Thursday, January 7, 2010

Specialist အထူးကု

ဆေးပညာဘွဲ့ ရပြီးတဲ့နောက် သူငယ်ချင်းတချို့ ဘွဲ့လွန်တက်ကြရတယ်။ တချို့ကြ တခြားနိုင်ငံ သွားပြီးတောင် ဘွဲ့ထပ် ယူနိုင်ကြသေးတယ်။ သူတို့အားလုံး အတော်ကြိုးစားကြရတာပါ။ စာကြိုးစားတာတခုထဲတော့ ဘယ်ဟုတ်မလဲ၊ မရရအောင် လုပ်ရတဲ့ ကြိုးစားမှုတွေလဲ ပါရတာ။ ကံဆိုတာကလဲ လိုပြန်သေးတယ်။ အားလဲကျပါရဲ့၊ ကိုယ်မဖြစ်ရလို့ အများကြီးတော့ စိတ်မပျက်ပါ။ ခံစားမှုတော့ ရှိတာပေါ့။ ကိုယ်မဖြစ်တဲ့အခါ ခေတ်ကို ယိုးမယ်ဖွဲ့ဘူးတယ်။

အမှန်က ကျွန်တော်တို့နိုင်ငံမှာ ကြိုးစားသလောက် မပေါက်နိုင်တာ ဆေးလောက တခုထဲတော့ မဟုတ်ဘူး။ ပိုပြီး သိသာတာက စီးပွါးရေး လုပ်တဲ့လူတွေ။ ကုန်ကုန်ရေးရရင် ကိုယ့်လယ်လေး၊ ယာလေး စိုက်ပျိုး စားသောက်သူတွေရော အကုန်ပါဘဲ။ ဒီတော့ ဘာလုပ်ကြရသလဲ။ ဗမာလူမျိုးတွေမှာ ထူးခြားတာတွေ ရှိတယ်။ အမှန်က လူမျိုးတိုင်းမှာလဲ ရှိတာပါဘဲ။ တူတော့ မတူကြဘူး။ ကမ္ဘာ့သမိုင်းမှာ တချို့က စစ်အင်အားအရာမှာ ခေတ်ကြီး တခေတ် ပြောင်းသွားစေအာင် စွမ်းနိုင်ခဲ့တဲ့ လူမျိုးတွေရှိခဲ့တယ်။ ယဉ်ကျေးမှုသစ်ကြီးကို စတင်နိုင်သူတွေရှိတယ်။ တချို့က ကိုယ့်အသက်ကိုတောင် ယုံကြည်ချက်အတွက် စွန့်ရဲတာမျိုး။ ဗမာတွေက အာရပ်တွေလို အသေခံ ဗုံးမခွဲပါ။ ဗီယက်နမ်တွေလို ရေနံဆီလောင်းပြီး၊ မီးရှို့မသေပါ။ ဗမာတွေတော်တာ လာပါမယ်။

ဗမာပြည်က လူတွေရဲ့ လွန်ခဲ့တဲ့နှစ် ၅ဝ ကျော်က သမိုင်းကို ဆန်းစစ်ရင် “မရှိအောင် တမင်လုပ်ထားတဲ့ ခေတ်ကာလ” ကို အတော်ကြီး ကြာအောင် ဖြတ်သန်းခဲ့ကြရ ရှာပါတယ်။ အဲဒီခေတ်မှာ ကာတွန်းတခု အတော်ထိမိတယ်။ ဘာပစ္စည်းမဆို “ပြည်သူ့ဆိုင်” ဆိုတဲ့ ပြည်သူတွေနဲ့ မဆိုင်လှတဲ့ ဆိုင်တွေမှာ တန်းစီကြရတာ။ လူတယောက် သွားတန်းစီ၊ ထွက်လာတော့ ဆပ်ပြာခဲလေး တဖြတ်ရလာ။ နောက်တနေရာ တန်းစီပြန်၊ သွားတိုက်ဆေးတဗူး ရလာ။ နောက်တခါစီတော့ ဝမ်းရောဂါ ကာကွယ်ဆေး အထိုးခံလိုက်ရသတဲ့။

ကျွန်တော်တို့ လူမျိုးတွေဟာ “မရှိတဲ့အထဲကနေ ဖြစ်အောင်လုပ်တဲ့ အတတ်တွေ ထူးချွန်လာခဲ့ပါတယ်။” လူတွေဟာ အသစ်တွေ ဝယ်မရတော့ အဟောင်း ပြင်ရာမှာ အကောင်းနဲ့ တူအောင် လုပ်တတ်ပါတယ်။ ဟိုပစ္စည်း မရှိရင် ဒီပစ္စည်းနဲ့ တည့်အောင် တန်အောင် လုပ်တတ်တယ်။ ဂျစ်ကား ဆိုပါတော့ ၁၉၄ဝ က ပေါ်တာ။ ဒုတိယ ကမ္ဘာစစ်နဲ့အတူ ဗမာပြည် ရောက်လာပြီး၊ စစ်ပြီးတော့ ကျန်ရစ်တယ်။ နောက်ထပ်လဲ မသွင်းဘူး။ ဒါပေမဲ့ ကနေ့အထိ သုံးဖြစ်နေအောင် လုပ်နိုင်စွမ်း ရှိတယ်။ တချို့ဆို အသစ်လို ကောင်းနေအောင် တစီးလုံးကို ကိုယ့်ဖါသာ လုပ်နိုင်တယ်။ စပ်မိလို့ ပြောရအုံးမယ်။ Jeep ကို ဘာ့လို ဒီနာမယ်ပေးလဲဆိုတော့ (ဂျီ-ပီ)၊ Government Purpose (GP) ကနေ လာတာတဲ့။ ဆရာဝန်တွေအသုံးနဲ့ မဆင်ပါလား။ အပြင်ဆေးခန်း ဖွင့်တာကိုလဲ General Practice (GP) ခေါ်တယ်။

ဆရာဝန်တွေလဲ အများနည်းတူ မဖြစ်ဖြစ်တဲ့နည်း လုပ်ကြရရော။ တောရွာတွေမှာ ရောဂါတွေက တကယ့် (အင်မာဂျင်စီ) တွေ၊ (မေဂျာ)တွေ များမှ များ။ ပေါမှ ပေါ။ ဆေးရုံကြီးတွေမှာဆို အထူးကု ဆရာဝန်ကြီးတွေ။ မမတွေ ကိုယ်တိုင် ကိုင်ရတာမျိုးတွေ။ မမဆိုတာ ပါမောက္ခ ဆရာဝန်မကြီးတွေကို ချစ်-ကြောက်-ရိုသေ ခေါ်ကြတာပါ။ တောမှာ တယောက်တည်း တာဝန်ကျတဲ့ ဆရာဝန်အဖို့ကတော့ ဘာအထူးမဆို သူဘဲ။ ပစ္စည်းတွေကမရှိတော့ သွေးစစ်ချင်ရင် နေရောင် ထောင်ကြည့် ပေရော့။ ဆီးစစ်ဘို့ကတော့ ပနယ်စလင် ပုလင်းခွံထဲထည့်။ အရက်ပြန် မီးခွက်က ရွာထဲက သံဖြူဆရာ့ လက်ရာ၊ ကောင်းမှကောင်း။ အရက်ပြန်ကလဲ ရှားတော့ တောအရက် ဦးရေသည်သာ အားထားရာ။ (မီသိုင်လိတ်တက်) မဖြစ်လဲ မတတ်နိုင်ဘူး။ လျှပ်စစ်ဆိုတာ ဝေလာဝေး။ ခွဲဘို့စိတ်ဘို့ လိုသလား။ ဆီစက်ပိုင်က ပဲတွေ နှမ်းတွေကို ခွဲလူနာလာချိန်ကျမှ စက်လည်ပေးတဲ့အထိ စေတနာကောင်းတာ။ အုပ်ချုပ်တဲ့လူတွေက ရှားအောင် လုပ်တဲ့ ခေတ်မယ်၊ လူတွေက စေတနာ မရှားလို့ လူနာတွေ အကျိုးများရတယ်။ မြို့သာတုံးကပါ။

ထန်းပေါလှတဲ့အရပ် ထန်းလျောဆိုတာ လာလိုက်မှဖြင့် မသေရင် ခြေသလုံးကျိုး၊ ပေါင်ကျိုး၊ ခါးကျိုး။ ယောဖက်ပိုင်းမှာ ထန်းလျောတယ်ဆိုရင် ဘယ်နှစ်ယောက်လဲ မေးရတာ။ စီးပွါးဖြစ် ထန်းလျက်ချက်ဘို့ ထန်းတက်တာ မဟုတ်ဘူး။ ပုလဲ အနောက်နားက ယောသားတွေက ထန်းရေခါးကို ထန်းပင်ပေါ် လင့်စဉ်ထိုးပြီး၊ တက်သောက်ကြတာ။ ကျပြီဆိုရင် တယောက် ဘယ်ကမလဲ။

တတန်းထဲက တနှစ်တည်းအောင်တဲ့ သူငယ်ချင်းတယောက်က အင်္ဂလန်မှာ အရိုးအထူးကု လုပ်နေလေရဲ့။ တိုက်နယ် ဆရာဝန်ကလဲ ကိုယ့်နေရာမှာကို အရိုးကို အထူးကုရတာပါဘဲ။ အရိုးအထူးကုဆိုတာ ပေါင်ကျိုးကို အလေးဆွဲတတ်ရတာ။ လူကောင် ကြီးရင် အုတ်ခဲ ၄ ခဲ၊ သိပ်မကြီးရင် ၃ ခဲ၊ အတော်ဘဲ။ အုတ်ခဲတော့ နိုင်ငံခြားက မှာရတာ မဟုတ်ဘူး။ ကြိုးဆိုတာ နွားဖါးကြိုး အသစ်။ ဘယ်နှစ်ချောင်း လိုချင်လဲ။ ပေါင်အောက်နား ဒူးရိုးကို ကန့်လန့် ဖေါက်ထည့်ဘို့ သံချောင်း။ (ဆာဂျီကယ်-စတီးလ်)မှ လူ့ကိုယ်က လက်ခံတာဆိုတော့၊ ဘယ်ကရမလဲ။ လိုလျင်ကြံဆ နည်းလမ်းရ။ ဘယ်ကာလက ရှိနေလဲ မသိတဲ့ ကိုယ်ဝန် ဗိုက်တိုင်းတဲ့ ကရိယာက ခပ်ကွေးကွေး သံချောင်းတဖက်ကို ဖြုတ်၊ ဖြောင့်၊ သွေး၊ ချွန်၊ လိုသလောက် ဖြတ်။ ရရော့ မဟုတ်လား။ အကျိုးက တယောက်မကဘူးလား၊ ရတယ်။ ဗိုက်တိုင်း ကရိယာတခုမှာ သံချောင်းက နှစ်ချောင်း ပါတာ။

ကျောင်းမှာ သင်ရတာချင်း အတူတူ၊ စာမေးပွဲအမှတ် ဖြစ်ဖြစ်၊ ကျောင်းပြီးလို့ နောက်ဆက်ဖြစ်ရတာဖြစ်ဖြစ်၊ တယောက်နဲ့ တယောက် မတူကြတော့ဘူး။ ကျယ်ပြန့်လှတဲ့ ဆေးပညာနယ်ပယ်ထဲက ဘာသာရပ်တခုခုကို ကွက်ပြီး၊ သင်ယူရလို့ အထူးကု လုပ်ရတာကလဲ ထူးခြားချက်လို့ မဆိုနိုင်ပါ။ “ဂျင်နရယ်လစ်” တွေထဲက “စပယ်ရှယ်လစ်” ဆိုတာကတော့ နဲနဲ ထူးသလိုရှိပါမယ်။ ဘာအထူးကုမှ မဖြစ်ကြရတဲ့ ကျွန်တော်တို့လို အကောင်းစားတွေအဖို့ တာဝန်ကျတဲ့ နေရာမျိုးတွေက မတူကြပြန်ဘူး။ ဆေးရုံတွေကို ရောက်သူတွေရယ်၊ စီမံကိန်းဌာနတွေရယ် ရောက်ကြတယ်။ စီမံကိန်း ဆိုတာတွေက ငှက်ဖျား၊ တီဘီ၊ မျက်ခမ်းစပ် ဆိုတဲ့ တိုက်ဖျက်ရေးတွေကိုဆိုတာ။ ဒီတော့ နယ်ပယ် မတူတဲ့အတွက် မတူတာတွေ လုပ်ကြရ၊ ဖြစ်ကြရရော့။

ဆေးရုံဆိုတာကြပြန်တော့ ဆေးရုံကြီး။ ဆေးရုံလတ်။ ဆေးရုံငယ်တွေ မတူသေးဘူး။ ဘွဲ့လွန်တက်ချင်ရင် ဆေးရုံကြီးကို ရောက်ဘို့ လိုတယ်။ ဆေးရုံလတ် ရောက်ရင် ကံမဆိုးဘူး။ လက်တွေ့နယ်မှာ ကူညီသင်ပြပေးမဲ့ ကိုယ့်အရင် ဆရာဝန် ဖြစ်သူတွေ ရှိတာကိုး။ အဲ့ ဆေးရုံငယ်လေးတွေကို တန်းရောက်သွားမှဖြင့်၊ သောင်ပြင် အလွှတ်ခံရတဲ့ အကောင်မျိုး ဖြစ်ရော။ မေးစရာလဲ အနားမှာမရှိ။ ဖတ်စရာ စာအုပ်ကလဲ သူများပေးလိုက်ပြီ။ အတ္တာဟိ အတ္တနော နာထော အစစ်။

ဝါသနာလို့ ပြောတာထက် တန်ရာတန်ရာ၊ သန်ရာသန်ရာ ဖြစ်ရတယ်လို့ဆိုတာ ပိုနီးစပ်မယ်။ သူငယ်ချင်း တချို့က ဆေးဝါးနဲ့ ကုရတာမှာ သန်တယ်။ တချို့က ခွဲတာစိတ်တာမှာ သန်တယ်။ တချို့က Public Health ခေါ်တဲ့ ရောဂါ ကာကွယ်ရေး သန်တယ်။ အတူတူနဲ့အနူနူထဲက တန်ရာ၊ သန်ရာတွေ ဖြစ်လာကြတယ်။ ဆေးကျောင်း ၇ နှစ်မှာ အတူတူပေမဲ့ နောက် ဘာလို့ မတူကြတော့တာလဲ။

ဗမာတွေက တိတိကျကျ ပြောမရတဲ့ ပစ္စည်းကို “ဓါတ်” ဆိုပြီး ခေါ်တယ်။ ဓါတ်ခဲ၊ ဓါတ်မီး၊ လိုမျိုးပေါ့။ လူ့ဘဝမှာ ရေရေရာရာ မသိဘဲဖြစ်လာတဲ့ အကျိုးတရားမျိုးကို ကံကြောင့်လို့ ပြောလေ့ရှိတယ်။ ဆေးပညာမှာတော့ ဖြစ်စေတတ်တဲ့ အကြောင်းရင်း သေသေခြာခြာ မသိတာကို “Primary” လို့ သုံးတယ်။ ဥပမာ သွေးတိုး ရောဂါမျိုး။ နောက်ပြီး ရှင်းမပြတတ်တာကို “X” လုပ်လိုက်တယ်။ ၁၈၉၅ ကပေါ်ခဲ့တဲ့ X-ray ဓါတ်မှန်။ ဆေးလောကသာ မဟုတ်ပါဘူး၊ ၁၉၆ဝ မှာစပေါ်တဲ့ ကာတွန်း၊ နောက် ရုပ်ရှင်ကိုလဲ X-men လုပ်တယ်။

အထူးကု မဟုတ်တဲ့ ဆရာဝန်တွေ တဖက်ဖက်မှာ ပိုပြီး ကြွမ်းကျင်လာတာမျိုးကို ဘယ်လိုပြောရင် အသင့်ဆုံးဖြစ်မလဲ။ Acquired က အနီးစပ်ဆုံးလို့ ထင်ပါတယ်။ မိဘတွေဆီက ပါလာတာလဲ မဟုတ်။ ကံကြောင့် ချည်းလဲ မဟုတ်။ အလိုလို ဖြစ်လာတာမဟုတ်၊ အကြောင်းတိုက်ဆိုင်ပြီး ဖြစ်ရတာမျိုး။ AIDS ထဲက A ဆိုတဲ့ စကားလုံးကို ဆိုလိုတာ။ လုပ်လို့ ဖြစ်ရတဲ့ သဘောလဲ ပါတယ်။ တိုင်းပြည်တခု ချမ်းသာနေတာ၊ ထူးပြီး မွဲနေတာတွေကလဲ Acquired လိုပါဘဲ။ ကံတခုထဲကို ယိုးမယ်ဖွဲ့ မရပါ။ အလိုလိုဖြစ်လာတာလဲ မဟုတ်ပါ၊ လုပ်ယူလို့ ဖြစ်ရတာ၊ မဖြစ်ဖြစ်အောင် ကြိုးစားမှုပါဘဲ။

Dr. တင့်ဆွေ
၁၆-၁၁-ဝ၉
၇-၁-၂ဝ၁ဝ

No comments:

Post a Comment