Wednesday, January 6, 2010

Seven Years ၇ နှစ်သင်တန်း

ကျွန်တော်တို့ ဆေးကျောင်းတက်ရတာ ၇ နှစ်တိတိခေတ်က၊ ၁၉၆၅-၇၂။ နောက်တော့ ခြောက်နှစ်ခွဲ ဖြစ်သွားတယ်။ ပဌမ ၂ နှစ်က အင်တာ (အင်တာမိဒိရိတ်) လိုပါဘဲ။ ဆေးကျောင်းမှာဘဲ၊ (အင်တာ) ဘာသာရပ်တွေ သင်ရတာ။ အဲဒီခေတ်မှာ စနစ်သစ်ပညာရေးလို့ ခေါ်ကြတယ်။ အရင်က ဘီအေ၊ ဘီအက်စ်စီ၊ ဘွဲ့လောက်သာ များတယ်၊ အဲဒီ (ဘက်ခ်ျလာ) မပြီးရင် တောင်မှ ပဌမ ၂ နှစ် ပြီးတာနဲ့ အလုပ်ကောင်းကောင်း ရနိုင်တယ်။ ဆရာဝန်ဆိုတာလဲ အိန္ဒိယနေ ခေါ်သုံးခဲ့ရတာ။ သူများဆီက ခေါ်တာတောင် MBBS မဟုတ်တဲ့ LMP ဆိုတဲ့ ဆရာဝန်တွေ အများကြီး။ ဖဆပလ အစိုးရလက်ထက်မှာ တောနယ်တွေ ကျန်းမာရေး ခပ်မြန်မြန် တိုးတက်လာအောင် ဆရာဝန်တွေ သင်ပေးဘို့၊ အဲလို ငှားသုံးဘို့နဲ့တောင် မလုံလောက်လို့ HA ဆိုတာကို တီထွင်ပေးရတယ်။ အခု စနစ်သစ်အရ ၁ နှစ်ကို ဆရာဝန် ၅ဝဝ မွေးထုတ်ဘို့ စီမံကိန်း ဆွဲသူတွေက ချမှတ်တာနဲ့ ဆေး ၁ က ၂ဝဝ၊ ဆေး ၂ နဲ့ ဆေးမန်းက ၁ဝဝ စီ သတ်မှတ်လာတယ်။ စီမံကိန်းဆိုတာ ကောင်းရင်တော့ ကောင်းပါတယ်။ တော်တဲ့၊ တတ်တဲ့၊ စေတနာပါတဲ့ ပုဂ္ဂိုလ်ဖြစ်မှ တော်တယ်လို့ ပြောချင်တယ်။ အဲဒီခေတ်မှာ တော်တယ်ဆိုတာ ပါတီထဲ စောစောဝင်တဲ့သူနဲ့ စကား နားထောင်သူတွေကိုသာ သတ်မှတ်တယ်။

ကျွန်တော်တို့ စတက်ရတော့ အရင်တုံးက ၁ နှစ်စီ နှစ်တန်း၊ Second MB Junior and Senior လို့ခေါ်ခဲ့တာကို ပေါင်းလိုက်ပြီး၊ Second MB ဒုတိယနှစ် (ဆေး)ဆိုပြီး၊ ၁ နှစ်ခွဲတန်း လုပ်လိုက်တယ်။ တကယ့်ဆေးပညာ အခြေခံတွေ ခန္ဓာဗေဒ နဲ့ ဇီဝကမ္မဗေဒ သင်ကြရတယ်။ မန္တလေးဆေးကျောင်းမှာ ကျောင်းသား ၁ဝ ယောက်လောက် တအုပ်စုမှာ လူ့အလောင်း တခု ရတယ်။ ဟုတ်လား မဟုတ်လားတော့ မသိဘူး၊ “ရန်ကုန်ဆေးကျောင်းမှာဆို ဒို့ လောက် အလောင်းမပေါဘူး” ဆိုပြီး အလောင်း အများပြိုင်ကြသေးတယ်။ လူ့အရိုးစုလဲ ကျွန်တော်တို့ ခေတ်မှာ မရှားပါဘူး။ တယောက် တစုံ၊ တချို့က တယောက် တခြမ်း ဝယ်ပြီး၊ ကိုယ့်အခန်းထဲကို ချိတ်ထားကြတာဘဲ။ တစုံကိုမှ ၅ဝ ကျော်လောက် ပေးရတယ်။ အခု လူရိုးဆိုတာ ရှားသွားပြီဆိုဘဲ။

နောက်နှစ်က ၁ နှစ် ၁ တန်းစီနဲ့၊ နှစ်တန်းမှာ ရောဂါဗေဒ၊ ဆေးဝါးဗေဒ၊ အနုဇီဝဗေဒ နဲ့ လူမှုရေးဆေးပညာ၊ နောက်ပြီး မှုခင်းဆေးပညာတွေ။ ဆေးရုံလက်တွေ့ ဆိုတာလဲ စတယ်။ စာသင်ခန်းနဲ့ လက်တွေ့ခန်းက ကျောင်းထဲမှာရော၊ ဆေးရုံကြီးမှာပါ။ ကူးချီ-သန်းချီပေါ့။ ကျွန်တော့်အဖို့တော့ တတိယ အမ်ဘီတန်းရောက်တော့ နဲနဲ ပျင်းလာသလိုဘဲ။ စိတ်လေလာတာလဲ ပါတာပေါ့။ ၂ ဘာသာ ပြန်ဖြေလိုက်ရတယ်။ နှစ်ကျတာတော့ မဟုတ်ဘူး။ (ကွန်ပတ်) လို့ ခေါ်တယ်။ စာမေးပွဲကြီးအပြီး နောက်တလအကြာမှာ လိုတဲ့ဘာသာကိုပဲ ပြန်ဖြေခိုင်းတာပါ။ အမှန်က အဲဒီ ဘာသာတွေဟာ အလွယ်စာရင်းထဲမှာ ပါတာတွေ။ သင်ခန်းစာရသွားလို့ ခက်ပေဆိုတဲ့ နောက်ဆုံးနှစ်တွေမှာ ရှောရှောရှူရှူ ဖြစ်သွားခဲ့တယ်။ သင်ခန်းစာဆိုတာ ယူတတ်ရတယ်လို့ အန္တဂိုဏ်းဝင် မိဘ၊ ဆရာတွေက သင်ပေးထားတာကိုး။

မိဘတွေကိုပါ အသိပေးချင်ပါတယ်။ ကျောင်းသားဘဝဆိုတာ နှစ်ကြာရင် အချိုးအကွေ့ တခုမှာ ပြောင်းတတ်တယ်။ ဆေးပညာဆိုတာက ၁၇ နှစ် မာရသွန်နဲ့ တူတယ်။ သူငယ်ချင်းတချို့ ၁ဝ တန်းတုံးက (ဒီ) ရခဲ့တဲ့ ဘာသာရပ်ကို ဆေးကျောင်း ပဌမနှစ်တွေမှာ ပြန်ဖြေရတယ်။ ကျွန်တော်ထက် စောပြီး စိတ်လေသွားတာနေမှာပေါ့။ အရွယ်ကလဲ ၁၆ နှစ် ကျော်စ၊ အပြောင်းအလဲတွေကလဲ ကြီးတာကိုး။ ပတ်ဝန်းကျင်သစ်မှာ အထာမကျဖြစ်တာတို့၊ စိတ်လှုတ်ရှားမှု များသွားတာတို့ ရှိတတ်တယ်။ တိုက်ဆိုင်တာက ဒီအရွယ်တွေကလဲ အဖေါ်ရှာတဲ့အရွယ် ဖြစ်နေပြန်လို့ Heart အကြောင်း သင်ရင် သင်ခန်းစာမှာ မပါတဲ့ နှလုံးသားကိစ္စကို စိတ်ဝင်တစား လေ့လာပြီးသကာလ၊ လက်တွေ့ပါ ဆင်းကြတယ်လေ။ အံကျပန်ကျ ဖြစ်တာက များပေမဲ့၊ မဖြစ်တာတွေလဲ ကြုံကြရတယ်။ ဆေးကျောင်းတုံးက တွဲခဲ့တဲ့ အတွဲတိုင်း နောင်မှာ လက်ဆက်ဖြစ်ချင်မှ ဖြစ်တတ်တယ်။

တချို့ဆို ကျောင်းမပြီး၊ ဆရာဝန် မဖြစ်လိုက်ရတော့ဘူး။ ခါးတဝက် ပြတ်သွားတာ ကျွန်တော်တို့ (ဘက်ခ်ျ) မှာ သူငယ်ချင်း ၂ ယောက်ရှိတယ်။ မန္တလေးသားတွေ။ စိတ်မကောင်းဖြစ်ခဲ့ရတယ်။ အဲဒီတုံးကပါ။ နောက် ပြန်စဉ်းစားမိတော့ ဘာထူးမလဲ ဆရာဝန်ဖြစ်တဲ့လူနဲ့ မဖြစ်တဲ့လူဆိုတာလေး ကွဲလွဲတာအပြင် မထူးပါဘူး။ ဆရာဝန် ဖြစ်ချင်တဲ့ဘက်ကနေ ကြည့်ရင်တော့ အနုတ်သဘော။ ဘက်မလိုက်ဘဲ ကြည့်တတ်ရင် ဘာမှ ထူးတာမဟုတ်။

အလုပ်ရလို့ တာဝန်ကျဒေသတခုမှာ ဆရာတော်တပါးက အမေးနဲ့ တရားပြဘူးတယ်။ "ဒကာကြီး စစ်ကိုင်း တံတားဟာ အသွားလမ်းလား၊ အပြန်လမ်းလား" တဲ့။ အဲဒါကို သဘောပေါက်ဘို့ ဆေးကျောင်းသားဘဝဆိုတာ ငယ်သေးတယ်။ အမှန်ကတော့ နုသေးတာပါ။ အသိဆိုတာ အသက်နဲ့ အမြဲတန်း အချိုးကျတာတော့ မဟုတ်ဘူး။ “တံတား”ကို “တံတား” ဘဲလို့ တည့်တည့် မြင်မကြည့်တတ်သေးဘဲ၊ ငါ မန္တလေးကနေသွားရင် တမျိုး၊ စစ်ကိုင်းကဆိုရင် တမျိုး၊ ဘာဖြေရမလဲ စဉ်းစား၊ ချွေးပြန်ခဲ့ဘူးတဲ့ အရွယ်ပေါ့။ သိပ္ပံမှာ “ရီလေးတစ်ဗတီ-သီအိုရီ” ကို သင်ဘူးခဲ့ပေမဲ့ စာရေးဆရာတဦးကနေ ရသပါအောင် ရေးတာ ဖတ်ရမှ ပိုသဘောပေါက်ခဲ့တယ်။ “သမုတိသစ္စာ” လို့ တရားဟောတာထက် “နိုင်းရအမှန်” ဆိုတာ ပိုနားလည်တယ်။

နောက်ဆုံး ၁နှစ်ခွဲကတော့ တကယ့်နောက်ဆုံး။ နောက်ဆုံးနှစ် အပိုင်း ခ လို့ ခေါ်တယ်။ တနှစ်ခွဲတန်း။ ဆေးပညာ ဘာသာကြီး ၄ ရပ်ကို ဆေးရုံကြီးမှာပဲ သင်ရတော့တယ်။ ညဘက် သွားရတာမျိုးလဲ ရှိလာတယ်။ ဆေးကျောင်းသာ လာတက်ရပြီး၊ စိတ်မပါဘူး ဆိုသူတွေလဲရှိတယ်။ မိဘတွေကြောင့် လာတက်ရတာလို့ ဆိုကြတယ်။ ဘွဲ့ရပြီးရင်လဲ ဆရာဝန် မလုပ်ဘူး ဆိုသူလဲရှိတယ်။ ကျောင်းပြောင်း၊ လိုင်းပြောင်း သွားတာလဲ နဲနဲပါးပါး ရှိတယ်။ ကျောင်းသား ဟောင်းကြီးတွေဆိုတာ ရှိသေးတယ်။ မအောင်နိုင်လို့ ပြန်ပြန် ဖြေနေရတယ်။ နောက်ဆုံးနှစ်ဆိုရင် အရင်က ဘယ်လောက် ကြာကြာရတယ်။ နောက်တော့ ၃ ခါဘဲ ပြန်ဖြေခွင့် ပေးတယ်။ ညီတော်မောင် တယောက်ဆို Part II မှာ ဘယ်နှစ်နှစ် ကြာသွားလဲတောင် မသိတော့ဘူး။

ပညာရေးညံ့လို့ကြောင့် မဟုတ်ဘဲ ဆရာဝန် မဖြစ်လိုက်ရသူတွေလဲ ရှိတယ်။ ခေတ်က အာဏာသိမ်း အစိုးရခေတ်မို့ ဘယ့်လောက် စာထုပ်စာပိုး ပိနေပေမဲ့ နိုင်ငံရေးဆိုတာ သက်ရောက်မှု ရှိတာဘဲ။ နိုင်ငံရေးကြောင့် ကျောင်းထုတ် ခံရတာတွေ နှမြောဘို့ ကောင်းလိုက်တာ။ သူများနိုင်ငံတွေမှာ မရှိတာမျိုး။ ထောင်ထဲက လွတ်လာပြီး၊ အသနားခံတာတွေ၊ ဘာတွေ လုပ်တာတောင် (ဇူး)၊ (ဘော့တနီ) (မေဂျာ) လိုင်းကိုဘဲ သင်စေတယ်။ “အစိုးရကို ဆန့်ကျင်သူများ၊ ပညာနည်းလေ ကောင်းလေ” လို့ဆိုတဲ့ အယူအဆ အဲဒီကတည်းက စတာပေါ့။ (ယုတ္တိဗေဒ) အဆိုအရ “အစိုးရ မြဲချင်ရင်၊ လူတွေ ပညာမတတ်အောင် လုပ်ပါလေ။”

ကျွန်တော်က သိပ်နိုင်ငံရေးဆန်ခဲ့တဲ့လူ မဟုတ်ဘူး။ မိသားစုမှာရော အသိုင်းအဝိုင်းမှာပါ ခပ်ကင်းကင်းတွေ ဆိုပါတော့။ ဒါတောင် Second MB တန်းရောက်တော့ တရုပ်အရေးအခင်းနဲ့ ကြုံတဲ့အခါ ပါခဲ့သေးတယ်။ အစိုးရ ဆန့်ကျင်ရေး မဟုတ်လိုက်လို့ ဘာမှ အရေးယူ မခံရဘူး။ မန္တလေး နန်းတွင်းက ထောင်ထဲမှာ နေ့ခင်း ခေါ်ထားပြီး။ ပဲဟင်းတနပ်၊ အမဲဟင်းတနပ်ကို ယင်ကောင်တွေနဲ့ နပမ်းလုံးရင်းစား၊ ညရောက်တော့ မန္တလေးတောင်နားက စစ်တပ်တခုထဲ သွားအိပ်ကြရတယ်။ ခြင်ထောင်နဲ့ ဘာနဲ့ပေါ့။ နောက်နေ့ညနေ အဆောင်မှူးလက်ထဲ ပြန်အပ်တယ်။ အဲဒီတုံးက ဆေးမန်းမှာ ယောက်ျားလေးအတွက် ၁ ဆောင်နဲ့ မိန်းကလေးတွက် ၁ ဆောင်သာရှိတယ်။ ကျားဆောင်ကို “အောင်ဆန်းဆောင်”လို့ ခေါ်တယ်။ နောက်တော့ ဘာခေါ်လဲ မသိပါ။ နာမယ်အပြောင်းက ဝါသနာကြီးတာကိုး။ ဗိုလ်နာမယ်တင် မကဘူး။ ဗမာစစ်စစ်၊ မြန်မာပီပီကိုပါ ပြောင်းနေတယ်။

သင်ခန်းစာတချို့ ရလိုက်ပါတယ်။ ဆေးကျောင်းသားတွေနဲ့ ဝ-သ လို့ ခေါ်ခဲ့တဲ့ ဝိဇ္ဇာနဲ့ သိပ္ပံ ကျောင်းသားတွေ မျက်နှာချင်းဆိုင် ချီတက်လာကြတာ၊ အေလမ်း ဟိုဘက်-ဒီဘက်၊ ကြားမှာ လုံခြုံရေးတွေက တားတာခံကြရတယ်။ အဟောအပြော ကောင်းလှတဲ့ ဗိုလ်မှူးတယောက်က ပြေရာပြေကြောင်း တရားဟောတာ နာရတယ်။ ဒါလဲ မပြန်ကြလို့  မနက်မလင်း တလင်း အချုပ်ကားတွေ ရောက်လာတဲ့အခါ မတက်ကြဘူး။ လိုက်လျောပြီး၊ တီအီး ၁၁ စစ်ကားတွေ ရောက်လာတယ်။ ထောင်ချီတဲ့ ကျောင်းသား အုပ်ကြီးထဲက ရာဂဏန်းဘဲ ပါလာတော့တယ်။ ဆေးကျောင်းက ၆ ယောက် ပါတယ်။ နောက် အနှစ် ၂ဝ ကျော်မှာ လူထုကနေ ဆရာဝန် ၅ဝ တိတိကို သူတို့ကိုယ်စားလှယ်အဖြစ် ရွေးခဲ့ကြရတယ်။

Dr. တင့်ဆွေ
၁၃-၁၁-ဝ၉
၆-၁-၂ဝ၁ဝ နေ့က ပြင်ရေးသည်။

No comments:

Post a Comment