်ရှိတာ။ အတွင်းဆုံးလွှာကို မထိလို့ကတော့ ပြဿနာမကြီးပါ။ အူ-အစာအိမ်ကို ဘယ်လိုချုပ်ရမယ် ဆိုတာ တောမှာ ကျတဲ့ ဆရာဝန်တိုင်း တတ်ကြွမ်းကြတယ်။ Catgut 3-0 “ကြောင်အူ ချုပ်ကြိုး၊ သရီးဇီးရိုး” ဘယ်နှစ်ကြိုး ကုန်လဲ မသိပါ။

အချင်းတခုလုံး ကွာကျမှ လက်ထောက်ဆရာဝန်က သီချင်းစဆိုပါတယ်။ ဗိုက်ကိုလည်း သူဘဲ ဆက်ပိတ်တယ်။ အတော် အားကိုးရတဲ့သူ။ ကျွန်တော်က အလှူရှိတယ် မဟုတ်ပါလား။

အဲဒီခေတ်က ဒစ်ဂျစ်တယ်ကင်မရာ မပေါ်သေးလို့ (ဘလောခ်)မှာတင်ဘို့ ပုံရိုက်မထားနိုင်လိုက်ပါ။ သုတေသနဆိုတာလဲ အားမပေးပါ။ စာတမ်းဖတ်စရာနေရာလဲ ကျဉ်းလွန်းလှပါတယ်။ မရှိ ရှိတာလေးနဲ့ မဖြစ်ဖြစ်အောင် လုပ်ပေးကြရတာကို သွားပြမိရင်လဲ ချို့တဲ့တာ၊ ဆင်းရဲတာကို လူမြင်ခံအောင် လုပ်ခွင့်မရှိပါ။ ဆရာဝန်ကိုလည်း (အက်သစ်) မကျ၊ မလုပ်ရလို့ ပြောခံရမှာ သေခြာတာမို့၊ ဒီစာကို ဖတ်ရင် (ဖစ်ရှင်)လို့သာ မှတ်ပါခင်ဗျား။

မွေးပေးခဲ့တဲ့ကလေး မတ်တတ်ပြေးအရွယ်မှာ သူတို့အိမ်ကို တခေါက်ရောက်တယ်။ လက်ဖက်နဲ့ ထန်းလျက်အပြင် နှမ်းဆီဆမ်း အမဲခြောက်ဖုတ်နဲ့ ဧည့်သည်လုပ်ခဲ့ပါတယ်။

Dr. တင့်ဆွေ
၂၅-၄-၂၀၁၀

Read more...

Friday, April 23, 2010

လက်ဆောင်ပြန်

“ဦးစပ်စုလေး” ပေးဖတ်တဲ့ ကဗျာ၊
ကောင်းမွန်စွာ ရပါကြောင်း။

အကျော်ဒေးယျ မဝေးလှတဲ့ အတိတ်မှာ၊
ဗမာနဲ့ ကမ္ဘာက လူတကာ လေးစား၊ အများအကျိုး သည်ပိုးသူများ၊
ဆွေးနွေးသွားကြတာ ထူးခြားတာပါလို့၊
ကျေးဇူးနဲ့ ချီးကျူး၊ ပူးတွဲပြီး ပြန်ကြားလိုက်ပါတယ်။

မေတ္တာနဲ့ ဟင်းလာပို့တာ၊ ဗလာအခွံ မပြန်ချင်သမို့၊
ကဗျာရှင်အတွက် လက်လုပ်ချဉ်ကလေး ပြန်ပေးလိုက်ပါရစေ။
နောက်တခါ ဒါ ရေးပါလားဆရာ့

အောက်ဘုံမှာ ဆုံကြမှာက နေ၀င်း၊ စိုးဝင်း၊
ဝင်ငြင်းသူက စိန်လွင်၊ သူ့အရင်က ဦးစော၊
လာ ရောပြန်တာက အာစီယံက ဖါဒီနန် မားကို့စ် နဲ့ ပိုးလ်ပေါ့၊
နောက်တော့ ဆဒမ်ဟူစိန်၊ လူလိမ်နဲ့လူဆိုး အမျိုးမျိုးပေါ့ဆရာ။

စာဖတ်သူတွေ ၀ါသနာက
ကဗျာရေး စာရေးသူများ၊ ကုန်ကြမ်းပါးချင်တာ မဟုတ်ပါလား။

ပေးသာ ပေးရ၊
ငယ်ငယ်က ကြုံတာလေး သတိရသေးသဗျ။

တောရွာမှာ ဆရာတပါး ခွဲတာစိတ်တာ ကျော်ကြားလာတော့
စေတနာ တခွဲသားနဲ့ ဆရာခင်ဗျာ- အနာချုပ်ချုပ်၊ ဘာချုပ်ချုပ်၊
မြင်းမီးတဆုပ် လုပ်ချင်ရင်လုပ်ပါဆရာ။

ခွဲစိတ်ဆရာဝန် ရယ်ချင်ချင်ပေမဲ့၊
ကျေးဇူးတင်ပါတယ်၊ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကျေးဇူး နဲ့ “သင်ခယူး” ပူးတွဲလိုက်ရဘူးတယ်။

ယမုန်နာ
၂၃-၄-၂၀၁၀

“ကဘော်ချိုင့်ဝှမ်းပြန်ယူ...နီကိုဗာကျွန်းပြန်ပေး- ”-- လန်ထောင်စပ်စုလေး

Read more...

Amenorrhea မိန်းမပီသတာ စိုးရိမ်စရာမရှိ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၂)
“ဆရာရှင့် Polycystic ovary syndrome နဲ့ပါတ်သက်တာ စစ်ရဲ့လားလဲ မသိပါဘူး။ ကျားဟော်မုန်းနဲ့ပါတ်သက်တာလဲ စစ်ရဲ့လား မသိဘူး။ ကြားဖူးတာက လည်ပင်းက သိုင်းရွိုက်အကြိတ်ကြောင့်လဲ ဖြစ်တတ်တယ်ဆို ဟုတ်လားဆရာ။ သိုင်းရွိုက်အကြိတ်နဲ့ မိန်းကလေး ရာသီလာတာ ဆက်စပ်မှုရှိရင်လဲ ပိုစ့်တစ်ခုတင်ပေးရင် ၀မ်းသာမှာပါ ဆရာ။”

Polycystic ovary syndrome (PCOS) ဆိုတာ အပျိုပေါက်ကနေ သွေးဆုံးအရွယ်အထိ အမျိုးသမီးများမှာ ၅-၁၀% ရှိနိုင်တယ်။ ကလေးမရနိုင်ခြင်းရဲ့အကြောင်းရင်းတွေထဲမှာ ထိပ်ကဖြစ်တတ်။ အ၀လွန်သူ၊ မျိုးဥမထွက်သူ၊ ရာသီ နည်းသူ- မမှန်သူ-မလာသူ။ နောက်ပြီး၊ ယောက်ျားနဲ့ဆင်တူတဲ့ လက္ခဏာတွေဖြစ်တဲ့ ၀က်ခြံပေါက်၊ မျက်နှာ အဆီပြန်ဆိုတာတွေက Androgen ကျားဟော်မုန်း သတ္တိကဲတဲ့ သင်္ကေတတွေရှိသူ။

မကြာမကြာတွေ့ရတတ်တဲ့ မျိုးဥအိမ်အလုံးခေါ်တဲ့ Ovarian cyst ဖြစ်တိုင်းလည်း PCOS မဟုတ်သလို PCOS ရှိတိုင်းလဲ မျိုးဥအိမ်ကြီးနေတာ ဖြစ်ချင်မှဖြစ်ပါတယ်။

ဒါ့ကြောင့် ရာသီနည်းတိုင်း၊ မမှန်တိုင်း၊ အ၀မလွန်-အလွန် မပိန်ရင်၊ ဒီရောဂါမျိုး မစိုးရိမ်ပါနဲ့။ ကလေးဖွါးဘူးရင်လဲ ဖြစ်ဘို့ နည်းတယ်။ မိန်းမပီသသူတွေ စိုးရိမ်စရာမလိုပါ။ မ-လိုလို၊ ကျား-လိုလိုဆိုရင် လိုတယ်။ စိတ်က “ယောက်ျားမိန်း” ဖြစ်နေတာထက် ရုပ်က ဖြစ်နေရင် စစ်ဘို့လိုတယ်။ ၀က်ခြံထူ၊ အမွှေးကြမ်း၊ နှုတ်ခမ်းမွှေးရေးရေး ဆိုတာမျိုး ပြောတာပါ။

Amenorrhea ရာသီမလာခြင်းရဲ့အကြောင်းရင်းဟာ (၁) hypothalamic-pituitary-ovarian axis ဖိုခနောက်ဆိုင် အကြောင်းသုံးပါး၊ (၂) မွေးလမ်းကြောင်းခန္ဓာဗေဒ ပုံမှန်မဟုတ်လို့နဲ့ (၃) ဇီဝအလုပ် မမှန်တာတွေကြောင့် ဖြစ်ရပါတယ်။

Hypothalamic အကြောင်းရင်းဆိုတဲ့ထဲမှာ ဦးနှောက်ကင်ဆာလဲ ပါတယ်။ Pituitary causes ဆိုတာကတော့ နို့ထွက်စေတဲ့ ဟော်မုန်း Prolaction သိပ်များနေရင်၊ ဒါမှမဟုတ် pituitary ကင်ဆာ၊ အမှန်က ဦးနှောက်ကင်ဆာပါဘဲ။ သူ့ကို ဓါတ်ကင်မိလို့ကြောင့်လဲ ဖြစ်ပါတယ်။ Ovarian မျိုးဥအိမ် အကြောင်းခံထဲမှာ Hyperandrogenemia ခေါ်တဲ့ ကျားဟော်မုန်တွေ သိပ်များနေရင်၊ ဓါတ်ကင်ရရင်၊ ကင်ဆာဆေး သောက်ရရင် ဖြစ်တယ်။

အမျိုးသမီးမွေးလမ်းကြောင်းမှာ ပြဿနာတခုခုရှိတာရဲ့ ဥပမာကတော့ သားအိမ်အတွင်းမယ် တွယ်ကပ်မှုတွေ ဖြစ်နေတာ၊ Imperforate hyman အပျိုမြှေး လုံးဝပိတ်နေတာနဲ့ Vaginal septum မွေးလမ်းကြောင်းမှာ အကန့်ပါနေတာတွေ ပါတယ်။

အပျိုမြှေး လုံးဝပိတ်နေတာမျိုးက မိန်ကလေးတယောက် အရွယ်ရောက်ချိန် လွန်တာတောင် ရာသီပန်း မပွင့်သေးတာမျိုး။ အသက် ၁၄-၁၅ နှစ်အထိ ရာသီမလာရင် ဆရာဝန်ပြပါ။ မသိဘဲ ကြာသွားလို့ ဗိုက်ကလေးက ဖေါင်းဖေါင်းလာ၊ မအေက ရာသီအကြောင်းမေး၊ မလာသေးဘူးပြောတော့ တမျိုးထင်။ ကံဆိုးရင် အရိုက်ခံရ။ နှိပ်စက်ပြီး ပုလိပ်စစ်စစ်ခံရမယ်။ နောက်ဆုံးမှ ကျန်းမာရေး အသိရှိသူတွေ စောင်မလို့ ဆရာဝန်လာပြတယ်။ အပျိုမြှေးမှာ ထုံဆေးလေးထိုး၊ ခွဲစိတ်ဒါးနဲ့ ဒေါင်လိုက်တချက် ကန့်လန့်တချက် ခွဲပေးလိုက်တာနဲ့၊ လားလာ့း့ အမဲ-အညို၊ နောက် နီညိုညို-အနီ ရာသီသွေး ဟောင်းတွေ ဒလဟော ဆင်းလာတာ၊ နှစ်ခါမက ဒီလိုဝေဒနာမျိုး လုပ်ပေးရဘူးတယ်။

မွေးလမ်းကြောင်းမှာ မွေးရာပါ အကန့်ရှိနေတာကို ခပ်ရှားရှား တွေ့ဘူးတယ်။ ပါမောက္ခမမတွေက ဆေးကျောင်းသားများကို သင်ကြားဘို့ ရှားတာမှန်သမျှ စုထားကြရတယ် မဟုတ်လား။ “အာစရိရကျေးဇူး”၊ “ဂီလာနကျေးဇူး” အထူးမမေ့ပါ။

တခြားအကြောင်းရင်းတွေလဲ ရှိသေးတယ်။ “မီးယပ်ပိန် မီးယပ်ခြောက်”လို့ အခေါ်ခံရသူမျိုး။ မော်ဒယ် (ငါးဖေါင်ရိုးခြောက်) သင်တန်းသူများ။ နာတာရှည်ရောဂါသည်၊ စိတ်ဖိစီးမှုခံစားနေရသူ၊ မူးယစ်ဆေးစွဲသူ၊ လေ့ကျင့်ခန်းလုပ်တာ များလွန်းသူ၊ ပဋိသန္ဓေတားဆေးနဲ့ အဆင်မပြေသူ ဆိုတာတွေ ဖြစ်တယ်။ အာဟာရချို့တဲ့သူတွေလဲ ပါတယ်။ (အီသီယိုးပီးယာ) နဲ့ မြန်မာဟာ အကြောင်းခံမှာ တမျိုးစီပေမဲ့ အကျိုးပေးတူကြတယ်။ ဂုဏ်မယူစရာပေါ့ဗျာ။

(သိုင်းရွိုက်) ရောဂါ
ရာသီမမှန်တာနဲ့ လည်ပင်းကြီးရောဂါ သိပ်တော့မဆိုင်ပါလို့ ပြောနိုင်ပါတယ်။ ဒါပေမဲ့ လည်ပင်းကြီး ဟော်မုန်းဓါတ် လွန်ကဲနေသူမျိုးမှာ ပြဿနာ ရှိပါတယ်။ လည်ပင်းက မြင်သာအောင် ကြီးချင်မှ ကြီးနေလိမ့်မယ်။ ရင်တုံမယ်၊ နှလုံးခုန် မြန်မယ်။ အိမ်ထောင်သည်ဆိုရင် သူ့ခင်ပွန်းကအရင် ဇနီးသည် မူပြောင်းလာတာကို သတိကောင်းကောင်း ထားမိလာမယ်။ စိတ်တို-စိတ်ဆိုးတာ များပြီး၊ ဘာလုပ်လုပ် ဟောဟောဒိုင်းဒိုင်း။ တက်ကြွသလား မမေးနဲ့၊ သူကချည်း ရှေ့က။ “ကွိုင်”မှာက ညအိပ်ရင် သူကသာ ပန်ကာ-ပြူတင်း ဖွင့်အိပ်ချင်လိမ့်မယ်။ ပို အိုက်တတ်တာကိုး။

ဒီလိုဖြစ်လာရင် ဆရာဝန်ပြပါ။ Thyroid essay စစ်ဆေးလိမ့်မယ်။ များနေရင် ဆေးပေးမယ်။ အရင်က စားဆေးသာရှိပေမဲ့ ခုခေတ်မှာ အဏုမြူဆေးကြွေးတာ ထိရောက်ပါတယ်။ မပျောက်ခင် ရာသီရော ကိုယ်ဝန်ကိစ္စတွေပါ မမှန်တာဖြစ်စေတယ်။ တလောက မိတ်ဆွေတဦးရဲ့ ဇနီးကို မြင်တာနဲ့ သံသယရှိလို့ ဆေးစစ်ခိုင်းရတယ်။ ဒိအရင် ကိုယ်ဝန်က ဗိုက်ထဲမှာတင် ကလေးအသေ Intra-uterine death ဖြစ်လို့ ကုပေးရသေးတယ်။ အခု အဏုမြူဆေးပါတ်လည်လို့ အကောင်းပကတိ ဖြစ်နေပြီ။ အသိစောလို့သာပေါ့။ မျက်လုံးပါ လက္ခဏာပြနေပြီ။ လည်ပင်းကြီးဟော်မုန်းများရောဂါဟာ ကြာရင် မျက်လုံးပြူးလာတယ်။

မှန်ကြည့်ရင် ကိုယ့်မျက်လုံးကိုယ် သတိထားကြည့်ပါ။ “သမင်မ မျက်လုံး” ထက် ထူးပြီး၊ “ဇီးကွက် မျက်ပြူး” ဖြစ်နေသလား။

Dr. တင့်ဆွေ
၂၃-၄-၂၀၁၀

Read more...

Wednesday, April 21, 2010

Q and A Irregular Cycle ရာသီ မမှန်ခြင်း

Q: “သမီးက အသက် ၂၃ နှစ်ပါ။ သိချင်တာလေးတွေ မေးပါရစေ။ သမီးက ရာသီလာတာ မမှန်ပါဘူး။ တခါတလေ ၂ လမှ တခါ လာပါတယ်။ အရင်ကတော့ အမေက သွေးဆေး အမြဲတိုက်ပါတယ်။ မြန်မာဆေးတွေ။ ခုက ဒီမှာ ၀ယ်လို့လည်း မရပါဘူး။ ခု ၀က်ခြံတွေလည်း မျက်နှာမှာရော ကျောမှာပါ ပိုပေါက်လာပါတယ်။ သူငယ်ချင်းကပြောလို့ ဂျင်းပြုတ်ရည် လည်း သောက်ပါတယ်။ ဆရာရှင့် ဘယ်လိုလုပ်ရမလဲဆိုတာ ဖြေကြားပေးပါရှင်။”

ရာသီမမှန်တာ မိန်းကလေးအတော်များများမှာ ဖြစ်လေ့ရှိတယ်။ ၂ လမှ တခါလာယုံနဲ့ ဘာမှ စိုးရိမ်စရာမလိုပါ။ ၀က်ခြံလဲ ပေါက်တယ်ဆိုရင် အပျိုဖြစ်မှာပေါ့။ သိပ်ရင်းနှီးလွန်းတဲ့ သမီးရည်းစားတောင် ထားပုံမရဘူး။ ဆေးပညာအရ ဖြစ်ဘို့များတာကို ပြောတာပါ။ ကိုယ်ရေးကိုယ်တာ စပ်စုတာမဟုတ်ပါ။ ဗေဒင်ဟောတာလဲ မဟုတ်ဘူး။ မမှန်ရင်လဲ “မှားသောဆေးသမား ရှိ၏”လို့ မှတ်ပါ။

ဗမာသွေးဆေးတွေကလည်း အသုံးတည့်သူတွေမှာ တည့်တယ်။ ချင်းပြုတ်ရည်ကလည်း တချို့အတွက် အလုပ် ဖြစ်တတ်ပါတယ်။ မိန်းကလေးရဲ့ ကျန်းမာရေးကို ပိုပြီးသိရရင် ပိုကောင်းမယ်။ “ပိန်သလား၊ ၀သလား၊ ပိန်လာနေသလား။ ကျန်းမာရေး နောက်ကြောင်းမှာ ထူးခြားတာရှိသလား။ ဆေးရုံတက်ရဘူးတာ၊ ဓါတ်မှန်ရိုက်တာ”။ မသိတာ အသာထားပြီး ယေဘုယျ ဖြေပါ့မယ်။

ရာသီမမှန်တာမှာ ပတ်ဝန်းကျင်လို့ ခေါ်လေ့ရှိတဲ့ အကြောင်းခံရှိတတ်တယ်။ နေမကောင်းတာ ဥပမာ တီဘီ၊ စိတ်ဖိစီးမှု များတာ၊ အာဟာရ မပြည့်တာ၊ သွေးအားနည်းတာ၊ လေ့ကျင်ခန်း-အလုပ် များလွန်းတာ၊ ခရီးထွက်ရဖန် များတာတွေ ပါတယ်။ ဒါ့ကြောင့် ဒါတွေကို ပြင်ပါ-ကုပါ။

နောက် အကြောင်းခံ တမျိုးကတော့ ဇီဝကမ္မအပြောင်းအလဲရှိလို့ပါ။ ရာသီဆင်းတာကို အထိန်းကြောင်းပေးနေတာ သုံးခုဟာ အထာမကျရင် ရာသီလာ မမှန်ဘူး။ နောက်ဆုံးအကြောင်းခံတခုကတော့ polycystic ovarian syndrome ရောဂါပါ။ လိုမယ်ထင်ရင် ဒီနှစ်မျိုးအတွက် OG ပြပါ။ Oligomenorrhea ခေါ်တဲ့ ရာသီနည်းလွန်းရင် သားသမီး မရနိုင်တာ ဖြစ်စေတတ်တယ်။ ဒါတွေ ထည့်ရေးတာက ဆရာဝန်တယောက်အနေနဲ့ မပြည့်မစုံရေးလို့ မကောင်းတဲ့ အတွက်ပါ။ လူ ၁၀၀-၁၀၀၀ မှာ ၁ ယောက် ဖြစ်တာလဲ ပါရတယ်။

ဝက်ခြံဆိုတာ ရာသီဆင်းတာလိုဘဲ ဟော်မုန်းဓါတ် အပြောင်းအလွဲကြောင့်ဖြစ်စေတာပါ။ လူတိုင်းမှာ ကျား-မ ဟော်မုန်း ၂မျိုးလုံးရှိကြတာ။ Androgens ကျားဟော်မုန်းက ပိုကဲနေရင် ရာသီနည်းတာ ဖြစ်စေတယ်။ အရေပြား မသန့်ရှင်းတာ၊ လေထု မသန့်တာကြောင့်လဲ ဖြစ်စေနိုင်သေးတယ်။

သနပ်ခါးအစစ် သဘာဝဖြစ် အလှအပ အသုံးအဆောင်သာသုံးပါ။ ကြော်ညာကောင်း (ကော့စ်မက်တစ်) တွေ မသုံးသင့်ပါ။ အဆီ-အငန်များ အစားအစာ ရှောင်ပါ။ တကယ်လို့ အနာရင်းသလို ဖြစ်လာရင်၊ ပြည်တည်ရင် Tetracycline, Erythromycin ၂၅၀ မီလီဂရမ် ၆ နာရီခြား၊ ဒါမှမဟုတ် Doxycycline ၁၀၀ မီလီဂရမ် ၁၂ နာရီခြား၊ ၄-၅ ရက် သောက်ပါ။

ဝက်ခြံကို လက်နဲ့ခဏခဏမကိုင်ပါနဲ့။ မျက်မှာမှာ ပေါက်တဲ့ ဘာအနာဖြစ်ဖြစ် မမှည့်သေးခင် ညှစ်မထုတ်ရပါ။ သွေးအားအတွက် Ferrous ဆေး၊ Folic acid ဆေးတွေသောက်ပါ။ ၀က်ခြံအတွက် ဗီတာမင် B အပြင် A သောက်ဘို့ လိုတယ်။ Zinc ဓါတ်များ အစားအစာ (ပင်လယ်စာ၊ အစေ့အဆံ၊ အသဲ၊ ငါး၊ ဥ၊ ဂျုံ၊) နဲ့ Chromium ဓါတ်များ အစားအစာ (သစ်သီးဖျော်ရည်၊ ငှက်ပျောသီး၊ စပျစ်သီး၊ အာလူး၊ အမဲသား၊ မုံလာဥစိမ်း၊ ကြက်သွန်ဖြူ၊) စားပါ။

တကိုယ်ရေ သန့်ရှင်းရေး လုပ်ပါ။ ခေါင်းအုံးစွပ် ၂ ရက်တခါ လဲပါ။ မျက်နှာကို ဆံပင်ကလာလာမထိစေသင့်ပါ။

လစဉ်ရာသီလာနေသူများလဲ ၀က်ခြံပေါက်တတ်တယ်။ တရားခံက Androgens ပါဘဲ။ ၀က်ခြံမှာ ခေါင်းဖြူ-ခေါင်းမဲ ၂ မျိုး ရှိတယ်။ အဖြူက အရေပြားထဲ မြုတ်နေပြီး၊ အမဲက အပေါ်မှာ။ ပြည်ဖြစ်လာရင် ၀ါလာမယ်။ သန့်ရှင်းရေး လုပ်တာက အပြင်းစားမဟုတ်တဲ့ ဆပ်ပြာ၊ ဗက်တီးရီးယားသေစေနိုင်တဲ့ neem soaps ဆပ်ပြာလဲကောင်းတယ်။ မျက်နှာ အဆီမပြန်စေနဲ့။ မိတ်ကပ်သုံးစရာရှိရင် နဲနဲ-ပါးပါးသာသုံးပါ။ အရေပြားက (ဆဲလ်)တွေ လေ၀အောင်လို့။ သေသွားတဲ့ (ဆဲလ်) ခပ်ညိုညိုတွေကို အသာအယာ ဖယ်ထုတ်ပေးပါ။ ရေနွေးလေးနဲ့ မျက်နှာသစ်ပါ။ ရေများများသောက်ပါ။ နံ့သာဖြူလိမ်းတာလဲ ကောင်းပါတယ်။

ရာသီမှန်လာမယ်ဆိုရင် ၀က်ခြံပါ သက်သာလာမယ်။ အိမ်ထောင်ရက်သား ကျသွားသူများ ပျောက်သွားတယ်။ အိမ်ထောင် မရှိသေးသူကို ရှိအောင် အားပေးတာ မဟုတ်ပါ။ အိမ်ထောင်ပြုတယ်ဆိုတာ “နောင်ပြင်ရန် ခက်သည့်အမျိုး သုံးပါး” ထဲမှာပါလို့ ၀က်ခြံ ပျောက်ချင်တာလေးနဲ့ မမြန်ဆန်လေနဲ့။

အပျိုလေး-အပျိုကြီးအဖြစ် ဆက်နေသူများလည်း ကိုယ်ဝန်ဆောင် တားဆေး (အများဆုံးသုံးကြတဲ့ ဟော်မုန်း ၂ မျိုးတွဲ စားဆေး) ကိုသောက်ရင် ရာသီလာရက် မှန်စေတယ်။ ၂၈ ပြားပါတဲ့ ဆေးကပ်မှာ ၂၁ လုံးက အရောင်တမျိုး၊ ၇ လုံးက အရောင်တမျိုး လာလေ့ရှိတယ်။ အဖြူရောင် ၂၁ လုံး သောက်နေတုံး ရာသီမလာဘဲ၊ ဒီဆေးလုံးတွေ ကုန်တာနဲ့ ရာသီလာမယ်။ ဒီဆေးကပ်ကို အနည်းဆုံး ၃-၄ လ ဆက်သောက်လိုက်ရင် သူ့ဖါသာသူ ရာသီလာရက် မှန်စေနိုင်တယ်။

ဆရာ့ဆေးခန်းမှာ ဒီလိုဖြစ်တဲ့ မိန်းကလေးတွေလာရင် ကိုယ်ဝန်တားဆေးကပ်ကို တလုံးချင်း ဖေါက်ပြီး ပေးလိုက်တယ်။ အပျိုမိန်းကလေးကို သူများမြင် အထင်မလွဲစေအောင်ပေါ့။ ကောင်းသွားကြပါတယ်။

Dr. တင့်ဆွေ
၂၁-၄-၂၀၁၀

Read more...

Tuesday, April 20, 2010

Q and A Anti-HBe ဘီပိုး စမ်းသပ်ခြင်း

ဆရာခင်ဗျား Anti-hepatitis Be antibody (Anti-HBe) ကြောင်းကို သိချင်လို့ အသေးစိတ် ရှင်းပြပေးစေချင်ပါတယ်။
ကျွန်တော့်မှာ .4 .50 ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်းကို အသေးစိတ် ရှင်းပြပေးစေချင်ပါတယ် ခင်ဗျား။

Hepatitis B Virus ကို ခေါ်တာတွေ အမျိုးမျိုးရှိတယ်။ ဆရာဝန်တွေတောင် ခေါင်းရှုတ်ရတာပေါ့ဗျာ။ HBV; Hep B; anti-HBs; Hepatitis B surface antibody; HBsAg; Hepatitis B surface antigen; HBeAg; Hepatitis B e antigen; anti-HBc; Hepatitis B core antibody; anti-HBc, IgM; anti-HBe; Hepatitis B e antibody; HBV DNA တဲ့၊ ခေါင်းထဲ ထည့်ထားလို့တောင် မရနိုင်ဘူး။

ဘီပိုးကို စမ်းနည်းတွေက မတူကြလို့ နာမယ်လဲ ကွဲလွဲနေတာပါ။ တမျိုးက Antibodies (အင်တီဘော်ဒီ) ဆိုတဲ့ ခံတိုက်နိုင်စွမ်းကို စမ်းတယ်။ တမျိုးက ပိုးကနေထုတ်တဲ့ Antigens (အင်တီဂျင်) ကို စမ်းတာ။ နောက်တမျိုးက DNA ကို စမ်းတာပါ။

(အင်တီဂျင်) ဆိုတာက ရန်သူတပ်သား၊ များတာမကောင်း၊ (အင်တီဘော်ဒီ) ဆိုတာက ကိုယ့်တပ်သား၊ များတာကောင်းလို့ မှတ်ပါဗျား။

Acute လတ်တလော-ရက်တိုရောဂါ ရှိ-မရှိနဲ့ Chronic နာတာရှည်-ရက်ရှည် ဒါမှမဟုတ် Carrier ရောဂါသယ်ပေးသူ ဖြစ်-မဖြစ်ကို စမ်းရတာတွေပါ။

(HBsAg), (anti-HBc), IgM နဲ့ (HBeAg) တို့က Acute hepatitis B infection ရက်တိုရောဂါ ရှိ-မရှိ စမ်းတာ ဖြစ်တယ်။

HBsAg, (HBV) DNA နဲ့ HBeAg က chronic HBV hepatitis ရှိ-မရှိ စမ်းတာ ဖြစ်တယ်။

HBsAg, (HBeAg), (anti-HBs) IgG, (anti-HBe) IgG နဲ့ HBV DNA တို့က chronic hepatitis B infection ရက်ရှည် ဖြစ်နေတာကို ဆေးကုသနေတုံး စောင့်ကြည့်ဘို့ စမ်းတာတွေပါ။

(anti-HBc) total နဲ့ anti-HBs ဆိုတာကတော့ အရင် ဘီပိုးရှိဘူးသူဟာ ခံနိုင်ရည်ရှိနေရာကနေ ပြန်ဖြစ်နိုင်-မဖြစ်နိုင်ကို သိဘို့ ဖြစ်တယ်။

မေးထားတဲ့ Anti-hepatitis Be antibody (Anti-HBe) စမ်းသပ်တာကတော့ hepatitis Be antigen ဆိုတဲ့ ဘီပိုးကနေ ထုတ်နေတဲ့ (အင်တီဂျင်) ကို ဘယ်လောက် တုံ့ပြန်နိုင်စွမ်း ရှိသလဲဆိုတာကို သိဘို့ Antibody (အင်တီဘော်ဒီ) ထုတ်လုပ်နိုင်တာကို စမ်းတာဖြစ်တယ်။

ဒီစမ်းသပ်မှုကြောင့် -
(၁) ရက်တို ဘီပိုး ကူးစက်ခံရပြီး၊ ပြန်လည်နလန်ထလာသူတွေမှာ anti-HBe ဟာ anti-HBc နဲ့ anti-HBs တို့နဲ့အတူ ရှိနေမယ်။
(၂) ရက်ရှည် ဘီပိုးရှိသူတွေမှာဆိုရင် anti-HBe ကိုကြည့်ပြီး ရောဂါအခြေအနေနဲ့ ကုသမှု ထိရောက်ပုံကို သိနိုင်စေတယ်။
ကျန်းမာ-ချမ်းသာပါစေ။

Dr. တင့်ဆွေ
၂၀-၄-၂၀၁၀

Read more...

Monday, April 19, 2010

Q and A Contraception ရက်ရှောင်နည်း

Q: ဆရာ ကျွန်တော် သိချင်တာလေး ပြောပြပေးပါ။ ကျွန်တော့ အသက် ၂၇ ရှိပါပြီ။ မိန်းမ ရာသီလာပြီးတဲ့ နေကစပြီး ၇ ရက်နဲ့ မလာခင် ၇ ရက်အတွင်းကို ဆက်ဆံရင် ကိုယ်ဝန်ရနိုင်တယ်လို့ ဆိုလိုတာလား။ ရာသီလာပြီး ၇ ရက်၊ မလာခင် ၇ ရက် အတွင်း ဆက်ဆံရင် ကိုယ်ဝန်မရနိုင်ဘူးလို့ ဆိုလိုတာလား သိချင်ပါတယ်။ သဘာဝအတိုင်း ဆက်ဆံမှုမျိုးနဲ့  ယောက်ျားလေးက ဘယ်လိုနည်းလမ်းသုံးပြီး ဆက်ဆံသင့်ပါသလဲ။ ကိုယ်ဝန်တားဆေးကို အမြဲသုံးနေရင် ကလေး လိုချင်တဲ့အခါ အခက်တွေ့ နိုင်ပါသလား။

A: ရာသီမလာခင် ၇ ရက်ကနေ လာပြီး ၇ ရက်အတွင်းမှာ ဆက်ဆံရင် သီအိုရီအရ ကိုယ်ဝန် မရနိုင်ပါ။

ကိုယ်ဝန်တားဆေး သုံးပြီးတဲ့နောက် ကလေးယူချင်ရင် ရနိုင်ပါတယ်။ ဆေးတွေက ၁ လအတွက်ဆေးနဲ့ ၃ လအတွက် ဆေးတွေသာ ဖြစ်တယ်။ ဆေးသုံးတာကို ရပ်လိုက်တာနဲ့ ကိုယ်ဝန်မဆောင်အောင် လုပ်နိုင်စွမ်း မရှိတော့ပါ။

ဒါပေမဲ့ တချို့အမျိုးသမီးတွေက ဆေးရပ်လိုက်တာနဲ့ နောက်လကစပြီး ကိုယ်ဝန်ဆောင်တယ်။ တချို့က အချိန်ကာလ တခုကို စောင့်ရတယ်။ ဘာလို့လဲဆိုတော့ တယောက်နဲ့တယောက်က သူ့သဘာဝအတိုင်း ဟော်မုန်းအခြေအနေ ပြန်ရောက်အောင် အချိန်ယူတာချင်း မတူကြလို့ပါ။ တချို့ဆိုရင် ၁ လ မဟုတ်ဘဲ ၁ နှစ်အထိ အချိန်ယူတာလဲရှိတယ်။

ကောင်းတာက အမျိုးသမီးဟာ ဆေးမကူဘဲ သဘာဝအတိုင်း ရာသီ ၂ လ၊ ၃ လ ပြန်ဆင်းပြီဆိုမှ ကလေးယူတာ ပိုကောင်းတယ်။ ဒီကြားကာလမှာ (ကွန်ဒွန်)နည်းစတာကို သုံးရမယ်။ ဟော်မုန်းအပိုတွေ မရှိတော့ဘဲ၊ နောက်ကိုယ်ဝန်မှာ ဘာမှ သက်ရောက်မှု မရှိစေတော့ဘူး။
ဟော်မုန်းပါတဲ့ ကိုယ်ဝန်တားဆေးတွေ မသုံးတော့တာတောင် ကိုယ်ဝန်မရနိုင်သေးတာကတော့ ရပ်လိုက်ပေမဲ့ အမျိုးသမီးရဲ့ကိုယ်ထဲမှာ အခိုက်အတန့်အားဖြင့် သက်ရောက်မှု ဆက်ရှိနေနိုင်သေးလို့ ဖြစ်ရတာပါ။ ဟော်မုန်း ၂ မျိုးတွဲ စားဆေးသုံးသူဆိုရင် အများအားဖြင့် ၂လ၊ ၃ လ နောက်မှ ကိုယ်ဝန် ပြန်ရနိုင်တယ်။ Depo-Provera ထိုးဆေး ဆိုရင် ၆ လ၊ ၁ နှစ်ကြာမှ ကိုယ်ဝန်ပြန်ဆောင်တတ်တယ်။ ဒီကြားကာလမှာ သွေးမဆင်းဘဲနေတာလဲ ရှိနိုင်သေးတယ်။

နည်းဆိုတာ အမေးက သိပ်မရှင်းပါ။ ဒါပေမဲ့ ဒီလိုဖြေပါရစေ။

လှေကြီးထိုး ရိုးရိုးနည်း၊ သဘာဝနည်းတွေသာ အကောင်းဆုံး ဖြစ်ပါတယ်။ (ကာမသျှတြ) နည်းလမ်း ခြောက်ဆယ့် လေးသွယ် ဆိုတာ S Positions and S poses အဖြစ် ရာဇ၀င်တွင်တယ်။ နှစ်ဦးနှစ်ဘက် အလိုကျတာကို သုံးသင့်ပါတယ်။

၁၉-၄-၂၀၁၀

Read more...

Friday, April 16, 2010

Wet tip ဟိုနေရာ စိုလာတတ်တဲ့ ရောဂါ

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၁)
မေးမြန်းသူ(၁) “ရောဂါတစ်ခုရှိနေပါတယ် ဆရာရေ ပြောရမှာတော့ ရှက်စရာကောင်းလှပါတယ်။ နားနှင့်မနာပဲ ဖ၀ါးနဲ့သာနာစေချင်ပါတယ်။ sexy girl တွေကြည့်တဲ့အခါ အမြဲတန်းလိုလို လိင်တံက semen သုက်အရည်တွေ ထွက်တက်ပါတယ်။

အဲဒါ ဘယ်လိုလုပ် ကုစားရမယ်ဆိုတာကို ကျေးဇူးပြုပြီး ဖြေကြားပေစေချင်ပါတယ်။ လိင်အဂ်ါမှာ အရည်မစိုအောင်း လုပ်သင့်သလား၊ မလုပ်သင့်ဘူလားဆိုတာကို ကျေးဇူးပြုပြီး ဖြေကြား ပေးစေချင်ပါတယ်။ နောက် လိင်အဂ်ါမှာ အရည်မစိုအောင် လုပ်လိုက်မယ်ဆိုရင် ဖြစ်ပေါ်လာနိုင်တဲ့ဆိုကျိုးတွေ၊ ကောင်းကျိုးတွေကို မျှဝေပေးစေချင်ပါတယ်။ လူတိုင်းဖြစ်နေမယ်ဆိုရင် ဆရာရဲ့ web-site ထဲမှာ ဒီအကြောင်းအရာကို ရေးမယ်ဆိုရင် ကောင်းမယ်ထင်ပါတယ်။ လူတိုင်းက ရှက်တက်တဲ့သူတွေဆိုတော့ မေးရမှာ အဆင်မပြေနိုင်ကြပါဘူး။”

မေးမြန်းသူ(၂) “စိတ်တော့မရှိကြပါနဲ့နော်၊ ကျနော်တစ်ခုလောက်မေးချင်လို့ပါ။ စိတ်ပညာနဲ့မကြည့်ပဲ၊ ဆေးပညာနဲ့ပဲ ကြည့်ရပါဗျာ။ ကျနော် လူပျိုဝင်ကာစ တစ်ခါကတော့ ဖြစ်ဘူးပါတယ်။ အဲ့ဒီတုန်းကတော့ လူပျိုဝင်ကစပဲလို့ ထင်ပြီး၊ နေလိုက်တယ်။ ယောကျားအင်္ဂါကနေ အရည်ကြည့်လေးတွေထွက်တယ်။ နောက်ပိုင်းတော့ မထွက်တော့ဘူး။ အခု ၂၃ ၀င်ခါစမှပဲ ထပ်ဖြစ်လာတယ်။ ဖြစ်ပုံကတော့ ဒီလို့ အပြာကားတွေ ကြည့်ရင်ထွက်တယ်။ မကောင်းတဲ့စကားတွေ ပြောရင်လဲ ထွက်လာတယ်။ အဲ့ဒါကတော့ စိတ်တက်ကြွလို့ပဲဆိုပြီး နေလို့ရတယ်။ ဒါပေမယ့် မစဉ်းစားပဲလဲ ထွက်နေပြန်ရော။ ဘောင်းဘီလဲရတာလဲ မနည်းတော့ဘူး။ အဲဒါ ဘာကြောင့်ဖြစ်တယ်ဆိုတာ သိချင်ပါတယ် ခင်ဗျာ။ အဲ့လိုမဖြစ်အောင်လဲ ဘာဆေးတွေဆောင်ထားရင် ကောင်းမလဲဆိုတာ သိချင်ပါတယ်။ အဲ့လိုဖြစ်ရင် အားပြတ်တာတော့ အမှန်ပဲ။ စားတိုင်းလဲမ၀ဘူး။ ပိန်ပိန်လာတယ်။ အဲဒါ အစများ ဖြစ်လာနိုင်မလားဗျာ။ ဟိုရောဂါကလဲ ၂နှစ် နဲ့ ၁၀နှစ် ကြားမှာ ပေါ်တက်တယ်လို့ သိရပါတယ်။ အရည်တွေ မကျအောင် ဘယ်လိုနေထိုင်ရမယ်ဆိုတာ ပြောပြပေးကြပါခင်ဗျာ။”

ဒီလိုဖြစ်တာက သိပ် (နော်မယ်လ်) ဖြစ်တယ်။ ယောက်ျားလေးတိုင်းဖြစ်တယ်။ မိန်းကလေးလဲ ဖြစ်တာဘဲ။ လိင်စိတ်ကို ဆွပေးတာကို ကြည့်တာဖြစ်ဖြစ်၊ စိတ်ကူးတာဖြစ်ဖြစ် လိင်အဂ်ါမှာ အရည်စိုလာတာ ပုံမှန်ပါ။ ဆေးကုစရာ မလိုပါ။ လိင်စိတ်ဆိုတာမျိုးက စိတ်အပြင် ဟော်မုန်းဓါတ်ကြောင့်ပါ ဖြစ်ရတာပါ။ စိတ်မကစားလဲ ဟော်မုန်းသတ္တိပြလာရင် ဒီစိတ်က ကြွလာတယ်။ ဖြစ်ဖန်များသူဆိုရင် အကျင့်လိုရလာတတ်သေးတယ်။

မအိပ်ခင်က ဘာမှ စိတ်ကူး မထားတာတောင်၊ အိပ်မက်မက်ယင်း အိပ်ရာထဲမှာ သုတ်ထွက်တာမျိုးလဲ ရှိတယ်။ ဒါဟာ ထွက်ပေးဘို့ လိုနေတာကြောင့်လို့ ပြောရင် ရနိုင်တယ်။ ဘာမှ စိုးရိမ်စရာမလိုပါ။ လူ့ကိုယ်ခန္ဓာကြီး တည်ဆောက်ထားပုံနဲ့ လူ့ဇီဝကမ္မအလုပ်များဟာ အင်မတန် ကောင်းလွန်းလှတဲ့ စက်တို့ ကွန်ပြူတာတို့ထက် အဆ အများကြီး သာတယ်။ ပိုတာ-မလိုတာကို ထုတ်ပြစ်တတ်တယ်။ မသင့်တာကို သန့်ပေးနိုင်တယ်။ လိုတာကို ဖြည့်ပေးနိုင်တယ်။

ဒီပြဿနာမှာလဲ Semen အရည်ကြည် ဖြစ်ဖြစ် Sperm သုတ်ရည်ဖြစ်ဖြစ် ထွက်သင့်ချိန်မှာ ထွက်စေတာ ဖြစ်ပါတယ်။ Semen အရည်ကြည်ဆိုတာက လိင်စိတ်ပေါ်လာရင် အင်္ဂါအ၀မှာ စိုလာတာကိုပြောတာပါ။ တကယ်လို့ ဆက်ဆံမယ်ဆိုရင် အဆင်ပြေအောင် ပြင်ဆင်ပေးမှုဖြစ်တယ်။ Sperm သုတ်ရည်ကတော့ လိင်စိတ် ပြည့်ဝ-ကျေနပ် သွားချိန်မှာ ယောက်ျားအင်္ဂါကနေ ထွက်တာပါ။ မိန်းမတွေမှာလဲ Orgasm ရတယ်ဆိုရင် အရည်ထွက်လာတယ်။

ဒီလိုဖြစ်ခြင်း နှစ်မျိုးလုံးကြောင့် အားအင်ကုန်ခမ်းစေတာ အမှန်ပါ။ လိင်စိတ် ဖြစ်ပေါ်လာတာနဲ့ နှလုံးခုန် မြန်မယ်၊ သွေးလျှောက်တာ ပိုလာတယ်။ နွေးလာတယ်။ ဆောင်းတွင်းမှာတောင် အေးမှန်းမသိဘူး။ ဒါ့ကြောင့် အား ပိုသုံးပြစ်လိုက်တယ်။ (ကလိုရီ) လျှော့ချင်ရင် နည်းကောင်းတခုလို့တောင် ဆိုကြသေးတယ်။

Orgasm ရသွားရင် ဘယ်သူဘဲဖြစ်ဖြစ် (အင်နာဂျီ) အများကြီး ကုန်သွားတာမို့ ခြေပြစ်-လက်ပြစ် ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ဒီလိုဖြစ်ပြီးတာနဲ့ တခါတည်း အိပ်စက်လိုက်ရင် အားအင်တွေ အလိုလို ပြန်ပြည့်လာတယ်။ မနက် အိပ်ယာထချိန်တိုင်းမှာ အားမှန်သမျှ ပြည့်ဝနေတယ်။

တကယ်လို့ အိပ်ရာထဲမှာ သု့ဖါသာ သုတ်လွှတ်တာ ဖြစ်ဖြစ်နေရင် ညမအိပ်ခင် ရေမသောက်ဘဲနေ၊ ဆီးသွားပြီးမှ အိပ်ရာဝင်၊ တခါခါ (မာစတာဘိတ်) လုပ်ပါလို့ တချို့က အကြံပေးတယ်။

အားအင်ကုန်တာကို နားတာ၊ အိပ်တာနဲ့ မလုံလောက်ရင် ရိုးရိုးအားဆေး (ဗီတာမင် ဘီအုပ်စု)ကို သောက်ပါ။ အမျိုးအစား ကောင်းတာ ရွေးသင့်တယ်။ နာမည်ရှိ ဆေးကုမ္ပဏီက လာတာမျိုးပြောတာပါ။ အစားအသောက်မှာလဲ အားဖြစ်စေတာမျိုး ပိုစားပါ။ အမျိုးသမီးများအတွက်ဆိုရင် ဗီတာမင် ဘီ၊ စီ၊ အီး အပြင် ဇင့်(သွပ်ဓါတ်) နဲ့ မက်ဂနီဆီယံ ဓါတ်ဆားတွေ ပါဘို့ လိုတယ်။ အစားအစာထဲကဆိုရင် ပဲပုတ်စေ့ကကောင်းသတဲ့။ ယောက်ျားတွေအတွက် ကြက်ဥ၊ ငှက်ပျာသီးကို ညွှန်းတယ်။ သင်္ဘောသီးကို အရှောင်ခိုင်းတာကတော့ သုတေသန မဟုတ်ပါ။ ကိုယ်တွေ့ဆိုပြီး တယောက်ချင်းက ပြောတာပါ။ နှလုံးအတွက်ကောင်းတဲ့ အစားတွေဟာ ဒီကိစ္စအတွက်ပါ ကောင်းတယ်လို့ ဆိုတာလဲရှိတယ်။

လိင်အတွက် ဆေး၊ အစာတွေဆိုတာက လိင်စိတ် အားပေးတာတွေ ဖြစ်တာမို့ မေးခွန်းမေးသူများ အလိုနဲ့ ပြောင်းပြန် ဖြစ်နေတာကို သတိထားပါ။

ဒီလိုဖြစ်တာကို ကိုယ်က မဖြစ်စေချင်ရင် အမြင်-အကြား-စိတ်ကူးစိတ်သမ်း-အထိအတွေ့၊ လိင်စိတ်ကြွစေတာမှန်သမျှ ရှောင်ပါ။ အားနည်းတာ သက်သာအောင် ဒီလိုဖြစ်ပြီးတာနဲ့ ခဏအနားယူလိုက်ပါ။ စိတ်မှာ “ငါ ဒါ့ကြောင့် အားတွေ ယုတ်သွားလိုက်တာ” လို့ မတွေး၊ မထင်ပါနဲ့။ “ငါ့မှာ အားတွေ ပိုနေလို့ ဖြစ်နိုင်စွမ်းတာ” လို့ မှတ်ပါ။ “အသုံးပြုစဉ် အားပြန်ဝင်သည်” ဆိုတဲ့ “အေစီ-ဒီစီ ဒိုင်နမို” ကိုယ်ထဲမှာ ရှိနေပါတယ်။

တင့်ဆွေ
၁၆-၄-၂၀၁၀

Read more...

Wednesday, April 14, 2010

Abscess ခူနာ ခေါ်သော ပြည်တည်နာ

Q: ဆရာခင်ဗျာ ကျနော့်အမျိုးသမီးမှာ ခူနာရောဂါကို ခံစားနေရပါတယ်။ ဟိုအရင် သူငယ်စဉ် အချိန်မှာလဲ ဖြစ်ခဲ့ဖူးပါတယ်။ ကျနော်သိချင်တာက အဲဒီရောဂါက ဘယ်လိုအခြေအနေမျိုးမှာ ဖြစ်စေလဲဆိုတာရယ်၊ ဘာ့ကြောင့် ဖြစ်စေတယ်ဆိုတာရယ်၊ ဘယ်လိုကုသပျောက်ကင်းနိုင်သလဲ ဆိုတာလေး ပြောပြပေးပါ။ နောက်ထပ် အဒီရောဂါကို အမြစ်ပြတ်အောင် ကုသလို့ ရသလားဆိုတာရယ်၊ ဘယ်လို ကာကွယ်ရမယ် ဆိုတာရယ်ကိုပါ ရှင်းပြပေးပါ ဆရာခင်ဗျာ။

A 1: ခူနာရောဂါ ဆိုတာကို အတိအကျ သိချင်ပါတယ်။ ကျွန်တော်တို့ လူမျိုးများဟာ နာမည်ပေး အလွန် ကောင်းသလို အတော်လဲ လွယ်လွယ် ပေးတပ်ကြတယ်။ တခြားဟာတွေက ပြဿနာ သိပ်မရှိပေမဲ့ ရောဂါ နာမည်က တလွဲ ရောက်စေ တတ်တယ်။ ၀မ်းကိုက်တယ် ပြောတာနဲ့ ၀မ်းချုပ်တယ် ပြောတာကို ထပ်မမေးရင် လွဲရော။ ဒါ့ကြောင့် ခူနာ ရောဂါ ဆိုတဲ့ အနာအကြောင်းလေး ပြောပြပါဦး။ ဘယ်နေရာမှာလဲ၊ ဘယ်လောက်ကြာပြီလဲ၊ ဘယ်ပုံပန်းလဲ၊ (နီ-နာ-ရောင်-ယား)၊ ဘယ်အချိန်-အခါမျိုးမှာ ပိုဆိုးသလဲ-သက်သာသလဲ။ ကြည့်ရတာ အဲ့ ကြည့်တော့ မကြည့်ရသေးဘူးပေါ့လေ။ နှင်းခူနာ ဖြစ်ဘို့များတယ်။ Eczema လို့ခေါ်တာပေါ့။

Q 2: ဆရာခင်ဗျာ ဆရာပြောသလိုပါဘဲ။ ကျနော်က အဲဒီအနာကိုလဲ သေသေချာချာ မမြင်ဘူးပါဘူး။ ဘာလို့လဲဆိုတော့ ကျနော် နဲ့ ကျနော့် အမျိုးသမီးနဲ့က တနေရာဆီမှာမလို့ပါဆရာ။ ကျနော် သူ့ကို သေသေချာချာ မေးကြည့်တော့ ဖြစ်တဲ့ နေရာကတော့ လက်မမှာပါဆရာ။ အဲ... ဒါပေမဲ့ အရေပြားပေါ်မှာတော့ ဘာလဏ္ခာမှ မပြဘူးတဲ့ဆရာ။ အတွင်းထဲမှာဘဲ ပူပြီးတော့ ကိုက်နေသလိုဘဲတဲ့ဆရာ။ သူကတော့ ခူနာလို့ပြောလို့ သာကျနော်လဲ ခူနာ လိုက်ရတာပါဆရာ။

A 2: ပိုတောင်ခက်လာတယ်ဗျို့။ “သိုက်စာ ဘာသာပြန်ရသလို” ဖြစ်တော့မှာဘဲ။ ခင်ဗျားလဲ မှန်းသိ၊ ကျွန်တော်လဲ မှန်းကု ဖြစ်ကြပြီပေါ့။ ဘာဘဲဖြစ်ဖြစ် မှန်းလိုက်ပါမယ်။ အပေါ်ယံမှာ ဘာမှမမြင်ရရင်တော့ “နှင်းခူနာ” မဟုတ်နိုင်တော့ပါ။ “ခူနာ” ရောဂါနာမည်က ဗမာဆေးပညာအရခေါ်တာဖြစ်နေလို့၊ ကျွန်တော်ကလည်း တိုင်းရင်းဆေးကို စနစ်တကျ မသိတာမို့ စွယ်စုံကျမ်းကို လှန်ရတယ်။ ဒီလိုဆိုပါတယ်။

“ခူနာသည် လက်ချောင်းတွင် ပေါက်လေ့ရှိသည့် အနာတမျိုးဖြစ်သည်။ ထိုအနာမျိုး ပေါက်လျှင် သတိမမူမိလျှင် လက်ဆစ်များကိုပင် ဖြတ်ပစ်ရတတ်သည်။ ထိုအနာ ဖြစ်ပေါ်သည့် အကြောင်းရင်းမှာ အစဉ်ပွတ်တိုက်မှုကြောင့် ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင် (စတြက်တိုကောကပ်)ခေါ် ဗက်တီးရီးယား ကြောင့်လည်း ဖြစ်တတ်သေးသည်ဟုဆိုသည်။ ထိုအနာမျိုးသည် လက်ချောင်းရှိ တစ်ရှူး (အသားမျှင်) များတွင် သွေးသွားစုရာမှ စတင်ဖြစ်ပေါ်တတ်သည်။ ထိုသို့ သွေးသွားစုခြင်းကြောင့် လက်ချောင်း၏ အရေပြားသည် တင်းမာပြီး ရောင်လာလေသည်။

ထိုအနာ ဖြစ်ပေါ်စ၌ အလွန်ကိုက်ခဲနာကျင်၍ နောက်မကြာမီ အနာတွင် ပြည်တည်လာတတ်၏။ ကုသပုံနည်းမှာ လက်ချောင်းရောင်လာသည်ကို သိသည်နှင့်တပြိုင်နက် ၂ နာရီခြား တခါမျှ အဝတ်ပိုင်းကို ရေနွေးတွင်စိမ်၍ ကျပ်ပူ ထိုးပေးရ၏။ အနာဖြစ်နေသော အစိတ်အပိုင်းကို ငြိမ်ငြိမ်ထားရသည်။ (အန်တီဖလိုဂျစ်စတင်)ကိုလည်း အပေါ်မှ အုံပေးရ၏။ အကိုက်အခဲကို (အက်စပီရင်) ဆေးပြားများ မှီဝဲခြင်းဖြင့် သက်သာစေနိုင်သည်။

ရောင်ခါစ၌ လက်ချောင်းသည် ပြောင်၍ နီလာပြီးနောက် တဖြည်းဖြည်း အဝါပုပ်ရောင် ဖြစ်သွားသည်။ ထိုအခြေအနေ၌ အနာတွင်းရှိ ပြည်များကို ခွဲထုတ်ပစ်ရသည်။ အနာခွဲကရိယာများကို အသုံးမပြုမီ ရေနှင့်ပြုတ်၍ ပိုးများကို သေစေရသည်။ ပိုးသတ်မထားသော ကရိယာများဖြင့် မဖေါက်ခွဲသင့်ပေ။ ပိုးများကြောင့် အနာတွင် အဆိပ်ဖြစ်စေတတ်သည်။ ခွဲစိတ်သောအခါ၌ အနာကို သင့်ရုံလောက်ခွဲ၍ ပြည်ကိုထုတ်ပြီးလျှင် အနာပေါက်ထဲသို့ ဆေးရည်စိမ်ထားသော ဂွမ်းဖတ်များကို ထည့်ပေးရသည်။ လူနာကိုလည်း (ပင်နီဆီလင်)ဆေး ထိုးပေးလေ့ရှိသည်။”

အနာက အတွင်းနက်မှာဖြစ်ရင် တော်တော်နဲ့ မပေါ်ဘူး။ ဥပမာ တင်ပါး၊ ရင်သား။ ဖြစ်တဲ့နေရာ အနီးအနားမှာ အာရုံကြောရှိရင် ပိုနာမယ်။ လက်ချောင်း ခြေချောင်းတွေမှာ နေရာက ကျဉ်းတော့ အာရုံကြောနဲ့ မဝေးဘူး။ ဒါ့ကြောင့် နာတယ်။

ခူနာဆိုတာ ပြည်ရှိလာရင် Abscess ခေါ်ပါတယ်။ ပြည်တည်နာက ချိုင်း (ဂျိုင်း)မှာ ပေါက်ရင် ကိန္နရာနာ ခေါ်ကြတယ်။ ချိုင်းကနာလို့ လက်ကို ကိုယ်မှာမကပ်နိုင်တော့ ကိန္နာက ကသလို နေရတာမို့ပါ။ ပြည်မတည်ခင် အနာဖြစ်တဲ့နေရာမှာ လက္ခဏာ ၅ ပါးဖြစ်လာတယ်။ ဖြစ်တဲ့နေရာ (တစ်ရှူး) အင်္ဂါအစိတ်အပိုင်းဟာ နီ-နာ-ရောင်-ပူ ဆိုတာအပြင် သူလုပ်ရမဲ့ အလုပ်ကို မလုပ်နိုင် ဖြစ်လာတယ်။ ဒီအဆင့်မှာ Infection “ရောင်ခြင်း” ဆိုတာသာ ရှိပါသေးတယ်။ ရောဂါနာမည်တွေ အဆုံးမှာ “-itis” ပါရင် ဒါဖြစ်တာလို့ မှတ်ပါလေ။ Stomatitis လျှာနာ၊ Conjunctivitis မျက်စိနာ၊ Appendicitis အူအတက်ရောင်၊ Hepatitis အသဲရောင် စတာတွေပေါ့။

ဒီအဆင့်မှာ လုပ်ပေးဘို့က “ပိုးကိုနိုင်တဲ့ဆေး” တွေ ပေးရမှာပါ။ နောက်မှာ ပိုးဝင်လာတတ်တာမို့ပါ။ ပိုးကိုနိုင်တဲ့ဆေး အမျိုးမျိုးရှိတယ်။ ပဋိဇီဝဆေးလို့ ဆေးစာကို ခန့်အောင် ပါဠိစာ သုံးထားတာပေါ့။ ဗမာတွေသာ မဟုတ်ပါဘူး။ သူများတွေလဲ ရှေးကျတဲ့ ဂရိစာကို အတော် သုံးကြတာ။ ဆေးပညာ အထိမ်းအမှတ်ကိုတောင် ဘီစီ ၂၀၀၀ က (ဆူမေရီယန်း) ဘုရား Ningishzida နဲ့ မြွေနှစ်ကောင် Gryphons ကို ခုထိ သုံးကြတယ်။

ပိုးကိုနိုင်တဲ့ ပဋ္ဋိဇီဝဆေးတွေကို အုပ်စု (၁၃) ခုတောင်ခွဲထားတာ။ အစောဆုံးပေါ်ခဲ့တာက Sulfonamides (ဆာလ်ဖိုနမိုက်) အုပ်စုပါ။ အတော်များများလဲ သုံးတတ်ကြတယ်။ Sulfacetamide မျက်စဉ်း၊ Trimethoprim-Sulfamethoxazole ကို Septrin လို့ ပိုသိကြတယ်။

နောက်ပေါ်ကတော့ Cephalosporins (ကက်ဖလိုစပိုရင်) ဖြစ်တယ်။ နောက်ပေါ်ထဲမှာ နောက်ပေါက်တွေရှိတယ်။ မျိုးဆက်တွေ ထပ်ထပ် တိုးလာလို့ အခုဆို မျိုးဆက် လေးခုတောင် ရှိနေပြီ။ ဒီအုပ်စုဆေးတွေက “Cef” နဲ့စတယ်။ ပဌမမျိုးဆက် Cefadroxil, Cephalexin, Cephaloridine, Cephalothin, Cephapirin, Cefazolin, Cephradine ဒုတိယမျိုးဆက် Cefaclor, Cefoxitin, Cefprozil, Cefuroxime တတိယမျိုးဆက် Cefdinir, Cefixime, Cefpodoxime, Ceftibuten, Ceftriaxone, Cefotaxime စတုတ္ထမျိုးဆက် Cefepime, Cefluprenam, Cefozopran, Cefpirome, Cefquinome တွေပါ။

Tetracyclines (တက်ထရွာ-ဆိုက်ကလင်း) အုပ်စုကိုလဲ လူအတော်များများ သိကြတယ်။ ဆေးတောင့် အနေနဲ့ လာတာများပြီး၊ အရင် BPI ကနေ ထုတ်တော့ အတောင့်အရောင်က နီပြီး၊ အလည်မှာ အပြာရောင် စဉ်းလေး လုပ်ထားတော့ ကိုယ့်ဗမာတွေက “ခါးပတ်ကြားဆေး” လို့ခေါ်ကြတယ်။ အ၀ါရောင်ကို အပြာပတ်ထားတာက Chloramphenicol ဖြစ်တယ်။ ဒီခါးပတ်ကြားများက စွမ်းသလားမမေးနဲ့၊ ဒါပေမဲ့ မကောင်းတဲ့ အာနိသင်တွေရှိတာမို့ “သတိထားပါ၊ သတိထားပါ” နဲ့ ဆရာဝန်တွေက ခဏခဏ သတိပေးကြတယ်။

အများဆုံးသိကြတာကတော့ (ပနယ်စလင်) တွေပေါ့။ ခူနာအတွက်လဲ သူ့ကိုသုံးတာ များတယ်။ ဒီအုပ်စုဆေးတွေထဲမှာ Amoxicillin, Ampicillin, Cloxacillin အပြင် Penicillin ထိုးဆေး နဲ့ စားဆေးတွေ ပါတယ်။ အနာက ပြည်ရှိရင် Ampicillin နဲ့ Cloxacillin ၂ မျိုးတွဲပေးမှ ပိုကောင်းတယ်။ ဆေးကို နှစ်မျိုးတွဲ တပါတည်း ထုတ်တာလဲရှိတယ်။ Ampiclox ခေါ်တယ်။ အများအားဖြင့် ၂၅၀ အားက ၆ နာရီခြား၊ ၅၀၀ အားက ၁၂ နာရီခြားသောက်ရမယ်။ ၄ ရက် အနည်းဆုံး သောက်မှ ကောင်းတယ်။ မဟုတ်ရင် နောက်ဖြစ်တော့ ဆေးယဉ်သွားမယ်။

အနာဆိုတာ ပြည် တည်လာရင်တော့ ခွဲထုတ်ရမယ်။ ခွဲစိတ်ပညာမှာ “ပြည်ရှိရင်-ခွဲထုတ်” ဆိုတာ ဖေါ်မြူလာပါ။ ဦးနှောက်၊ ခြေထောက်၊ အသဲ၊ ဘယ်ထဲရှိရှိ ပြည်ကို ထုတ်ရပါမယ်။ “ပြည်ပေါက်-ပျောက်ပြီ” ဆိုတာ အမှန်ပါ။

ပိုးကိုနိုင်ဆေးတွေအပြင် အနာ-အရောင်ကို သက်သာဆေးလဲ ပေးသင့်တယ်။ Painkillers လို့ ခေါ်တာတွေပေါ့။ အိမ်တိုင်းမှာ ခေါင်းကိုက်၊ ကိုယ်ပူ၊ အနာ-ဒဏ်ရာ မှန်သမျှ ဖြစ်တာနဲ့ အသောက်ခိုင်းတဲ့ ဆေးတွေပေါ့။ “ဆေးကို ပဲလှော် ၀ါးသလို စားတယ်” ဆိုပြီး၊ နောက်ပြောင် ပြောကြတာ ရှိတယ်မဟုတ်လား။ ကလေးရှိတဲ့ အိမ်တိုင်း (ပါရာစီတမော) ရှိတယ်။ ခြေဆစ်လက်ဆစ်နာသူများ (အက်စ်ပရင်) ဆောင်ထားကြတယ်။ နဲနဲပိုဆိုးတဲ့ ခါးနာ၊ ဇက်ကျောတက်သူများ (အနာဂျက်ဆင်) စတာမျိုး သုံးကြတယ်။ ဒီဆေးအုပ်စုက အစွမ်းသုံးပါး ထက်တယ်။ အဖျားကျ၊ အနာသက်သာပြီး အရောင် လျှော့စေတယ်။

ဆေးတွေ အပြင် တခြားအထောက်အကူ လုပ်ပေးနိုင်တာလေးတွေ ရှိပါသေးတယ်။ အနာမှန်သမျှကို ငြိမ်ငြိမ်ထားပေးရင် အနာကျက် မြန်စေတယ်။ အရိုးကျိုးရင် မလှုတ်နိုင်အောင် ကျပ်စည်း၊ ကျောက်ပတ္တီး စည်းရတယ်မဟုတ်လား။ အနာရှိရင် ငြိမ်ငြိမ်ထား၊ အလုပ်နားပေါ့။ အနာမပေါက်ခင် အပေါ်ကနေ ပိုးသတ်ဆေးရည်တခုခု လိမ်းပေးတာလဲ အကျိုးရှိတယ်။ ဒက်တော၊ အရက်ပြန်၊ အိုင်အိုဒင်း၊ ဆိုတာမျိုး။ အနည်းဆုံးတော့ ရေ-ဆပ်ပြာနဲ့ မကြာမကြာဆေးပေးပါ။

အပူပေးတာဟာ သွေးကို ပိုလျှောက်စေတာမို့၊ အနာကို မြန်မြန် ပျောက်စေတဲ့သဘော ရှိတယ်။ ရေနွေးအိပ် တင်တာ၊ ရေနွေးပုလင်း ကပ်တာ။ နောက်ပြီး၊ ပရုပ်ဆီ လိမ်းတာ၊ ဇာတိပ္ဖိုလ်သီး သွေးလိမ်းတာ၊ ကြပ်ထုပ်ထိုး၊ ကြပ်ပူတိုက်တာလဲ ဒီအတွက် ဖြစ်မယ်ထင်တယ်။

နို့စို့အရွယ် (အဇာတသတ်) ရဲ့လက်မှာ ပေါက်တဲ့အနာကို ခူနာလို့ ပြော-ဟောကြတယ်။ သူ့အနာက ပြည်မှည့်နေချိန်မို့ ခမည်းတော် (ဗိမ္ဗိသာရ) မင်းကြီးကနေ ပါးစပ်ထဲမှာ ငုံထားပေးတဲ့အခါ ပြည်ပေါက်ထွက်သွားရတယ်။ မင်းတရားကြီးဟာ သမားတော် ဇီဝကရဲ့ Prescription ဆေးညွှန်းအရ လုပ်တာတော့ ဟုတ်မယ် မထင်ဘူး။ နှစ်နှစ်ကာကာ ချစ်လာရင် “ဆီးဖြူ-ဖန်ခါး ငုံထားသလို” ဆိုပြီး ပြောလေ့ရှိတာကြောင့် နေမှာပါ။ ကိုယ်အပူချိန် အာငွေ့ဆိုတာက ၃၇ ဒီဂရီ ရှိလို့ အပြင်လေထက် ပိုပူမယ်။ ဒါက ပုံမှန်ဆိုရင်သာ ပြောရတာ။ အခုစာရေးနေတုံး ရန်ကုန်မှာ ၃၈ ရှိနေပြီး၊ နောက် ရက်တွေ ၄၀၊ ၄၁ ရှိမယ်ဆိုဘဲ။ “ခူနာရှိသူ နေပူ မထွက်စေနဲ့” နော်။ ခေတ်ကာလက မကောင်းသူတွေက မင်းမူနေကြတယ်။

မိဘမေတ္တာကို ညွှန်းရင် အထိမိဆုံး ဥပမာရှိခဲ့သလို၊ ဇနီးသည်မှာ ခူနာပေါက်လို့ အဲလို ငုံပေးသူရှိလာရင်တော့ ချစ်မေတ္တာ ပုံပြင်သစ်ကလေးတခု တိုးလာပါမှာပေါ့ဗျာ။

Dr. တင့်ဆွေ
၁၄-၄-၂၀၁၀

Read more...

Wednesday, April 7, 2010

Become pregnant ကိုယ်ဝန်ရနိုင်ခြင်း

အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၁၈)
ဆရာရှင့်. နားနဲ့ မနာ ဖ၀ါးနဲ့ နာပါ.. ကျွန်မက အသက် ၂၂ ရှိပြီဖြစ်တဲ့ အပျိုပါ..ကျောင်းသူပါ. ဆရာရဲ့ အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ ဆိုတာတွေလည်း ဖတ်ပြီးပါပြီ အလွန် ဗဟုသုတ ရပါတယ်.. ကျွန်မ သိချင်တာလေး မေးပါရစေ.. ဆရာရေးထားတာက oral sex က ကိုယ်ဝန် မရနိုင်ဘူးလို့ ဖတ်ရပါတယ်.. ယောက်ျားလေး သုတ်ပိုး မိန်းကလေး ကိုယ်ထဲ ၀င်မှ ကိုယ်ဝန်ရှိတာလားရှင်.. ယောက်ျာလေး အရည် နဲ့ မိန်းကလေး အင်္ဂါ ထိတွေ့မိရင်ရော. ကိုယ်ဝန်ရနိုင်ပါသလားရှင် ဆရာ.. ကျွန်မကို ကျေးဇူးပြုပြီး ဖြေကြားပေးပါ..

ကိုယ်ဝန်ရှိသွားတယ်ဆိုတာကို တိတိကျကျပြောရရင် ယောက်ျား လိင်အင်္ဂါကနေထွက်တဲ့ သုတ်ရည် နဲ့ မိန်းကလေးရဲ့ မျိုးဥ တနည်းနည်းနဲ့ ထိတွေ့၊ ပေါင်းစပ်မှ ဖြစ်တာပါ။ လွယ်တယ်ဆိုလဲ ဟုတ်တယ်၊ ခက်ခဲတယ်ဆိုပြန်ရင်လဲ မှန်တယ်။ တခါတည်း ဆက်ဆံတာနဲ့ ကိုယ်ဝန်ရှိသွားတတ်သလို အိမ်ထောင် ရက်သားကျတာ နှစ်တွေကြာတာတောင်မှ သားသမီး မထွန်းကားတာလဲ ရှိတယ်။

(သုတ်ရည်ဆိုတာ) လိင်စိတ်ဖြစ်ပေါ်လာလို့ ယောက်ျားအင်္ဂါထိပ်မှာ စိုလာတဲ့ (စီမင်) ဆိုတဲ့အရည် မဟုတ်ပါ။ မိန်းကလေးတွေမှာလဲ လိင်စိတ်ဖြစ်လာရင် မိန်းမအင်္ဂါမှာ စိုလာတာမျိုး ဖြစ်ပါတယ်။ ယောက်ျား-မိန်းမ နှစ်ယောက်လုံးမှာ ဒီအရည်မျိုးက ကိုယ်ဝန် မဆောင်စေနိုင်ပါ။ လိင်ဆက်ဆံရင် (လိင်အင်္ဂါ နှစ်ခု ထိစပ်ခြင်းလုပ်ရင်) အဆင်ပြေ ချောမွေ့အောင် ပြုပြင်ပေးမှုတခုသာ ဖြစ်ပါတယ်။

လိင်ဆက်ဆံစိတ် ပြည့်ဝသွားချိန်မှာ ထွက်လာတဲ့အရည်ကိုသာ သုတ်ရည်ခေါ်တယ်။ အထဲမှာ သုတ်ပိုးတွေပါတယ်။ သုတ်ပိုးတွေက ကျန်းမာသန်စွမ်းရမယ်။ အရည်အတွက်ကလဲ မနည်းရဘူး။ ဒါမှ ကိုယ်ဝန်ဆောင်စေနိုင်တယ်။ သုတ်ရည်ဆိုတာ (စီမင်)လို စိမ့်ထွက်နေတာ မဟုတ်ဘဲ၊ အရှိန်နဲ့ ပန်းထွက်လာတာပါ။

ယောက်ျားဖြစ်ဖြစ် မိန်းမဖြစ်ဖြစ် လိင်ဆက်ဆံတာ မလုပ်ဘဲလဲ လိင်စိတ်ပြည့်ဝသွားအောင် တခြားနည်းနဲ့လုပ်ရင် ယောက်ျားမှာ သုတ်ရည် ထွက်စေနိုင်သလို၊ မိန်းမမှာလဲ နောက်အရည်တမျိုး ထွက်စေနိုင်တယ်။ ဒါမျိုးကို တနည်းအားဖြင့် ဆန္ဒပြည့်ဝသွားတယ်၊ (ကလိုင်းမက်စ်) ရောက်တယ်၊ (အော်ဂဇင်) ရတယ်လို့ ခေါ်တယ်။ အရပ်စကားနဲ့ဆိုရင် “ပြီး” သွားတယ်ပေါ့။ မိန်းမတွေမှာ (အော်ဂဇင်) မရဘဲနဲ့ ကိုယ်ဝန်ဆောင်သွားနိုင်တယ်။ ယောက်ျားမှာတော့ (အော်ဂဇင်) ရလို့ သုတ်ရည် ထွက်မှသာ ကိုယ်ဝန် ဆောင်စေနိုင်တယ်။

လိင်ဆက်ဆံတာ မဟုတ်ဘဲလဲ (အော်ဂဇင်) ရစေနိုင်တယ်။ (မာစတာဘေးရှင်း) လို့ခေါ်တယ်။ နည်းအမျိုးမျိုးရှိတယ်။ (အိုရယ်လ်) ပါးစပ်သုံးနည်းကလဲ တခုအပါအ၀င်ဖြစ်တယ်။ မိမိလက်နဲ့ မိမိဖါသာ သာယာမှုရအောင်လုပ်တာကို အများဆုံး လုပ်ကြတယ်။ ဒီခေတ်မှာတော့ မိန်းမတွေအတွက် (တွိုင်း) ခေါ် ပစ္စည်းကရိယာ အမျိုးမျိုး သုံးတာတွေ ရှိသလို ယောက်ျားတွေအတွက်လဲ တခြား (တွိုင်း) တွေ ရှိတယ်။

ကိုယ်ဝန်ရှိစေဘို့ နောက်ထပ် လိုသေးတဲ့ အခြေအနေတွေကတော့ မိန်းမဟာ အသက်အရွယ်အားဖြင့် အပျိုဘော်ဝင်ပြီး၊ သွေးဆုံးချိန် မတိုင်ခင်ဖြစ်ရမယ်။ လစဉ်ရာသီ လာနေသူ ဖြစ်ရမယ်။ ရာသီလာရက် နှစ်ခါအကြား လအလည်ရက်မှာ မျိုးဥအိမ် (အိုဗရီ) ကနေ မျိုးဥ (အိုဗမ်) ထွက်ရမယ်။ နောက် သူနဲ့ဆက်ဆံသူ ယောက်ျားကလဲ လူပျိုဖြစ်ပြီးသူဖြစ်ရမယ်။ ကျား-မ ကွာတာတချက်ကတော့ ယောက်ျားတွေမှာ အမျိုးသမီးများလို သွေးဆုံး-သားဆုံးဆိုတာ ဖြစ်လေ့မရှိပါ။

အဲလို အရည်အချင်းတွေပြည့်သူ ယောက်ျားနဲ့ မိန်းမ နှစ်ယောက် လိင်ဆက်ဆံကြမယ်။ အတိအကျ ပြောရရင် လိင်အင်္ဂါ နှစ်ခု ထိစပ်မှုကို အချိန် အတိုင်းအတာတခုထိ လုပ်မယ်။ ယောက်ျား အပြီးသတ်ချိန် (လိင်စိတ် ပြည့်ဝချိန်၊ ကလိုင်းမက်စ် ရောက်ချိန်၊) မှာ ကျားလိင်အင်္ဂါက မမွေးလမ်းကြောင်း (ဗဂျိုင်းနာ) ထဲမှာ ထားနေတုံး သုတ်လွှတ်ရမယ်။ မိန်းကလေးက ဆန္ဒပြည့်ဝချင်မှ ပြည့်ဝသွားပါမယ်။ ဒါပေမဲ့ ကိုယ်ဝန်ရသွားနိုင်တယ်။

ဘယ်ရက်မှာဖြစ်ဖြစ် လိင်ဆက်ဆံရင် ယောက်ျားဖြစ်သူက စိတ်ဆန္ဒပြည့်လို့ သုတ်ရည်ထွက်ချိန်မှာ မိန်းကလေးရဲ့ မွေးလမ်းအင်္ဂါအပြင်မှာ သုတ်ရည်ကို ထုတ်လွှတ်ရင် ကိုယ်ဝန်မဆောင်စေနိုင်ပါ။ အတိအကျ ဖြစ်အောင် လုပ်ဘို့တော့ လိုတာပေါ့။ သေခြာအောင် ရေးရရင် ယောက်ျားလေးဟာ လိင်ဆက်ဆံနေတုံး အချိန် ကြာစေချင်တာကြောင့် သုတ်ရည် မထွက်သေးအောင် စိတ်ကိုထိန်းမယ်။ ထိန်းနိုင်အုံးတော့ ၁ စက်လောက် တွက်သွားရင် ၁ စက်ထဲမှာ သုတ်ပိုး အရည်အတွက် သိန်းနဲ့ချီပါတာမို့ ကိုယ်ဝန်ရစေနိုင်တယ်။ (ကွန်ဒွန်)သုံးရင်တော့ သုတ်ရည်အားလုံး မိန်းမကိုယ်ထဲ မ၀င်လို့ ကိုယ်ဝန်မဆောင်တာ ဖြစ်ပါတယ်။

“ယောက်ျားလေးအရည် နဲ့ မိန်းကလေးအင်္ဂါ ထိတွေ့မိရင်ရော ကိုယ်ဝန်ရနိုင်ပါသလား။” အရည်ဟာ သုတ်ရည်ဖြစ်ရမယ်၊ သုတ်ရည်ဖြစ်အုံးတော့ မိန်းကလေးအင်္ဂါနဲ့ ထိတွေ့မိယုံနဲ့ ကိုယ်ဝန်မရသေးပါ။ အထဲကို ၀င်ရပါမယ်။ အထဲဆိုတာ (ဗဂျိုင်းနား) အတွင်း၊ အတွင်းဆိုတာတောင်မှ အထဲရောက်လေလေ ကိုယ်ဝန်ရနိုင်လေ ဖြစ်တယ်။

(ဗဂျိုင်းနား) အဆုံးမှာ အထက်ကရှိနေတာက သားအိမ်အ၀ဖြစ်တယ်။ သားအိမ်အ၀ဆိုတာ စေ့ထားတဲ့ပါးစပ်လိုနေတာ။ အဲဒီအထဲကို သုတ်ရည်ထဲက သုတ်ပိုးတွေ ၀င်သွားမယ်။ သုတ်ရည်ဟာ တခြားအရည်မျိုးလို မဟုတ်ဘူး။ ဆွဲဆောင်မှုအား ရှိတယ်။ သူသွားရမဲ့လမ်း သူသိသလိုဘဲ။ သာမန်အရည်ဆိုတာမျိုးက (ဂရယ်ဗတီ) ကမ္ဘာ့ဆွဲအားအရ စီးဆင်းတာ။ သုတ်ရည်ကြတော့ သံလိုက်သဘောမျိုး ဖိုဓါတ်-မဓါတ် ဆွဲဆောင်မှုအရ တခုကနေ တခုဆီ သွားပေါင်းစပ်နိုင်စွမ်းရှိတယ်။ သုတ်ပိုးကို ဆွဲဆောင်နေတာက သားအိမ်အပေါ်ပိုင်းနားက မျိုးဥအိမ်ကနေထွက်ထားတဲ့ မျိုးဥဖြစ်တယ်။ သူတို့နှစ်မျိုး သားအိမ်မှာ ဖူးဇာဆုံတာနဲ့ ကိုယ်ဝန်ရှိလာတယ်။

သတိထားဘို့ တချက်က ယောက်ျားသုတ်ရည်ဟာ လိင်ဆက်ဆံတာ မဟုတ်ဘဲ မိန်းကလေးရဲ့ (ဗဂျိုင်းနား) အတွင်းကို တနည်းနည်းနဲ့ ၀င်ရင်လဲ ကိုယ်ဝန်ရစေနိုင်တယ်။ သဘာဝမဟုတ်နည်းနဲ့ ကလေးရအောင်လုပ်ယူတာက ဒီနည်းသုံးတာ ဖြစ်ပါတယ်။

တနှစ်မှာ တခါသာပွင့်တဲ့ ပိတောက်ပန်းလို၊ မ-မျိုးဥဟာ တလ မှာ ၁ ကြိမ်သာထွက်တယ်။ သုတ်ပိုးရော မ-မျိုးဥရောဟာ ရက် နည်းနည်း ရှင်နေနိုင်တယ်။ မ-မျိုးဥ မထွက်ခင် ရောက်နေပြီးသား ကျားသုတ်ပိုး၊ ကျားသုတ်ပိုး ၀င်မလာခင် ထွက်ထားပြီး မ-မျိုးဥတို့ တွေ့ဆုံ၊ ပေါင်းစပ်လို့လဲ ကိုယ်ဝန်ရစေနိုင်တယ်။

ဒါ့ကြောင့် မိန်းကလေးက ရာသီလာပြီး ၁ ပါတ်(၇ ရက်) နဲ့ မလာခင် ၁ ပါတ်(၇ ရက်) ဆိုတဲ့ ၁၄ ရက်အတွင်း ယောက်ျားနဲ့ လိင်ဆက်ဆံရင် ကိုယ်ဝန်ဆောင်ဘို့ အခွင့်အလမ်း နည်းပါတယ်။ ကျန် ၂ ပါတ်မှာ ဆက်ဆံရင် ကိုယ်ဝန် ရတတ်တယ်။ ပိတောက်ပန်းများလဲ မညှိုးမချင်း မွှေးလွန်းကြတယ် မဟုတ်ပါလား။

Dr. တင့်ဆွေ
၇-၄-၂၀၁၀

Read more...