Wednesday, March 3, 2010

ထာဝရသူငယ်ချင်းများ (ဘလော်ခ်) တွင် ၀င်ရောက်ဆွေးနွေးချက်များ

ခေါင်းစဉ်။ “ဒီမိုကရေစီ ရလျှင် ဘာတွေဖြစ်လာနိုင်သလဲ။ ဘယ်လိုပုံစံနှင့် ဒီမိုကရေစီကို လိုချင်တာလဲ။ တို့နိုင်ငံသားတွေမှာ ဒီမိုကရေစီကို လက်ခံကျင့်သုံးနိုင်တဲ့ အရည်အချင်းတွေ ပြည့်နေပြီလား။ ဒီမိုကရေစီကို ဘယ်လိုနားလည်သလဲ။”

အခြားပုဂ္ဂိုလ်များ၏ ဆွေးနွေးချက်မှ ကောက်နုတ်ချက်များ
• ကိုယ်ပိုင်လွတ်လပ်ခွင့်သာပေးလိုက်ရင် မြင်းကိုချိုတပ်ပေးလိုက်သလိုဖြစ်သွားမယ်ထင်တာပဲ။ မြန်မာနိုင်ငံနဲ့ ဒီမိုကရေစီ မတန်သေးပါဘူးဗျာ။
• စစ်တပ်ကတော့ ပြည်သူတွေကို အရမ်းချစ်တော့ ဘယ်တော့မှ စစ်မှန်တဲ့ သဘာဝအနှစ်သာရဖြစ်တဲ့ ဒီမိုကရေစီ ဆိုတာကို မပေးပါဘူးတဲ့ရှင်။
• ဖြေးဖြေးချင်း ပြောင်းလဲယူရင် အဆင်ပြေမှာပါ။ မတန်ဘူးတော့ မဟုတ်ပါဘူး။
• ဘယ်လိုမူဘဲဖြစ်ပါစေ လူသာလျှင်အဓိက။
• ဒီမိုကရေစီဆိုတာ တောင်းယူလို့ ရတဲ့အရာ မဟုတ်ပါ။ တိုက်ယူလို့ရတဲ့အရာ မဟုတ်ပါ။ မိမိကိုယ်တိုင် ကျင့်ကြံမှသာ ရမယ့်အရာဖြစ်တယ်။
• လက်ရှိအစိုးရ ကိုယ်တိုင်တောင်မှ ပြည်သူတွေ ရော့ဒီမိုကရေစီယူဆိုပြီး ပေးလို့မရနိုင်ပါဘူး။ သူတို့က ဒီမိုကရေစီ ရောက်အောင် လမ်းညွှန်မှုကိုဘဲ ပေးနိုင်မှာပါ။ ဦးဆောင်မှုကိုဘဲ ပေးနိုင်မှာပါ။
• ဗိုလ်ချုပ်က တိုင်းပြည်အတွက်။ ဟိုတစ်ယောက်က သမတလုပ်ချင်လို့၊ သူကောင်းစားချင်လို့။ ၁၉၈၈ အရေး အခင်းကာလမှာ ဘာလို့ လူတွေက အရေးအခင်းဖြစ်ပြီဟေ့ဆိုပြီး သူများ ဆန်ဂိုထောင်တွေ လိုက်ဖောက်ရတာလဲ။ ဘာလို့ အတင်းလုတာလဲ။ သူများအိမ်တွေ မီးရှိုတာလဲ။ ဒမြတွေ ၀င်တိုက်ရတာလဲ။ လူတွေ သတ်နေကြတာလဲ။ အဲ့ဒါ ဒီမိုကရေစီလား။ နောက် အနှစ် နှစ်ဆယ်လောက်မှာ ငါတို့လိုချင်တဲ့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို ငါတို့ကိုယ်တိုင် ပိုင်ရမှာ အသေအချာဘဲ။
• သူကြီးသည် အကြောင်းစုံသိပြီးကာ မြို့မှလူတစ်ဦး၏ အကြံပေးချက်အရ လေးထောင့်စက်ကူပုံးထဲတွင် သပိတ် ၅ လုံးထည့်၍ အပြင်မှ ဒီမိုခလေးစီးဟု ထုံးဖြင့်ရေးကာ ပေးလိုက်တော့မှ ပျော်ရွှင်ကာ ပြန်သွားကြလေတော့သည်။
• တပ်မတော်ထဲက တချို့အရာရှိကြီးတွေက အတ္တကြီးတယ်နော်။ သူငယ်ချင်း ထင်သလို ရွေးကောက်ပွဲကို မှန်မှန် ကန်ကန်နဲ့ ကျင်းပပေးပါ့မလား။ ဆန္ဒခံယူပွဲတုန်းကလို ဖိအားတွေပေး၊ မဲတွေခိုးဆို ဘယ်လိုဖြေရှင်းကြမလဲ။
• ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းဟာ ဒီနေ့အချိန်မှာ အသုံးမ၀င်ပါဘူး။ သူတို့တွေမှာ အင်အားရှိတယ်။ ငါတို့တွေမှာ စိတ်ဓါတ်ဘဲ ရှိတယ်။ တစ်ချိန်မှာ ငါတို့အနာဂတ် ငါတို့ကိုယ်တိုင် ဖန်တီး နိုင်မယ့်နေ့ကို ရောက်လာမယ်။
• တို့နိုင်ငံမှာ စားဝတ်နေရေး မပြေလည်မှုတွေ များပြားလာပါတယ် အဲဒီအတွက် နိုင်ငံရေးဆိုတာကို စိတ်မ၀င်
စားနိုင်ပါဘူး ပညာတက်လူတန်းစားလောက်ကသာ သိတဲ့နိုင်ငံရေးပါ။
• ဒီမိုကရေစီ ရယူမှုာကို ကားတစ်စီးနဲ့ ခရီးသွားနေတယ်လို့ သတ်မှတ်ရင် ပထမ ကျနော်ဟာ ကားပေါ်ကို အရင် ရောက်အောင် ခရီးသည်အဖြစ် တက်ရမယ်။ ဒရိုင်ဘာက သူသွားလိုရာကို ဦးတည်မောင်းမည်။ ခရီးကဝေးတဲ့ အတွက် ဒရိုင်ဘာဟာ ပင်ပန်းလာမယ်။ ဒီအချိန်မှာ ကျနော်က ၀င်ပြီး ကူညီမောင်းပေးမယ်။ ကားသည် ကျနော့် လက်ထဲရောက်နေပါပြီ။ ကဲ ဘယ်ကို မောင်းမလဲ။
• မြန်မာနိုင်ငံလူဦးရေရဲ့ ၇၀% လောက်က ဒီမိုကရေစီရဲ့ သဘောကိုသိမယ်မဟုတ်ဘူး။ ပထမဆုံး မြန်မာနိုင်ငံကို ပညာတက်နိုင်ငံ ဖြစ်အောင်လုပ်ရမယ်လို့ ထင်တယ်။
• ဒီမိုကရေစဲီဆိုတာ နှစ်သက်လက်ခံစရာကောင်းပေမယ့် တိုင်းပြည်တစ်ပြည်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် တစ်ခုတည်းသော အဖြေတော့ မဟုတ်ပါဘူး။
• ဘာမှမရှိတာထက်စာရင်တော့ ကောင်းမယ်လို့ ထင်တာပဲလေ။
• ၂၀၀၈ အခြေခံဥပဒေက လူထုက ထောက်ခံထားတာ မဟုတ်ပါ။ လိမ်ညာထားတာဖြစ်တယ်။
• သမိုင်းကြောင်းကို လေ့လာကြည့်ပါ။ တပ်မတော်ရဲ့ပရိယာယ်ကို လေ့လာပါဦး။ သယံဇာတတွေလဲ ကုန်ပါပြီ။ တိုင်းပြည်လဲ အခွံပဲကျန်ပါတော့တယ်။ ရွေးကောက်ပွဲကြီးကိုလဲ မသက်သာလို့လုပ်တာပါ။ ဖွဲစည်းပုံ အခြေခံ ဥပဒေကိုလဲ သေခြာလေ့လာပါဦး။ ဘယ်သူတွေ နေရာယူထားလဲဆိုတာ။ ခုတပ်မတော်ကြောင့် တိုင်ပြည်ကြီး တိုးတက်နေပါပြီပြောတာ ဘယ်သူတွေတိုးတက်နေလဲ ပြည်သူတွေလား ဘစ်ကားပေါ်ကို တိုးတက်နေတယ်လေ။
• လက်ရှိအစိုးရရဲ့ မကောင်းကွက်၊ အားနည်းချက်ကိုများ ပြောရရင် 12GB ရှိတဲ့ စတစ်တစ်ချောင်းဟာ တစ်နေ့စာ တောင် ထည့်လို့ ဆန့်ပါ့မလား။
• ဒီမိုကရေစီကို တကယ်လို့များ မြန်မာနိုင်ငံ ရရှိခဲ့ရင် မိန်းမတွေ ထောင်ထဲမှာပြည့်နေမှာ သေချာတယ်လေ။
• တည်ငြိမ်မှုရှိအောင် နှစ်ပေါင်း ၂၀ ဆိုတော့ ရွေးကောက်ပွဲပြီးဖို့နဲ့ ဒီစနစ်ကို ကျင့်သုံးဖို့ အချိန် ဘယ်လောက် ကြာဦးမလည်း။ အမှန်အကန် ကျင့်သုံးတဲ့စနစ်ရောက်ဖို့ဆိုရင် ဒီပုံတိုင်းဆိုရင် ကျွန်တော်တို့ရဲ့ မြေးတွေတော့ မှီပါ့မလား။ စစ်သား မဟုတ်ပေမယ့် နိုင်ငံအတွက် အမျိုးမျိုးအနစ်နာခံ၊ စွန့်စားလုပ်ကြတဲ့ လူတွေလည်း ရှိတာပဲ။
• ကျွန်တော်တို့ နိုင်ငံက ဒီမိုကရေစီကို တကယ်လိုအပ်ပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံပါ။ ဒီမိုကရေစီ ရလို့ ဆိုးသွားမယ်ဆိုတာ လုံးဝ မဖြစ်နိုင်ပါဘူး။
• အားလုံး လက်ရှိ အနေအထာကို ခံယူလိုက်ပါ။ ပြီးရင် သူတိုခင်းထားတဲ့လမ်းကို ၀င်လျှောက်ပါ။ လက်ရှိ တပ်မတော်က ရေးဆွဲထားတဲ့ အခြေခံဥပဒေမှာ လက်မခံချင်စရာတွေ ပါနေတယ်ဆိုပေမဲ့ အခုအနေအတားထက် ပိုသင့်တဲ့ အခြေအနေတွေလည်း ပါဝင်ပါတယ်။ အလုံးစုံ ၁၀၀% ချူပ်ကိုင်ထားတဲ့ အနေ အထားကနေ % တချို့ လျော့သွားတာဟာ အရင်ထက် ပိုကောင်းတဲ့ အချက်ပါ။
• တိုင်းပြည်ကို အုပ်ချုပ်ရင် စစ်သားကို အမိန့်ပေးလို့ စစ်သားက အမိန်နာခံရသလိုမျိုးတော့ မကောင်ဖူးပေါ့။
• ဒီစစ်အစိုးရက သူပြောတဲ့ အတိုင်းဘယ်တုန်းက လုပ်ဖူးလို့လဲ၊ အရင်ရွေးကောက်ပွဲ ဥပမာဘဲကြည့်ပါ။ သူတို့မှာ ဦးနှောက်မရှိဘူး။ ကြက်ဆူပင်စီမံကိန်း၊ ရာဘာစီမံကိန်း၊ ဆီအုန်းစီမံကိန်းတွေက သက်သေပြနေတယ်။
• ၈၈မှာ ပြည်သူကို ကာကွယ်ခဲ့တာ စစ်တပ်ဆိုတာကို သမိုင်းကြောင်းကို နည်းနည်း လေ့လာကြည့်ပါဦး။ ဘာလို့ ဆွေးနွေးအဖြေရှာတဲ့နည်းကို မသုံးခဲ့တာလဲ။ ဘာကြောင့် လက်နက်မဲ့ ကျောင်းသားလူငယ်တွေကို အကြမ်းဖက် သတ်ဖျတ်ခဲ့ရတာလဲ။ "စစ်တပ်ဆိုတာ ပစ်ရင်တည့်တည့် ပစ်တယ်'' ခေါင်ဆောင်ကောင်း မပီသစွာနဲ့ စိန်ခေါ်ခဲ့။
• စစ်တပ်ဆိုတာ နဂိုထဲက အာဏာနဲ့ အုပ်ချုပ်တဲ့ အဖွဲ့အစည်းပါ။ ဒီကောင်တွေကိုယ်တိုင်က ဒီမိုကရေစီဆိုတာကို နားမလည်ပါဘူး။ စစ်တပ်ဦးဆောင် ဖော်ဆောင်မဲ့ ဒီမိုကရေစီဆိုတာ စဉ်းစားကြည့်ရင် လူပြိန်းတွေတောင် သဘောပေါက်ပါတယ်။ ငါတို့နိုင်ငံသားတွေမှာ ဒီမိုကရေစီဆိုတာကို လက်ခံကျင့်သုံးနိုင်တဲ့ အရည်အချင်း မရှိသေးပါဘူး။ မဲထည့်တဲ့လူ အားလုံးနီးနီးက ဘာနိုင်ငံရေး ဗဟုသုတမှမရှိသလို လူမျိုးစွဲလဲ ကြီးကြတယ်။
• ဒီမိုကရေစီ မရသင့်သေးပါဘူးဗျာ။ ရှင်းရှင်းပြောရရင် ဒီမိုကရေစီ နားလည်တဲ့လူတွေ နည်းသွားလို့ပါ။
• လူကြီးတွေ ညီညွတ်ကြပါစေလို့ ဆုတောင်းနေပါတယ်။ ပေါင်းလုပ်နေတဲ့သူတွေကော ခွာပြီး ဇတ်ကြမ်း ရေးတဲ့သူတွေကော ညီညွတ်ရင် မဝေးတော့ဘူးလို့ ထင်ပါတယ်ဗျာ။
• ဒီမိုကရေစီကို ရအောင် လက်ရှိအနေအထားကနေ ဘယ်လို သွားမလဲ။
• ဒီမိုကရေစီရရင်လည်း လွယ်လှသေးဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့က ဒို့ဗမာလူမျိုးတွေရဲ့ အကျင့်ပျက် ချစားမှုတွေနဲ့ စည်းမဲ့ကမ်းမဲ့မှုတွေက တမျိုး၊ လူမျိုးစုတွေက တမျိုးနဲ့ ဗိုလ်ချုပ်ပြောသလို ဖာနိုင်ငံ မဖြစ်ရင်တောင် တော်လှချေရဲ့လို့ ဆိုရလိမ့်မယ်။
• အကျင့်ပျက်လှတယ်ဆိုပေမဲ့ မြန်မာလူ့အဖွဲ့အစည်းဟာ ကျေးလက်နေအများစုနဲ့ ဖွဲ့ထားတာပါ။ တောသားတွေ ရိုးသားကြတုန်းပါဘဲ။ အ ကြတုန်းပါဘဲ။
• ကျေးရွာနေလူတန်းစားဟာ အသိအမြင် နည်းပါးကြပါတယ်။ တနည်းအားဖြင့် မလိမ်တတ်ပါ။
• မယုံရင် ဗမာပြည်ထဲကိုလာ ကျင့်ကြည့်ပါ။ ထောင်ထဲမှာ တစ်ဘ၀လုံး သွားနေရမယ်။
• ရထားခေါင်းတွဲ ပျက်နေလို့မသွားနိုင်တာ အသိသာကြီးဖြစ်နေတာကို နောက်တွဲတွေ သွားပြီးတော့ ပြင်နေသလို ဖြစ်နေမယ်ဗျ။
• ကမ္ဘာမှာ ဒီမိုကရေစီနိုင်ငံတွေ မွဲနေတာတွေ ရှိပါတယ်။
• ဒီမိုကရေစီစနစ်ကို ဘောလုံးပွဲတပွဲအနေနဲ့ မြင်ကြည့်မယ်ဆိုရင် ပြည်သူက ပွဲကြည့်ပရိတ်သတ်ဘဲ။ ပွဲကြည့် ပရိတ်သတ်က ဘယ်လိုကန်ပါကွ၊ ဘယ်လိုပြေးပါကွ၊ ဘယ်လိုဂိုးသွင်းပါကွ၊ ဒါဘဲ ပြောနိုင်တာဘဲ။ တကယ် ကွင်းထဲမှာ ကန်နေတဲ့ ပလေယာ ၂၂ ယောက်နဲ့ ဒိုင်လူကြီးတွေကသာ ပွဲရဲ့အဖြေကို ဆုံးဖြတ်ပေးသွားတာပါ။
• ၂၄ နာရီ လျှပ်စစ်မီးရမှာလားဟင်။
• မီဒီယာကို ကိုင်ထားရင် မှိုင်းတိုက်လိုရတယ် မှန်တယ်။ ဘယ်သူက အဲ့ဒီမီဒီယာကို ကိုင်ထားတာလဲ။ အဲ့ဒီ ကိုင်ထားတဲ့ သူရော မြဲမှာလား။ ကျနော့် အမြင်မှာ အရာရာတိုင်းဟာ အဟောင်းကို အသစ်နဲ့ အစားထိုးနေရတဲ့ သဘာဝတရားမှာ စုတ်ပြတ်သတ်နေတဲ့ အဟောင်းထည်တွေကို ကျနော် မကြည့်တော့ဘူး။ အစားဝင်လာမယ့် အသစ်တွေရဲ့ နှလုံးသားတွေ ဖြူစင်နေပါစေ။ ဖွဲ့စည်းပုံကို ၉၃% နဲ့ အတည်ပြုတယ်။ ဘယ်သူ ပြောတာလဲ။ အဟောင်းတွေက ပြောတာဘဲ။ နောက် ၁၀ စုနှစ်တစ်ခုမှာ အသစ်တွေ ရောက်လာမယ်။
• ကျွန်တော်တို့ နိုင်ငံက သယံဇာတ တော်တော်ကြွယ်ဝပါတယ်။ ဒါပေမယ့် ကောင်းကောင်း မှန်မှန်ကန်ကန်လုပ်တဲ့ အစိုးရ တတ်လာရင်တော့ တော်တော်တိုးတတ်လာနိုင်စရာရှိပါတယ်။ ဒါပေမယ့် ခုလက်ရှိ ဘဘကြီးတွေနဲ့ ဆိုရင်တော့ သိတော်မူတဲ့အတိုင်းပါပဲ ခင်ဗျာ။
• ဦးထုတ်မဆောင်းခဲ့တဲ့ အရပ်သားဆိုင်ကယ်စီး သမားတစ်ယောက် ဆိုင်ကယ်တားခံရပြီး ဒဏ်ငွေ ဆောင်လိုက်ရ ပါတယ်။ အစိမ်းရောင်ဝတ်ထားတဲ့ ပခုံးမှာအပွင့်သုံးပွင့်နဲ့ ပုဂ္ဂိုလ်တဦးက ဦးထုပ်မပါဘဲ ဖြတ်လာပါတယ်။ ဒါပေမဲ့ မော်တော်ပီကယ်က ဖမ်းဖို့နေနေသာသာ အဲ့ဒီ ဦးထုတ်ဆောင်းမထားတဲ့ အစိမ်းရောင်ဝတ်ထားတဲ့လူကို သွားဖြဲပြီး အလေးပြုလိုက်တာ မြင်လိုက်ရသေးတယ်။
• တိုးတက်သောနိုင်ငံကနေ ဖွံ့ဖြိုးဆဲနိုင်ငံ၊ အဆင်းရဲဆုံးနိုင်ငံဖြစ်လာရတယ်။ ဘာ့ကြောင့်လည်း။ စစ်လက်နက်တွေ ၀ယ်၊ လူထုနဲ့ ကျောင်းသားတွေကိုသတ်။ ဘုရားသားတော်တွေကို မသမာတဲ့ နည်းလမ်းတွေ ကျင့်သုံး။ နိုင်ငံတကာမှာ လိမ်တောင်း။ ဒီလိုအကျင့်ပျက်နေတဲ့ မသမာဝိုင်းသားတွေရဲ့ခေါက်ရိုးတွေရှိနေလို့ အရိုးစွဲမနေဘို့ လိုလိမ့်မယ်။
• တပ်မတော်သည်သာလျှင် တည်ငြိမ်မှု၊ မူဝါဒ ခိုင်မာဆုံး အဖွဲ့အစည်းဆိုတာ ဘယ်သူမှ ငြင်းလို့မရပါဘူး။ ဒီအဖွဲ့က ပထမအဆင့်မှာ နိုင်ငံတော်ကို တည်ငြိမ်အောင်လုပ်ခဲ့ပြီးပါပြီ။ ဒုတိယအဆင့်မှာ ဒီမိုကရေစီ ရောက်အောင်သွားဖို့ လမ်းစဉ်တွေ ချမှတ်ခဲ့ပြီး အခု သူတို့ဟာ သူတို့ပြောတဲ့ အဆင့်အတိုင်း သွားနေတာကို ရှင်းရှင်းကြီး မြင်နေရပါ တယ်။ ဖွဲံစည်းပုံ အခြေခံဥပဒေကြီးလဲ ပြီးပါပြီ။ ပြီးရင်သူတို့တွေ ရွေးကောက်ပွဲလုပ်လိမ့်ကြမယ်။ အားပေးလိုက်ပါ။
• လမ်းတ၀တ်တော့ ဖောက်လို့ပြီးနေပြီ။ ဆက်ပြီးလုပ်အားပေးလိုက်ဦး။ လမ်းလဲဆုံးရော သေမင်းတိုင်းပြည်ရောက်။
• နိုင်ဖို့အခွင့်အလမ်းရှိပါသလား။ နိုင်အောင်လုပ်နိုင်မယ့်နည်းလမ်းရှိပါသလား။ အကောင်းဆုံးက မနိုင်ရင် ပူးပေါင်းပါ။ မနိုင်လည်းမနိုင်ဘူး။ နိုင်မည့်နည်းလမ်းလည်းမရှိဘဲနဲ့ မပူးပေါင်းနိုင်ဘူးဆိုရင် ဒါဟာပုဂ္ဂိုလ်ရေးအရ စစ်အစိုးရအပေါ် မုန်းတီးမှုတစ်ခုပါဘဲ။
• ကျေးလက်မှာ တောသားလူလည်တွေ ရှိနေပြီ၊ လိမ်ညာသူတွေ ရှိနေပြီဆိုတာ ဟုတ်ပါတယ်။ ဒါပေမဲ့ လူတစ်ဖွဲ့လုံး ကို ပျက်စီးသွားစေလောက်တဲ့ လိမ်ညာမူမျိုးတွေကို ကျေးလက်နေသူတွေရော မြို့ပြ နေသူတွေရောပါ ပြည်သူတွေထဲမှာ ကျူးလွန်ကြသူ နည်းပါသေးတယ်။
• ကျွန်တော်ကတော့ နိုင်ငံရေးတွေမသိပေမယ့် ဦးသန်းရွှေကို လေးစားပါတယ်။ ဘာလို့ဆို သူဟာ သူ့အတွက် ဘ၀ကို အသက်ထက်ရှင်နေရတာ မဟုတ်ပါဘူး။ ကျွန်တော်တို့ရဲ့ နိုင်ငံခေါင်းဆောင်ဟာ အချိန်တိုင်း သူ့အသက် အတွက် လုံခြုံမှုကို အပြည့်ယူပြီး၊ အမြဲနေရပါတယ်။ ကလေးတစ်ယောက်လောက်တောင် လွတ်လပ်မှုမရှိပဲ အားလုံးအတွက် နေနေရတာပါ။

Dr. တင့်ဆွေ၏ ဆွေးနွေးချက်များ
ဒီခေါင်းစဉ်ကို သဘောကျတယ်။ ဝင်ရေးသူတွေကလဲ အတော်များတာဘဲ။ လူငယ်တော့ မဟုတ်တော့ဘူး၊ ကျွန်တော် ဝင်ရေးရင် ကောင်းပါ့မလား။ ဆွေးနွေးစရာတွေ တပုံကြီးရှိတယ်။ အနှစ်နှစ်အလလ သင်ဆရာ၊ မြင်ဆရာ၊ ကြားဆရာတွေဆီကနေ သိတာတွေရော၊ အနှစ်နှစ်အလလ ကိုယ်တိုင် လုပ်တာလေးတွေရော။

ကိုယ်ကြိုက်-မကြိုက်ဆိုတာတော့ ကိုယ့်အမြင်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ တိုင်းပြည်ကြီးတခုလုံးနဲ့ လူတွေအားလုံးကို အကဲဖြတ်ကြရာမှာတော့ ခပ်ပေါ့ပေါ့ သွားပြောမိရင် စော်ကားရာကျနိုင်တယ်။

ဒီအမေးမျိုးက သုတေသန ကောင်းကောင်း လုပ်တာနဲ့တောင် မလုံလောက်ပါ။ အရွယ်ရောက်သူ အများစုကြီးက သူတို့ရဲ့ သဘောဆန္ဒကို (တရားဝင်) ထုတ်ဖေါ်ခဲ့ဘူးပါပြီ။

ကိုယ့်သဘောကို ပြောတာတောင် လွတ်လွတ်လပ်လပ် ပြောခွင့်မရတဲ့ ဘဝဆိုးကြီးထဲက လူတွေကို မပြစ်မှားမိကြဘို့ ကျွန်တော်တို့ အားလုံး ဆင်ခြင်ဘို့ လိုမလား။

ကိုယ်မကြိုက်တာ မကြိုက်ကြောင်းပြောပါ။ မတန်ရင်လဲ မတန်ကြောင်းပြောပါ။ သူများတွေလဲ မကြိုက်လောက်ဘူး၊ မတန်ဘူး မပြောသင့်ပါ။

ရေးထားပြီးသူတွေ တယောက်နဲ့ တယောက် မတူကြပါ။ ဒါ သိပ် ရိုးသား မှန်ကန်တဲ့ လူ့စရိုက်ပါ။ အဲလို ကွဲလွဲခွင့်ရှိတယ်ဆိုတာ ဒီမိုကရေစီပါ။

ဒီခေါင်းစဉ်ကို ရန်ကုန်မှာ (ဝပ်ရှော့ခ်) လေးတခု လုပ်လို့ရပါသလား။ မလုပ်သင့်ဘူးလား။ လုပ်သင့်တာကို လုပ်ခွင့်မရှိရင် ဘာလဲ။ သိတဲ့အတိုင်းဘဲ။

တင့်ဆွေ
၁၅-၂-၂ဝ၁ဝ

ကိုယ်ပိုင်လွတ်လပ်ခွင့်သာပေးလိုက်ရင် မြင်းကိုချိုတပ်ပေးလိုက်သလိုဖြစ်သွားမယ်ဆိုတဲ့ စိုးရိမ်ချက်ကို တိတိကျကျ သိဘို့လိုပါတယ်။ ဖြစ်ချင်တာတွေဖြစ်၊ ပျက်ချင်တာတွေ ပျက်နေကြတာတွေဆိုတာတွေက ဘာတွေပါလဲ။

ဖြစ်ပျက်နေကြတာတွေကို ၁ ပါတ်အတွင်း သတင်းမှာတော့ ဒီလိုဖတ်ရပါတယ်။
• အင်းစိန်ထောင်တွင်း အထူးတရားရုံကနေ ထောင်ဒဏ် ၇ နှစ် အချခံရအောင် ငါးထပ်ကြီးကျောင်းတိုက်က သံဃာတော်တပါးက နာဂစ်မုန်တိုင်း ဒုက္ခသည်တွေကို ဘာလို့သွားကူညီခဲ့ရတာလဲ။
• အထဲမှာ အလုပ်ရှိရှိ-မရှိရှိ၊ မိသားစု စားမလောက်လောက်၊ မလောက်လောက် လူတွေက သိန်းနဲ့ချီပြီး နိုင်ငံခြားကို ထွက်အလုပ်လုပ်နေကြတာ ဖြစ်ချင်တိုင်းဖြစ်တယ်လို့ ဆိုချင်တာလား။
• အခြေခံလစာ လောက်လောက်၊ မလောက်လောက် စက်ရုံတွေမှာ အလုပ်သမားတွေက ဆန္ဒမပြသင့်ဘူးလို့ ပြောချင်တာလား။
• အလုပ်သမားဝန်ကြီးဌာနကနေ စက်မှုဇုန်အတွင်း မဝင်ရောက်အောင် ကန့်သတ်ရအောင် ဘာ့လို့ မီိဒီယာ သမားတွေက လှိုင်သာယာစက်မှုဇုန် အလုပ်သမား ဆန္ဒပြဓာတ်ပုံတွေ ရိုက်ချင်နေကြတာလဲ။
• နိုင်ငံရေးကြောင့် မတရားတရားစွဲခံနေရသူတွေအတွက် သွားပြီး ရှေ့နေလိုက်ပေးနေကြလို့လား။
• အင်္ဂါနေ့တိုင်း အားအားယားယား ဘုရားသွား ဆုတောင်းနေကြလို့လား။
• အမေရိကန် နိုင်ငံသား ခံယူထားတဲ့ ကိုညီညီအောင်ကလဲ ဘာ့လို့ မြန်မာပြည်ပြန်လာချင်ရတာလဲ။
• စစ်တွေမှာလို အင်တာနက်ဆိုင်တိုင်းမှာ သီးသန့် အခန်းတခုကို ရဲက ဖွင့်ခိုင်း၊ ကွန်ပျူတာ တလုံးနဲ့ ထိုင်ပြီး၊ စောင်ကြည့်နေရလောက်အောင် လူတွေက ဘာလို့ အင်တာနက် လာသုံးနေကြရတာလဲ။
• ကလေးတွေ စစ်ထဲဝင်တာကို အရွယ်ရောက်ရောက်၊ မရောက်ရောက် မိဘတွေက မျက်ရည်စက်လက်နဲ့ ကလေးပြန်ရအောင် ခေါ်နေကြလို့လား။

ကန်တတ်တဲမြင်းကို ချိုတပ်ပေးတာတော့ မကောင်းဘူးပေါ့။ အကန်ခံရတဲ့လူတွေ အကန်ခံနေရပါတယ်လို့ အော်ပြောခွင့်လေးရှိတာလေးက ဒီမိုကရေစီပါဘဲ။

၁၈-၂-၂၀၁၀

မှန်ပါတယ်၊ “အကျင့်ပျက် ချစားမှု” ဆိုတာ Transparency International ရဲ့ Corruption Perceptions Index 2009 အရ ကျွန်တော်တို့နိုင်ငံက နိုင်ငံပေါင်း ၁၈ဝ ထဲမှာ ၁၇၈ လိုက်နေတယ်။ စာရင်းရဲ့အောက်ဆုံးက တိုင်းပြည်တွေမှာ စနစ် မကောင်းဖြစ်နေတဲ့ အချက်က သွားတူနေတယ်။ ဒီမိုကရေစီတချက်ထဲကြောင့် ချစားမှုနည်းတာတော့ မဟုတ်ပါဘူး။ သိပ်မလွတ်လပ်အုံးတော့ ဥပမာ နံပါတ် ၃ နေရာက စင်္ကာပူမှာ တရားဥပဒေက ထိန်းချုပ်နိုင်တယ်။ နံပါတ် ၇၈ သာရှိတဲ့ တရုပ်မှာတောင် အဲလိုဖြစ်ရင် ထောင်ဒဏ် အများကြီးချတယ်။

“စည်းကမ်းမဲ့မှု” ဆိုတာလဲ သုတေသနတော့ မဟုတ်ဘူး အတွေ့အကြုံအရပြောရရင် လွန်ခဲ့တဲ့ နှစ်တွေက ပိုဆိုးလာတယ် ထင်တယ်။ သင်္ချာလိုတွက်ရင် ဒီအတိုင်းဆို ပိုဆိုးလာနိုင်တယ်။ ပြောင်းသင့်နေပါပြီ။ လွဲနေတာ၊ ဆိုးနေတာ၊ မကောင်းဖြစ်နေတာတွေကို ပြုပြင်တယ်ဆိုတာ ဥပဒေတို့ အမိန့်တို့နဲ့ လုပ်လို့ရတာတွေ ရှိသလို၊ ပညာပေးတဲ့နည်း၊ ဆွေးနွေးနည်း စတာတွေနဲ့ပါ လုပ်ရတာ။ မိသားစုတခုမှာ အဖေက ခပ်မာမာပြောပြီး မအေက ချော့ပြောရတာမျိုး။ တိုင်းပြည်တခုဆိုရင်လဲ တလမ်းသွားနည်းနဲ့ မလုံလောက်နိုင်ဘူး။ “မကောင်းတာကို ထောက်ပြနိုင်တဲ့ အခြေအနေ” ရှိမှ။

“ရေသာခိုအချောင် လိုက်ချင်စိတ်” ဆိုတာကို ပြုပြင်ချင်ရင် ဦးဆောင်လမ်းပြသူတွေက ကောင်းဘို့လိုတယ်။ ပညာပေးမဲ့ သူတွေကလဲ ကောင်းဘို့လိုတယ်။ ဒီတော့ ကောင်းတဲ့လူတွေကို “စိစစ် နေရာပေးခွင့်” ရှိဘို့ လိုလာရော။ ကျွန်တော်တို့ လူမျိုးတွေ ဥာဏ်သာမက စာရိတ္တအရာမှာပါ မညံ့ပါ။ လက်ဘက်ရည်ဘိုး တောင်းရတာက သု့ကလေး ညနေစာလေးကျွေးဘို့ ဘယ်ကမှ ရှာမရလို့နေမှာပါ။ အဲ့ လူကြီးတယောက်ကို တွေ့ချင်ရင် ရွှေနဲ့လုပ်ထားတဲ့ (နိမ်းကပ်) ယူလာမှ ရတာကတော့ တမျိုးပေါ့။

“အခု ဘာမှမကောင်းလို့ ကောင်းတာကို မပြောင်းသင့်သေးဘူး” ဆိုတာ မှန်ပါ့မလား။ ၆ဝ ခုနှစ်များကဆို အာရှမှာ ပညာရေး ထိပ်ဆုံးကရှိခဲ့တာ။ ဆန်တင်ပို့တာ အများဆုံး။ ၆ဝ ကျော်မှာ ပြည်တော်ပြန်ကြရတဲ့ အိန္ဒိယသားတွေက အခုပြန်ပြောကြတယ်၊ “သူတို့ နေခဲ့ရတုံးက ဗမာပြည်မှာ ညအိပ်တာတောင် ဝိုင်းတံခါးပိတ်စရာ မလိုအောင် ကျွန်တော်တို့ လူမျိုးတွေက အကျင့် သိပ်ကောင်းကြတာ” တဲ့။

နဂိုအခံကောင်းတဲ့ လူမျိုးကို အခြေအနေတွေက မကောင်းရာ တွန်းပို့နေတယ်လို့ ပြောချင်တယ်။ “အခြေအနေပြောင်းပါမှ ကောင်းစရာလမ်း ရှာရမယ်။” သူများတိုင်းပြည်တွေကို ကြည့်တာထက် ကိုယ့်သမိုင်းကို ကြည့်ပြီး အနာဂတ် ကောင်းအောင် အခုလုပ်ကြရမှာပါ။

လုပ်တဲ့လူတွေက လုပ်ခွင့်ကလေးရှိသလောက် လုပ်နေကြတယ်။ ဆွေးနွေးသူတဦးဖေါ်ပြတဲ့ ဆရာတော်ရော၊ နောက်တဦး ကိုးကားတဲ့ စာရေးဆရာရော၊ တခြားသူတွေပါ လုပ်နေကြတယ်။ ဟောခွင့်၊ ပြောခွင့်၊ ရေးခွင့်၊ ကဗျာစပ်ခွင့်၊ သီချင်းရေးခွင့်၊ ပုံနှိပ်ထုတ်ဝေခွင့်တွေ ရှိလေလေ အကောင်းတွေ တိုးလာလေလေနေမှာပါ။ “ကောင်းတာ လုပ်ခွင့် ရှိတာကို ကောင်းမွန်တဲ့စနစ် ခေါ်ပါတယ်။”

၁၈-၂-၂၀၁၀

“ဒီမိုကရေစီစနစ် နဲ့ ဘောလုံးပွဲ”
အဲလိုတော့ မဟုတ်ပါ။ အားလုံးပါဝင်ခွင့်ရှိတာကို ဒီမိုကရေစီ ခေါ်တယ်။

ကစားနေသူတွေကို မကစားခင်ရော၊ ကစားနေတုံးမှာရော ကစားပြီးတော့ပါ ဝေဖန်ခွင့်၊ ပြုပြင်ခွင့်၊ ကုန်ကုန်ပြောရရင် အသုံးမကျဘူးအထိ ပြောခွင့်၊ ရေးခွင့် ရှိရတယ်။ ဝေဖန်သူကို နှောင့်ယှက်၊ ဖမ်းဆီး၊ အလုပ်ဖြုတ်၊ ဆိုင်သိမ်း၊ ပစ္စည်းသိမ်း၊ ထောင်ချ မလုပ်ရဘူး။ ရေးတာကိုလဲ မလိုအပ်ဘဲ ဆင်ဆာမဖြတ်ဘူး။

ကိုယ်က ကစားသမားဖြစ်အောင် တော်ရင်လဲ မျက်နှာမလိုက်ဘဲ အရွေးခံရခွင့်ရှိတယ်။ မျက်နှာလိုက် ရွေးသူကိုလဲ ဝေဖန်ထောက်ပြခွင့်ရှိပြီး၊ မမှန်သူကို အရေးယူနိုင်တယ်။ အရေးယူတာကလဲ တရားဥပဒေအရပေါ့။ ဥပဒေကို ရေးဆွဲခွင့်က လူထုကနေ တာဝန်ပေးအပ်ခံထားရသူတွေကသာ ရေးခွင့်ရှိရမယ်။

ကစားသူနဲ့ ပရိတ်သတ်သဘောက နေရာတိုင်းမှာ ရှိပါတယ်။ ဟစ်တလာ၊ စတာလင်၊ လက်ထက်တွေမှာလဲ ရှိခဲ့တယ်။ အိုဘားမား၊ ဂေါ်ဒွင်ဘရောင်း အုပ်ချုပ်ရေးတွေမှာလဲ မထူးဘူး။ အဆုံးအဖြတ်ပေးသူ၊ အမိန့်ပေးသူ၊ စီမံခန့်ခွဲသူတွေက လူဦးရေးနဲ့ တွက်ရင် အနည်းစုသဘောဖြစ်တယ်။ မတူတာကတော့ အမိန့်ပေးတာနဲ့ အကောင်အထည်ဖေါ်တာတွေမှာ မှားရင်၊ မကြိုက်ရင် ပြန်ပြောခွင့်၊ ဆန္ဒဖေါ်ထုတ်ခွင့်၊ ဖြုတ်ခွင့်၊ ရှိတာနဲ့ မရှိတာဘဲ။ တချို့စနစ်တွေမှာ နည်းနည်း၊ တချို့မှာ များများရှိတာတော့ ကွာသေးတယ်။

“ဒိုင်လူကြီး” နဲ့ ဆင်တာက ဖွဲ့စည်းပုံ၊ တရားရေးစနစ်တို့ ဖြစ်တယ်။ ဒါတွေကိုလဲ လူအများကနေ လွတ်လပ် ပွင့်လင်းစွာနဲ့ ရေးသားခွင့်ရှိမှ၊ ခန့်အပ်ခွင့်ရှိမှ ဒီမိုကရေစီခေါ်တယ်။ “ကိုယ့်အစုကသာ ထိပ်မှာရှိရမယ်” လို့ သတ်မှတ် ပေးတာမျိုးက တခြားဖြစ်တယ်။ ကိုယ်က နေရာ၊ အာဏာ ယူချင်တာကြောင့် “လူတွေ ဒီစနစ်နဲ့ မတန်သေးဘူး၊ Disciplined democracy စည်းကမ်းရှိတာလုပ်ရမယ်။” “Guided democracy လမ်းညွှန်ပေးမှရမယ်” ဆိုပြီး ၀ါဒဖြန့်တယ်။ “ငါတော်တယ်” လို့ လူတိုင်းက ပြောလို့ရတာချည်းဘဲ မဟုတ်လား။ “အများကညံ့တယ်လို့ သွယ်ဝှိုက်ပြောတာက စော်ကားတာဘဲ။”

ကျွန်တော်တို့ တိုင်းပြည်နဲ့ လူမျိုးတွေက ဒီမိုကရေစီစနစ်နဲ့ တန်ပါတယ်။ ကိုက်ညီတယ်။ အချက်အလက် အများကြီးထဲက တချို့ပြောရရင် ပညာတတ်တွေလဲ အလုံအလောက် ရှိတယ်။ ပါတီစုံရွေးကောက်ပွဲကြီးတခုကိုလဲ အောင်အောင်မြင်မြင် ကျော်ဖြတ်ခဲ့ပြီးပြီ။ တောနယ်တွေမှာကို ရေဒီယိုနားထောင်တဲ့ ပရိသတ်က မနည်းဘူး။ ခေတ်ဆိုးကြီးတွေကို ဖြတ်သန်းနေကြရလို့ အကောင်းနဲ့ အဆိုး သေခြာပေါက် ခွဲတတ်ကြတယ်။ တိုင်းပြည်ရော လူတွေပါ စီးပွါးရေးက ညံ့လွန်းနေတာ ကြာပြီမို့ အခုလုပ်နေသူတွေ အသုံးမကျမှန်း ရေရေလည်လည် သိနေကြတယ်။

ပညာရေးစနစ်ကို ကိုင်ထားရင် လူငယ်တွေကို သမိုင်းအမှားကို သင်ပေးမယ်။ မီဒီယာကို ကိုင်ထားရင် လူတွေကို မှိုင်းတိုက်လို့ရတယ်။ “ငါတို့ဘဲ ကောင်းတယ်၊ ငါ့လူတွေသာ တော်တယ်” လို့ချည်း နေ့တိုင်း ပြောနေနိုင်တယ်။ တော်တော့လူတွေက ခဏခဏပြောတာကို အဟုတ် ထင်တတ်တာကိုး။ သူတို့နဲ့ မတူသူတွေကိုလဲ လူဆိုးလူညံ့တွေဆိုပြီး ဆက်ခါဆက်ခါ ပြောနေနိုင်တယ်။ တော်တော့လူတွေက နောက်လူတွေလဲ ထူးမှာမဟုတ်ပါဘူးလို့ မြင်လာစေမယ်။

ဒီမိုကရေစီဆိုတာ လူအများစုကို အခြေပြုတာဆိုတော့ လူအများစုက ညံ့နေရင် လူလည်တွေကနေ လိမ်စားလို့ရတယ်။ ပိတ်ထားတော့ ရေမရှိဘူး ထင်နေရတယ်။ ဟိုဘက်မှာ ရေမရှိဘူးလို့ ပြောတာသာ ကြားနေကြရမယ်။ ရေကာတာ တံခါးသာ ဖွင့်လိုက်ရင် ရေတွေဟာ ဒလဟော စီးဆင်းလာမှာ အမှန်ပါ။ အကြာကြီး အောင်းထားတာကို ဖွင့်တဲ့အခါ အမှိုက်သရိုက်တွေလဲ ပါမှာအုံးပေါ့။ ဒီထက်ကြာလေ ဆိုးလေ။

၂၆-၂-၂၀၁၀

အပြုသဘောပါလို့ ဆွေးနွေးရတာ ကောင်းပါတယ်။

ဘယ်လို၊ ဘယ်နည်းဆိုတာကို လူတွေ အများကြီး ပြော၊ ဟော၊ ရေးနေကြတယ်။ ဟောတယ်ဆိုတာက အလွန့်အလွန် နည်းတယ်။ အဖွဲ့အစည်း ခေါင်းဆောင်တွေက၊ ၀ါရင့် သဘာရင့်တွေက၊ တာဝန်ရှိသူတွေကသာ ဟောရတာ။ အခြေအနေက မပေးဘူး မဟုတ်လား။ သုတေသီတွေ၊ သုံးသပ်သူတွေက ပြောကြရတာ။ ရေးကြတာကတော့ များလှတယ်။ ကြိုက်တဲ့ အချိန်မှာ ကြိုက်သလို ရေးနေကြတာ ဒီစာ အပါအ၀င်ပေါ့ဗျာ။

အဲလိုဖြစ်နေခဲ့တာကလဲ အတော်ကြာပါပြီ။ နည်းတွေ၊ ဗျူဟာတွေ၊ မဟာဗျူဟာတွေ၊ စုံလှပါပြီ။ တချို့က ပြော-ဟော-ရေးတာတခုခုကို လုပ်ပြီး တချို့က လက်တွေ့ လုပ်ကြတယ်။ လက်နက်ကိုင်တာလဲ ပါတာပေါ့။ ဆန္ဒပြတာလဲ ပါတယ်။ အကြမ်းမဖက်နည်းလမ်း၊ နိုင်ငံရေးနည်းလမ်း။ နောက်ပြီး ဒဏ်ခတ်နည်း၊ ပူးပေါင်းဆောင်ရွက်နည်း၊ အထဲလှုတ်ရှားမှု၊ အပြင်လှုတ်ရှားမှု၊ ဟန်ချက်ညီဆောင်ရွက်တာ စသဖြင့် စုံမှစုံ။

“မအောင်မြင်သေးတာ ဘာလို့လဲ” ဆိုတဲ့ သုံးသပ်မှုကိုလဲ ဒေါင့်အသီးသီး၊ လူပုဂ္ဂိုလ်အမျိုးမျိုးကနေ စဉ်ဆက်မပြတ် ဆောင်ရွက်နေကြသေးတယ်။ အများဆုံးပြောလေ့ရှိတာတခုက “မညီညွတ်လို့” ဆိုတာ တွေ့ရတယ်။ ချဉ်းကပ်မှုဆိုတဲ့ (ဆန်ရှင်) နဲ့ (အင်ဂေ့ခ်ျမင့်) နှစ်မျိုးကွဲနေလို့ မထိရောက်ဘူးလို့လဲ ဆိုကြတယ်။ ပုစွန်ဆိတ်ခေါင်းပေါ် ပုံချတာလဲ မနည်းဘူးပေါ့။

မအောင်မြင်သေးခင်မှာ အပြစ်ပြောတာ၊ အပြောခံရတာ သဘာဝပါ။ ၀င်လုပ်သူတွေကို ဦးညွတ်ပြီး၊ မှန်တဲ့ဘက်ကနေ ၀င်ပြော၊ လိုက်ရေးပေးသူတွေ အားလုံးကို ကျေးဇူးတင်ဘို့ ထိုက်တယ်။ မားကို့စ်၊ ပီနိုချေး၊ တို့ကို အာဏာ မရှိတော့ တာတောင် ထောက်ခံသူတွေရှိတယ်။ သူ့တို့ကို တော်လှန်နေတုံးဆို မပြောနဲ့တော့ပေါ့။

လူတိုင်းက ဆွေးနွေးနိုင်ကြပါတယ်။ အရေးသမားတွေက ကျည်လွတ်နယ်မြေကမို့ တပုဒ်ပြီး တပုဒ်။ ခက်တာက ပရော်ဖက်ဆာ တယောက်ဟာ သူ့ကောက်ချက်တခု မှားသွားရင် နောက်စာတအုပ် ထွက်လိုက်ယုံဖြစ်ပေမဲ့ နိုင်ငံရေး ခေါင်းဆောင် မှားသွားရင် တိုင်းပြည်ပါ နာသတဲ့။

သီအိုရီတွေကလဲ အများသာ၊ သမိုင်းစာအုပ်ဆိုတာတွေကလဲ ပွင့်လင်း လွတ်လပ်မှုရှိတဲ့နေရာမှာ ဒေါင့်အမျိုးမျိုးကနေ လေ့လာရေးသားကြတယ်။ ဖတ်လို့၊ မှတ်လို့ မကုန်တဲ့ ပညာတရပ်ပါဘဲ။ သမိုင်းကိုဘာလို့ သင်ရတာလဲ ဆိုတာကို ဆရာ့ ဆရာကြီးတွေ ပြောတာက မအအောင်လို့၊ သင်ခန်းစာယူတတ်အောင်လို့ ဆိုပြီးမှတ်သားရတယ်။ မအသူများဟာ အတိတ်သမိုင်းမှာ မကောင်းလို့ အနာဂတ်လဲ ဆိုးမယ်လို့ မယူသင့်ဘူးပေါ့။

“ချက်ချင်း မင်းသွား ငါလာ မလွယ်ဘူး” ဆိုတာ ထောက်ခံပါတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ တချို့တော်လှန်ရေးတွေက အနှစ် ၆၀၊ တချို့လုံးပမ်းတာတွေက အနှစ် ၄၀၊ တချို့ကြိုးပမ်းမှုက အနှစ် ၂၀ အနည်းဆုံး ရှိသွားပြီ။ ချက်ချင်းထက်တော့ အတော်ကြီး ကြာလှပါပြီ။

“အသစ်တွေကနေ ကောင်းအောင်ပြင်မယ်။” “လူငယ်တွေ ဖြူစင်တယ်။” “မမြဲတဲ့သဘောတရား” ဒီထောက်ပြချက်၊ ဒါမှမဟုတ် အာမခံချက်၊ တနည်းအားဖြင့် ကောင်းသောမျှော်လင့်ချက်တွေအတွက် အားရမိတယ်။

နည်းဆိုတာကို တဦးတယောက်ကနေ ရေးပြတာက ငြင်းခုန်ဆွေးနွေးစရာသာဖြစ်မယ်။ အခုနေအခါ အများက အမျိုးမျိုးမို့ “နည်းလမ်းပေါင်းစုံနဲ့ လူပေါင်းစုံကနေကြိုးပမ်းမှု” ဆိုတာကို သူများပြောစရာမလိုဘဲ လုပ်ဆောင်နေကြပါတယ်။ ကိုယ်လုပ်ရမဲ့ အလုပ်ကို ဘက်နှစ်ခုလုံးက လုပ်နေကြတာပါ။ ထိုင်ကြည့်နေသူတွေ များနေသေးရင်၊ စနစ်ပြောင်းသွားတောင်မှ ဒီမိုကရေစီ တပိုင်းတပြတ်သာဖြစ်ဦးမယ်။

ဘယ်အရာမဆို အဆုံးအဖြတ်ပေးတာ “ပါဝါ” ဖြစ်လေ့ရှိတယ်။ ပါဝါဆိုတာထဲမယ် စစ်အင်အား၊ စီးပွါးရေးအင်အား၊ လူထုစည်းရုံးရေးအား၊ စတာတွေပါတယ်။ လောကသစ္စာအရ အမှန်တိုင်း နိုင်ချင်မှနိုင်တတ်တယ်။ အဆုံးမှာတော့ ဓမ္မကသာ နိုင်ပါတယ်။

၂၇-၂-၂၀၁၀

ဒီမိုကရေစီနဲ့ တိုးတက်မှု
ဒီမိုကရေစီရှိရင် တိုးတက်လာမယ်-မလာဘူး၊ ဒီမိုကရေစီကို အရင်လုပ်ရမှာလား၊ တိုးတက်မှုက အရင်လာရမှာလား၊ ဒီမွေးခွန်း နှစ်မျိုးက မတူပါ။ နှစ်ခုလုံးမှာ အမြင်တွေလဲ မတူဘူး။

ရိုးရိုးလေး၊ တည့်တည့်လေး စဉ်းစားရင်၊ လွတ်လပ်ခွင့်ရှိနေမှ ပညာပိုင်း၊ အတွေးအခေါ်ပိုင်း၊ အနုပညာပိုင်းတွေ တိုးတက်မှာပါ။ ဟစ်တလာ အောက်ကနေ ပညာရှင်တွေ တိုင်းပြည်က ထွက်ပြေးရလို့၊ အနုမြူဗုံးကို သူများနိုင်ငံက စထုတ်နိုင်စေခဲ့တယ်။ Degenerate art ဆိုတာက Entartete Kunst ဆိုတဲ့ ဂျာမန်ကို အင်္ဂလိပ်လို ပြန်ထားတာ။ နာဇီအာဏာရှင်ကနေ သူဖြစ်စေချင်တာနဲ့ မတူတာမှန်သမျှကို Un-German နဲ့ Jewish Bolshevist လို့ သတ်မှတ်ပြီး မော်ဒန်အနုပညာ မှန်သမျှကို စနစ်တကျ ဖျက်ဆီးခဲ့ဘူးတယ်။ အရှေ့နဲ့အနောက် ကွဲနေတုံးက ဂျာမနီ ၂ ခုမှာ ဘယ်တိုင်းပြည်က တိုးတက်ခဲ့သလဲ။ အခုကော တောင်နဲ့မြောက် ကိုရီးယားကို ယှဉ်ကြည့်ပေါ့။

နိုင်ငံရေးစနစ်က တင်းကြပ်အုံးတော့ ဖွင့်ပေးတာနဲ့အမျှ၊ တာဝန်ရှိသူတွေက သိပ်အဆိုးကြီး မဟုတ်ရင် ဗီယက်နမ်နဲ့ တရုပ်မှာ တိုးတက်မှုတွေ ရှိလာတယ်။ စနစ်ပါပွင့်လင်းလာရင် ဒီထက် တိုးတက်လာမှာဘဲလို့ ယူဆရင် ငြင်းဘို့ခက်မယ်။ ဒါတောင်မှ ၂၀၀၇ ဇန္န၀ါရီ ၃ ရက်မှာ လုပ်ခဲ့တဲ့ "Development First, Democracy Later? Or Democracy First, Development Later? The Controversy over Development and Democracy" ဆွေးနွေးပွဲမှာ Bruce Bueno de Mesquita and George Downs တို့အုပ်စု ပြောခဲ့တာက တရုပ်လိုနိုင်ငံမှာတော့ စီးပွါးရေးတိုးတက်လာလဲ ဒီမိုကရေစီကို ဦးတည်မယ် မထင်ဘူးတဲ့။

အဝေးကြီးသွားမကြည့်ချင်လဲ အိမ်နီးချင်း တိုင်းပြည်တွေက နိုဗယ်ဆုရပုဂ္ဂိုလ် ၂ ဦးဖြစ်ကြတဲ့ Amartya Sen (စီးပွါးရေး၊ ၁၉၉၈) Muhammad Yunus (ငြိမ်းချမ်းရေး၊ ၂၀၀၆) တို့ ပြောတာတွေက နိုင်ငံရေးစနစ် ကောင်းတာကို ဦးစား ပေးရမယ်တဲ့။ တလောက ၂၀၀၂ နိုဗယ်ဆုရှင် Josepth Stiglitz မြန်မာပြည်က ပြန်သွားအပြီး ပြောလိုက်တာကတော့ စီးပွါးရေးနဲ့ နိုင်ငံရေး ခွဲခြားထားလို့မရပါ။ "For Myanmar to take a role on the world stage and to achieve true stability and security there must be widespread participation and inclusive processes."

စနစ်ကလဲ သံလက်သီးနည်း၊ အုပ်ချုပ်နေသူတွေကလဲ ခေါင်းမရှိတာဖြစ်နေရင် ဖွံ့ဖြိုးမှု အနည်းဆုံး-အများဆုံး တိုင်းပြည် စာရင်း နှစ်တိုင်းထွက်နေတာဘဲ ယှဉ်ကြည့်လို့ရတယ်။ UN Statistics of the Human Development Report ၂၀၀၉ မှာ ကျွန်တော်တို့နိုင်ငံက (အာစီယံ)မှာ အောက်ဆုံး၊ အာရှမှာတော့ ပါကစ္စတန်၊ နီပေါနဲ့ ဘင်္ဂလားဒက်ရှ်တို့ထက် နှာတဖျား သာတယ်။ သယံဇာတပေါလွန်းနေသေးတာကိုး။

ဆိုတော့ဗျာ ကျွန်တော်တို့ တိုင်းပြည်မှာ ခေါင်းကောင်းတဲ့သူ၊ နှလုံးလှတဲ့သူတွေကို နေရာပေးနိုင်ပြီး၊ လူအများကြီးက ကျယ်ကျယ် ပြန့်ပြန့် ပါဝင်ခွင့်ရှိဘို့ လိုနေတာကတော့ လယ်ပြင်မှာ ဆင်သွားသလို ထင်ရှားနေပါတယ်။

၁-၃-၂၀၁၀

ဒီမိုကရေစီနဲ့ မြန်မာပြည်
ဒီမိုကရေစီရရင် ဘာတွေဖြစ်လာနိုင်သလဲဆိုတာထဲက တချို့ကို ဆွေးနွေးခဲ့ပြီ။ လွတ်လပ်မှုရမယ်၊ စီးပွါးတိုးတက်မှုရှိမယ်။ ပညာရေး-အတွေးအခေါ်-အနုပညာ၊ ပိုကောင်းလာမယ် စသဖြင့်။ နိုင်ငံသားတွေမှာ ဒီမိုကရေစီကို လက်ခံကျင့်သုံးနိုင်တဲ့ အရည်အချင်းတွေ ရှိနေပါကြောင်းလဲ ဆွေးနွေးခဲ့ပါတယ်။ ဘယ်လိုပုံစံနဲ့ ဒီမိုကရေစီကို လိုချင်တာလဲဆိုတဲ့ အမေးက Method or Means နည်းလမ်းလား၊ Type or Form လား သေခြာ မသိပေမဲ့၊ “နည်းလမ်းစုံကို လူအများ ပါဝင် လုပ်ဆောင်ရမယ်။ လုပ်နေကြတယ်” ဆိုပြီး ဆွေးနွေးခဲ့ပါတယ်။

ဆက်ပြီး ပါဝင်ဆွေးနွေးထားကြတဲ့အထဲက အချက်တချို့ကို ကောက်ယူ ဆွေးနွေးပါရစေ။ တချို့ ဆွေးနွေး ထောက်ပြ တာတွေ အတော်ကောင်းပါတယ်။ စာနဲနဲပါးပါးဖတ်၊ ကိုယ်ဖါသာ ကောက်ချက်ချပြီး ပြောကြတာ မဟုတ်ဘဲ၊ ခံနေရသူတွေကို နားလည်၊ ခံစားပြီး ဆွေးနွေးတာက လက်တွေ့ကျပါတယ်။ တကယ်ခံထားရသူတွေကနေ ရေးတာတွေလဲ အများကြီးရှိတယ်။

၁။ “လက်ရှိအစိုးရက ဒီမိုကရေစီရောက်အောင် လမ်းညွန်မှုကိုဘဲ ပေးနိုင်မှာပါ။ ဦးဆောင်မှုကိုဘဲ ပေးနိုင်မှာပါ။ ရောက်အောင် သွားဖို့ကတော့ ပြည်သူတွေရဲ့တာဝန်ပါ။” ဆိုတဲ့အချက်ကိုတော့ ရိုးရိုးသားသားနဲ့ သဘောမတူကြောင်း ခိုင်ခိုင်မာမာ ရေးလိုပါတယ်။ ဒီမိုကရေစီစနစ်ဆိုတာ တခြားပြောဘို့ မရှိလို့ သုံးတာမျိုးဖြစ်တယ်။ အရှေ့ဥရောကလို ကွန်မြူနစ် စနစ်ကနေဖြစ်ဖြစ်၊ ချီလီ၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားလို အာဏာရှင်အောက်ကနေဖြစ်ဖြစ်၊ နီပေါလို ဘုရင်စနစ် ကနေဖြစ်ဖြစ်၊ ပိုလန်၊ တိုင်ဝမ်မှာလို တပါတီစနစ်အောက်ဖြစ်ဖြစ်၊ ရုံးထွက်ဘို့ ကြိုးပမ်းတဲ့အခါ လူတွေ သုံးရတဲ့ ဆောင်ပုဒ်ဟာ “ဒီမိုကရေစီ” ဖြစ်ပါတယ်။ ၁၉၈၈ တုံးက မြန်မာပြည်မှာ “တပါတီစနစ် မလိုမရှိ” ဆိုတာ အော်ပြီးမှ “ဒီမိုကရေစီ ရရှိရေး ဒို့အရေး” လို့ အော်ကြပါတယ်။ လူ့အခွင့်အရေးဆိုတာ နောက်ကြမှ အော်တတ်လာကြတာပါ။

ဘယ်အပြောင်းအလဲမှာဖြစ်ဖြစ် အုပ်ချုပ်နေတဲ့ (ဗိုလ်ချုပ်ကြီးများ၊ ပါတီအထွေထွေအတွင်းရေးမှူးများ၊ သမတများ၊ ဘုရင်များ) ကနေ လမ်းညွှန် ဦးဆောင်ပေးပြီးမှ ပြောင်းခဲ့ရတယ်ဆိုတာ လုံးဝမရှိပါ။ ဆိုဗီယက်မှာ “ဂေါ်ဗာချော့”၊ တောင်အာဖရိကမှာ “ဒီ ကလပ်ခ်”၊ ဖိလစ်ပိုင်မှာ “ရားမို့စ်” တို့ဟာ အပြောင်းအလဲ ဖြစ်စေဘို့အရေးမှာ ကျေးဇူးကြီးသူတွေ ဖြစ်ပါတယ်။ ဒါပေမဲ့ သူတို့က လမ်းညွှန်ပေးခဲ့ကြတာ မဟုတ်ပါ။

၂။ “၁၉၈၈ အရေးအခင်းကာလမှာ ဘာလို့ လူတွေက ဆန်ဂိုထောင်တွေ လိုက်ဖောက်ရတာလဲ။ ဘာလို့ အတင်းလုတာလဲ။ ဘာလို့ သူများအိမ်တွေ မီးရှို့တာလဲ။ ဘာလို့ ဒမြတွေ ၀င်တိုက်ရတာလဲ။ ဘာလို့ လူတွေ သတ်နေကြတာလဲ။ အဲဒါ ဒီမိုကရေစီလား။” ဆိုတာကိုလဲ ဆွေးနွေးပါရစေ။ ဒီလိုအဖြစ်အပျက်မျိုးဆိုတာ နိုင်ငံရေးဖြစ်စဉ်တွေမှာ နေရာအမျိုးမျိုးမှာ ဖြစ်နေကြပါ။ ပုဂံ-ပင်းယ-အင်းဝ-ကုန်းဘောင် ပျက်တော့ဖြစ်ဖြစ်၊ ဂျပန်အ၀င် အင်္ဂလိပ်အပြေးဖြစ်ဖြစ် “တောမီးလောင် တောကြောင် လက်ခမောင်းခတ်” ဖြစ်တတ်ပါတယ်။ ဒီလိုဖြစ်လို့ တိုင်းသူပြည်သားတွေကို အပြစ်တင်မလား။ မီဒီယာကို မောင်ပိုင်စီးထားသူတွေက ၀ါဒဖြန့်တာကို ဆင်ခြင်ဥာဏ်နဲ့ ဆုံးဖြတ်ပါလေ။

တခြားနိုင်ငံတွေမှာလဲ ဒီလိုဘဲ။ ဆိုဗီယက်တွေဟာ စတာလင်ကို သိက္ခာချဘို့ ၁၉၈၈ မှာ ဆန္ဒပြပွဲတွေကို ခွင့်ပြုခဲ့တယ်။ ခေတ်မီလာတော့ အစိုးရဆန့်ကျင်မှုတွေ ဖြစ်လာရင် ဆန့်ကျင်သူတွေကို အသရေဖျက်ဘို့ အာဏာရှိနေသူများက အကြမ်းဖက်မှုတွေကို တမင်တကာ ဖန်တီးလာကြတယ်။ ၁၉၈၈ မှာ ဆန္ဒပြမှုကို လူထုကရော၊ နိုင်ငံတကာကပါ အထင်သေးအောင်၊ နောက်ပြီး ဒီလိုတွေဖြစ်လို့ အာဏာသိမ်းရပါတယ်ဆိုတာ ပြောချင်လို့ တမင်တကာ အကွက်ဆင် ဖန်တီးတာတွေ ပါခဲ့တယ်။ နရသီဟပတေ့တို့ သီပေါတို့ကတော့ အဲလို မလုပ်ခဲ့ဘူး။

၃။ “သူတို့ နိုင်ငံတွေမှာ ခိုင်မာတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေရှိပါတယ်။ ခိုင်မာတဲ့ နိုင်ငံရေးစနစ် ရှိပါတယ်။ မြန်မာပြည်မှာ မရှိခဲ့ပါဘူး။” ဆိုတဲ့ ထောက်ပြချက်ကို ဆွေးနွေးလိုပါတယ်။ ၁၉၄၇ ဖြစ်ဖြစ် ၁၉၇၄ ဖြစ်ဖြစ် ဖွဲ့စည်းပုံအခြေခံဥပဒေတွေကို ဖျက်ပြစ်ခဲ့သူတွေဟာ ဘယ်သူလဲဆိုတာ သိတဲ့အတိုင်းဘဲ။ ခိုင်မာတယ် ဆိုတဲ့ စကားကို ဖွဲ့စည်းပုံနဲ့ တွဲသုံးတာလဲ ဒီပုဂ္ဂိုလ်များပါဘဲ။ တာရှည်ခံလို့ မသုံးပါလား။ ကျောက်ဆောင်ကြီးလို ရွေ့မရ၊ မ မရ၊ ပြင်မရတာကို ခိုင်မာတယ်လို့ ဆိုချင်ပုံရတယ်။ အမှန်က ဖွဲ့စည်းပုံဆိုတာမျိုးက လိုအပ်ရင် ပြုသာပြင်သာ ရှိရတာမျိုးပါ။ ခေတ်၊ စနစ်နဲ့ လူတွေဟာ ပြောင်းလဲနေတာကိုး။ ၁၉၇၄ ကလို ဆိုရှယ်လစ်စနစ်ကို ၁၉၈၈ မှာလူတွေက မကြိုက်တော့ဘူး။ အခု ၂၀၀၈ ကဟာကို နောက်လူတွေက မကြိုက်ရင် ပြင်မရအောင် လုပ်ထားတဲ့အချက်ကို သတိထားသင့်တယ်။

၎။ “တည်ငြိမ်မှု အရှိဆုံးနဲ့ ခိုင်မာမှု အရှိဆုံး ရပ်တည်နေခဲ့တဲ့ အသင်းအဖွဲ့ကတော့ တပ်မတော်ပါ။ ဒီအဖွဲ့က ပထမ အဆင့်မှာ နိုင်ငံတော်ကို တည်ငြိမ်အောင်လုပ်ခဲ့ပြီးပါပြီ။ ဒုတိယ အဆင့်မှာ ဒီမိုကရေစီ ရောက်အောင်သွားဖို့ လမ်းစဉ်တွေ ချမှတ်ခဲ့ပြီး။ ဖွဲ့စည်းပုံ အခြေခံဥပဒေကြီးလဲ ပြီးပါပြီ။ ပြီးရင် သူတို့တွေ ရွေးကောက်ပွဲ လုပ်လိမ့်ကြမယ်။ အားပေးလိုက်ပါ။” ဆိုတာ သတင်းစာဖတ်နေရသလို ဖြစ်နေတယ်။

(ဖဆပလ-သန့်ရှင်း၊ ဖဆပလ-တည်မြဲ၊ ပမညတ၊) စတဲ့ နိုင်ငံရေးပါတီတွေကို ဖျက်ပြစ်ခဲ့တာ ဘယ်သူတွေလဲ။ ကျောင်းသားနဲ့ အလုပ်သမား သမဂ္ဂတွေကို ဖျက်ပြစ်ခဲ့တာကော ဘယ်သူတွေလဲ။ တပါတီကလွဲရင် မရှိရဘူးလို့ အခြေခံဥပဒေမှာပါ ထည့်ခဲ့တာ ဘယ်သူတွေလဲ။ အခြေခံဥပဒေကြီးရော၊ အာဏာရော၊ ငွေတွေရော ပိုင်ဆိုင်ထားခဲ့တဲ့ ပါတီကော ဘယ်နှစ်နှစ် ခံခဲ့သလဲ။

အခုအချိန်မှာ မြန်မာနိုင်ငံဟာ တည်ငြိမ်နေပြီလား။ ပညာရှင်တွေ ပြောတာက နိုင်ငံရေးတည်ငြိမ်မှုဆိုတာ တရားဥပဒေ စိုးမိုးမှု၊ ဒီမိုကရေစီ မြင့်မားခြင်း နဲ့ ကူးသန်းရောင်းဝယ်နိုင်စွမ်းတို့ အပေါ်မှာ မူတည်တယ်တဲ့။ ဒီမိုကရေစီမှာ အများစုက ပျော်ရွှင်နေကြရမယ်၊ သူတို့ကိုယ်တိုင် လိုက်နာနိုင်တဲ့ အခြေခံဥပဒေ နဲ့ တရားဥပဒေ ရှိရပြီး၊ အနည်းစုတစုကနေ သူတို့ လုပ်ချင်တိုင်း လုပ်မရတာကို ခေါ်ဆိုပါသတဲ့။ Totalitarian government ဆိုတာကတော့ အများစုကနေ ဖြုတ်ပြစ်ဘို့ ကြောက်ရွံ့နေကြရတာမျိုး ဖြစ်ပါသတဲ့။

နိုင်ငံရေးတည်ငြိမ်ရင် နိုင်ငံရေးကြောင့် ထောင်ကျသူတွေ နည်းသထက် နည်းလာရမယ်။ ကုလသမဂ္ဂကနေ အထူး ကိုယ်စားလှယ် ဆိုသူတွေဟာလဲ အခွင့်အရေးချိုးဖေါက်မှု၊ အဓမ္မစေခိုင်းမှု၊ ကလေးစစ်သားစုဆောင်းမှုတွေ အတွက် မဟုတ်ဘဲ၊ စီးပွါးရေး၊ ပညာရေး၊ ကျန်းမာရေး၊ စတာတွေအတွက် အကြံပေးပုဂ္ဂိုလ်မျိုးတွေသာ ဖြစ်ရမယ်။ လက်နက်ကိုင် တိုက်နေတဲ့ အဖွဲ့တွေ ဆိုတာလဲ နည်းသထက် နည်းပြီး၊ (တမီးလ် ကျား) တွေကိုလို အပြတ်မရှင်းနိုင်ရင်လဲ သူတို့ လိုချင်တာတွေကို ဆွေးနွေး ညှိနှိုင်းတဲ့နည်းနဲ့ အဖြေရပြီးဖြစ်ရမယ်။ သူများနိုင်ငံတွေကို တရားဝင်ရော၊ တရားမ၀င်ပါ ထွက်နေတာတွေ နည်းရာကနေ ရပ်သွားမှ တည်ငြိမ်ပြီလို့ ပြောနိုင်မယ်။ အခု ပြောင်းပြန် မဟုတ်လား။

၅။ “ထိပ်တိုက်ရင်ဆိုင်ဖြေရှင်းနည်းဟာ ဒီနေ့အချိန်မှာ အသုံးမ၀င်ပါဘူး။ သူတို့တွေမှာ အင်အားရှိတယ်။ ငါတို့တွေမှာ စိတ်ဓါတ်ဘဲ ရှိတယ်။” ဆိုတာဖတ်ရတယ်။ စိတ်ဓါတ်ရှိတာ သိပ်ကောင်းပါတယ်။ အားတက်ရပါတယ်။ “ထိပ်တိုက် ရင်ဆိုင်ခြင်း” ကို အုပ်စိုးနေသူတွေက ၁၉၈၉ နောက်မှာ သုံးလာတာပါ။ (အင်နယ်လ်ဒီ) ကနေ “မတရားမှု မှန်သမျှ တာဝန်အရ ဖီဆန်ကြ” လို့ ပြောတော့ ဖြစ်ပါတယ်။

နေမ၀င်အင်ပါယာကြီးကို ရင်ဆိုင် ဆန့်ကျင်မှုတွေ မလုပ်ရင် တိုင်းပြည်ပေါင်း များစွာဟာ ကိုလိုနီဘ၀သာ ဖြစ်နေအုံးမှာပါ။ Winter Palace ကို ချီတက်ခဲ့ကြတဲ့ ရုရှားလူမျိုးတွေ (၁၉၀၅)၊ ပြင်သစ်နဲ့ ဘယ်လ်ဂျီယံ စစ်တပ်ကို ဆန့်ကျင်ခဲ့ကြတဲ့ ဂျာမန်လူမျိုးတွေ (၁၉၂၃)၊ ဆားချက်ရာပင်လယ်အထိ ချီတက်ခဲ့ကြတဲ့ ဂန္ဒီနဲ့ အိန္ဒိယလူမျိုးတွေ (၁၉၃၁)၊ နာဇီကို ဆန့်ကျင်ခဲ့ကြတဲ့ နယ်သာလန် နဲ့ ဒိန်းမတ် (၁၉၄၀)၊ ဗိုလ်ချုပ်ကြီး မာတီနက်စ် ကို ဆန့်ကျင်ခဲ့ကြတဲ့ အယ်လ်ဆာဗေဒိုး (၁၉၄၄)၊ အမေရိကန်တောင်ပိုင်းက လူမဲတွေရဲ့ Campaign for Civil Rights (၁၉၆၀)၊ တောင်အာဖရိက အသားအရောင် ခွဲခြားအုပ်ချုပ်ရေး ဆန့်ကျင်မှု (၁၉၄၈-၉၄)၊ ၀ါဆောက Victory Square ကို ချီတက်ခဲ့ကြတဲ့ ပိုလန်လူမျိုးတွေ (၁၉၈၀)၊ ဖိလစ်ပိုင်က People’s Power Movement (၁၉၈၆)၊ အာဂျင်တီးနားက သူတို့သားတွေကို မိဘတွေမသိအောင် စစ်ထဲ အတင်းခေါ်သွင်းတာ ခံကြရလို့ Plaza de Mayo ကို ဖိနပ်ပါးစီး ချီတက်ပြီး၊ စစ်အာဏာရှင်ကို ဆန္ဒပြကြတဲ့ မိခင်တွေ (၁၉၉၅)၊ ပါလစ်စတိုင်း လူမျိုးတွေရဲ့ Intifada လှုတ်ရှားမှု ပဌမ (၁၉၈၇-၉၃)၊ ဒုတိယ (၂၀၀-၂၀၀၅)၊ စတာတွေ အားလုံး အင်အားကြီးတဲ့ အုပ်စိုးသူတွေ၊ စစ်တပ်တွေ၊ သိမ်းပိုက်ထားသူတွေ၊ မတရားလုပ်သူတွေကို ရင်ဆိုင်အံတုခဲ့ကြရတာပါ။ အောင်မြင်တဲ့အထိ လုပ်ခဲ့ကြရတာပါ။ ဒီလိုမလုပ်ခဲ့ကြရင် စဉ်းစားကြည့်ပေါ့။

၆။ “မြန်မာနိုင်ငံ လူဦးရေရဲ့ ၇၀%လောက်က ဒီမိုကရေစီရဲ့ သဘောကို သိမယ်မဟုတ်ဘူး။” ဆိုတဲ့အချက် ဟုတ်ချင်လဲ ဟုတ်မယ်ပေါ့။ စာမေးပွဲမေးခွန်း ဖြေသလိုတော့ ဖြေတတ်ချင်မှ ဖြေတတ်ပါလိမ့်မယ်။ ဒီမိုကရေစီလို့ ခေါ်ခေါ် မခေါ်ခေါ် မတရားမှု၊ ဖိနှိပ်မှုတွေကို မကြိုက်ကြပါ။ လွတ်လွတ်လပ်လပ် တွေးချင်၊ ရေးချင်၊ ပညာသင်ချင်ကြတယ်။ အတင်းအဓမ္မ ခိုင်းတာတွေ မလုပ်ချင်ကြဘူး။ ဒီလိုလူတွေ အရည်အတွက်ဟာ ရာနှုန်းမပြည့်တပြည့် ရှိမှာပါ။

၇။ ဒီမိုကရေစီနဲ့ပတ်သတ်လို့ ဇာတ်လမ်းတစ်ပုဒ် ထုတ်ပြတာ ဖတ်ရတယ်။ ဒီလိုမျိုးတွေ အများကြီးပါ။ နှစ်ဖက်လုံးကနေ ရေးလေ့ရှိတာမျိုးပါ။ ၁၉၄၈-၁၉၆၂ အတွင်းကဆိုရင် နိုင်ငံရေးပါတီတိုင်းကနေ ကိုယ်ပိုင် သတင်းစာတွေ၊ ကိုယ်ပိုင် ကလောင်ရှင်နဲ့ ကာတွန်းပညာရှင်တွေ ရှိကြလို့ အပြန်အလှန် ရေးကြတာတွေ ဖတ်ရတယ်။ ဆင်ဆာဆိုတာက အတော်ကြီး လွတ်လပ်မှု ရှိခဲ့တယ်။ လူထုက ဆုံးဖြတ်ပေါ့။

နောက်တချက်က Satire နဲ့ Humor က တခြားစီပါ။ ဖတ်တဲ့လူကို ဟဒယရွှင်အောင်လုပ်ပေးတာနဲ့ ကိုယ်နဲ့မသင့်သူကို ကဲ့ရဲ့ချင်လို ရှုံ့ချတဲ့အရေးမျိုးနဲ့ မတူကြပါ။ ဒီထက်အရေးကြီးပြန်တာက ရေးသူရဲ့ စေတနာ ဖြစ်ပါတယ်။ ဖတ်တဲ့လူ၊ နားထောင်တဲ့လူကို ကောင်းစေချင်လို့၊ ပြုပြင်စေချင်လို့၊ တတ်စေသိစေချင်လို့ ဆိုတဲ့ စေတနာဟာ မမှန်ရင် ဝေဒနာ ဖြစ်သွားတတ်တယ် မဟုတ်ပါလား။

၂-၃-၂၀၁၀

အခုပါဝင်ဆွေးနွေးချက်ဟာ အင်မတန် ရိုးစဉ်းတဲ့ ကိုယ်ပိုင်အမြင် ဖြစ်တယ်။ လူတွေထဲမယ် အဲလို ရိုးရိုးသားသားတွေ ရှိသလို တခြား လူမျိုးတွေလဲ ရှိတယ်။ တခုရှိတာက “ရိုးသာရိုးပါ၊ မအပါနဲ့။”

နိုင်ငံရေးဆိုတာ တိုင်းပြည်တခုလုံးနဲ့ ဆိုင်နေတယ်။ လူအမျိုးမျိုး ပါဝင်နေတာမို့ မတူတာတွေလဲ အများကြီးဘဲ။ ဒီတော့ အဖြစ်နိုင်ဆုံးက “အများကြီးထဲက အများစုက သဘောတူတာကို လက်ခံလိုက်နာပြီး၊ ကျန်အနည်းစုကိုလဲ မထေမဲ့မြင် မလုပ်ကြေး” ဆိုတာ ဒီမိုကရေစီပါဘဲ။

ဦးသန်းရွှေအတွက်တောင် စိုးရိမ်လေးစားလိုက်သေးတာ ဖတ်ရလို့ အတော်ကို ထူးဆန်းနေတယ်။ ကျွန်တော်လိုလူတွေ အများကြီးနေမှာနော်။ သန်း ၅၀-၆၀ ထဲမှာ ကိုယ့်ကိုယ်ကို ထိန်းနိုင်တဲ့လူ အရေအတွက် မများပါ။ အာဏာရှင်ကို လေးစားနိုင်သူလဲ နည်းလွန်းလှပါတယ်။ ဒါ့ကြောင့် အများအတွက် စဉ်းစားရမှာပါ။

လွတ်လပ်ရေးနောက် ကျွန်တော်တို့နိုင်ငံမှာ နိုင်ငံခေါင်းဆောင်တွေ၊ ဗိုလ်ချုပ်အောင်ဆန်း (၁၉၄၇-၁၉၄၈)၊ ဦးနု (၁၉၄၈-၁၉၆၂)၊ ဦးဗဆွေ (၁၉၅၇-၁၉၅၇)၊ ဗိုလ်ချုပ်ကြီးနေ၀င်း (၁၉၅၈-၁၉၆၀ နဲ့ ၁၉၆၂-၁၉၈၈)၊ ဗိုလ်ချုပ်မှူးကြီး စောမောင် (၁၉၈၈-၁၉၉၂)၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ (၁၉၉၂-ယနေ့အထိ)၊ ထိပ်ဆုံးက တာဝန်ရှိသူတွေ ဖြစ်ခဲ့ကြတယ်။ မများသေးပါဘူး ၆၃ နှစ်အတွင်းမှာ ၆ ယောက်ထဲရှိသေးတာ။

အဲဒီ ၆ ဦးရဲ့ ဘ၀တွေကို ပြန်ဆန်းစစ်ကြည့်ပါလား။ သူတို့ ခေါင်းဆောင်ဘ၀တုံးက ဘယ်လို နေထိုင်ခဲ့ကြသလဲလို့။ ဗိုလ်ချုပ် အောင်ဆန်းဘ၀ကိုတော့ ပြောဘို့ လိုမယ် မထင်ဘူးနော်။ လိုရင်လဲပြောပေါ့။ ဦးနု၊ ဦးဗဆွေတို့က လူထုကရွေးပြီး လူထု မျက်စိအောက်မှာ လူထုနဲ့အတူ နေထိုင်ခဲ့ကြတယ်။ ဗိုလ်ချုပ်ကြီးများကတော့ တမျိုးပါ။ ဗိုလ်ချုပ်ကြီးနေ၀င်းက အာဏာ ဆက်ယူနိုင်အောင် “ဦး” လုပ်ခဲ့တယ်။ နောက် ၂ ယောက်ကတော့ စစ်တပ်ရော၊ အစိုးရရော ကိုင်နိုင်အောင် ပင်စင်ဥပဒေကို ရှောင်ဘို့ “မှူးကြီး” ဆိုတာ ထွင်လိုက်တယ်။ ရာသက်ပန် ထိပ်မှာနေချင်တာကိုး။

နောက်ဆုံး ပုဂ္ဂိုလ်ကတော့ မြို့သစ်၊ နန်းသစ်တည်ပြီးနေတယ်။ ဥမင်လှိုင်ခေါင်းတွေပါ တူးနေတယ်။ ငွေတွေက ဘယ်ကနေ ယူသလဲဆိုတာ ပြောဘို့ လိုသေးလား။ ဘယ်သူ့အတွက်လဲ ဆိုတာကော့။

ဆိုဗီယက်နိုင်ငံမှာ “ဘရက်ဇညက်” က (၁၉၆၀-၆၄ နဲ့ ၁၉၇၇-၁၉၈၂) ခေါင်းဆောင်ဖြစ်ခဲ့တယ်။ သူ့မိခင်က အလွန်ရိုးသတဲ့၊ မော်စကို လိုက်မနေဘဲ တောမှာနေတယ်။ တနေ့တော့ သူ့သားဆီ အလယ်လာတယ်။ (ကရင်မလင်) နန်းတော်ကြီး ခန်းနား ကြီးကျယ်တာ တွေ့တော့ သူ့အမေက “ငါ့သား မင်းဒီလိုနေရတာကို ကွန်မြူနစ်တွေ မသိစေနဲ့နော်” လို့ သတိပေးပါသတဲ့။

၃-၃-၂၀၁၀
http://forverfriends.ning.com/

No comments:

Post a Comment