Monday, January 11, 2010

Q and A on Infertility ကလေးမရခြင်းအား အမေး နှင့် အဖြေ

Q: ကျွန်မတို့ ဇနီးမောင်နှံက ခွဲနေရတာများပါတယ်။ OG တွေနဲ့ပြကြည့်တော့လည်း ကလေးမရနိုင်တဲ့အကြောင်း မတွေ့ပါဘူးဆရာ။ အသက်ကလည်း ၃၅ ကျော်နေပြီမို့ သားသမီး အလွန်ရချင်ပါတယ်။ ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ ဟုတ်ပါသလားဆရာ။ ဘယ်လိုတွက်ချက် ပြီးနေရင် ရနိုင်ပါသလဲ။ သမီးမျိုးဥ ကြွေဆေးလည်း တစ်ခါ နှစ်ခါစားဖူးပါတယ်။ ဆရာဝန်ညွှန်ကြားချက် အရပါ။ မထူးခြားခဲ့ပါဘူး။ စိတ်သောက အကြီးအကျယ် ရောက်နေရလို့ အကြံကောင်းရှိရင် ညွှန်ကြားပေးပါရှင်။ သားသမီး ရနိုင်တဲ့ ရက်များမှာ သမီးတို့ အတူနေနိုင်အောင် ကြိုးစားကြည့်ချင်လို့ပါဆရာ။

စိတ်အားမပျက်ဘို့တော့ အားပေးပါတယ်။ ပွင့်ပွင့်လင်းလင်းတော့ ရေးပါရစေ။ လွယ်တဲ့ကိစ္စတော့ မဟုတ်ပါ။ ကြိုးစားပါ။

“ရာသီစက်ဝိုင်းအလည် လောက်ရောက်ချိန်တွေမှာ အတူနေရင် သားသမီးရနိုင်တယ်လို့ ဆိုကြတာ” မှန်ပါတယ်။ လစဉ် ရာသီလာတာ တခါနဲ့တခါ စုစုပေါင်း ၂၈ ရက်၊ ၃ဝ ရက်၊ စသဖြင့် ကွာခြားပါတယ်။ အဲဒါကို တလလို့ယူပါ။ အလယ်ရက်ဟာ မ-မျိုးဥထွက်တဲ့ရက် ဖြစ်ပါတယ်။ ဆိုပါစို့ ၂၈ ရက်သမားအတွက် အရင်လ ရာသီစဆင်းတဲ့နေ့ရဲ့နောက် ၁၄ ရက်ဖြစ်မယ်။ ၃ဝ ရက်သမားအတွက်က နောက် ၁၅ ရက်မှာဖြစ်တယ်။ ဆိုလိုတာက တခါဆင်းတာနဲ့ နောက်ဆင်းတာ ၂ ခုရဲ့ အလယ် တည့်တည့်ရက် ဖြစ်ပါတယ်။ ရက်တွက်ရင် ရာသီ စဆင်းတဲ့ရက်ကို ၁ လို့ မှတ်ပါ။ စဆင်းရက်ဆိုတာက မမှားနိုင်ဘူး။ ပြီးသွားတဲ့ရက် ဆိုတာက မသေခြာဘူး မဟုတ်လား။

အဲဒီနေ့မှာ မ-မျိုးဥထွက်တယ်ဆိုရင် အမျိုးသမီးရဲ့ကိုယ်အပူချိန်ဟာ နဲနဲလေး တက်လာပါတယ်။ ကရိကထ ခံနိုင်ရင် တလလုံး မနက် အိပ်ရာထမှာ Body temperature ကိုယ်အပူချိန် တိုင်းပြီး မှတ်ရတယ်။ မ-မျိုးဥ ထွက်တဲ့နေ့မှာ နဲနဲတက်လာတာကို သိရမယ်။

အလယ်တည့်တည့်ရက် ၁ ရက်ထဲသာ မဟုတ်ပါ။ မတိုင်ခင် ၂-၃ ရက်၊ နောက် ၂-၃ ရက်တွေကလည်း ကိုယ်ဝန်ရှိနိုင်တဲ့ ရက်တွေချည်း ဖြစ်ပါတယ်။

ကိုယ်ဝန်တားနည်းတွေ တခုမှ မလုပ်ပါနဲ့။ အတူနေပြီးပြီးချင်း၊ ရေမဆေးပါနဲ့။ ဇနီးက ပက်လက်အနေအထားကိုသာ ၅-၁ဝ မိနစ် နေပါ။ လိုအပ်ရင် အဲဒီအချိန်လေးမှာ အောက်ပိုင်းကို နဲနဲမြှင့်ထားရင် ပိုကောင်းပါတယ်။ အထဲဝင်ရမှာတွေ ထွက်မကျစေဘို့ပါ။

အခုဟာက သဘာဝနည်းတွေသာ ဖြစ်ပါတယ်။ ဆေးကူရမှာတွေကိုတော့ စာနဲ့ရေးထားပြီ ဖြစ်ပါတယ်။ အသစ်တခု အကြံပြုပါတယ်။

နှစ်ဦးစလုံး စိတ်ထဲမှာလဲ ကြည်ကြည်လင်လင်နဲ့ ဆုတောင်းသလို Concentration ထားပါ။ စိတ်ရဲ့တန်ခိုးဟာ ဆေးတန်ခိုးထက် အဆများစွာ သာလွန်ပါတယ်။ Autosuggestion ဆိုတဲ့ မသိစိတ်မှာကိုက လိုလိုလားလား၊ စူးစူး စိုက်စိုက်၊ ထပ်ခါတလည်း၊ အဆင့် တခုတိုင်း၊ တခုပြီးတခု၊ စဉ်တိုက်၊ ဆက်တိုက်၊ အလေးအနက် အမိန့်ပေးတဲ့ စိတ်ရဲ့စွမ်းအာကို အသုံးချကြည့်ပါ။ တကယ်ဘဲလို့ မြင်-သိနေပါ။ ဖြစ်အောင် လုပ်ပေးနေပါ။ သန္နိဋ္ဌာန် ခိုင်ခိုင်မာမာနဲ့ အမိန့်ပေးနေပါ။

ကိုယ်စား တွေးပေးမယ်။ ဆိုပါတော့ -
ဆက်ဆံပြီးချိန်လေးမှာ
• Sperm ကျားသုတ်ပိုးတွေဟာ အခု Vagina မွေးလမ်းထဲက၊ ဟို အတွင်းဆုံးနေရာမှာရှိတဲ့ Cx သားအိမ်အဝမှာ ရောက်နေကြပြီး၊ သားအိမ်အဝ အထဲကို မြန်မြန် ဆန်ဆန် ဝင်ချင်နေကြပြီ၊
• သန်မာလှတဲ့ သုတ်ပိုးတွေက သန်းနဲ့ချီရှိတာ၊ အလုအယက်၊ အမြန်အဆန်၊ သားအိမ်အဝထဲကို ဝင်လာကြပြီ။
• သားအိမ်အဝကလဲ နွေးနွေးထွေးထွေး၊ လက်ကမ်းကြိုနေတယ်။ သားအိမ်အဝက ကျိချွဲချွဲအရည်လေးတွေကလဲ ကူညီနေကြတယ်။ အဆင်ပြေလိုက်တာ။ အနွေးဓါတ်ကလဲ သူတို့ အကြိုက်ဘဲ။ လမ်းကလဲ ဖြောင့်လို့၊ တန်းလို့။
• Ovary မျိုးဥအိမ်က ထွက်လာတဲ့ ကျန်းမာလှတဲ့ Ovum မ-မျိုးဥကလဲ ဝင်လာနေကြတဲ့ ကျားပိုးတွေနဲ့ တွေ့ရ၊ ဆုံရ၊ ပေါင်းစပ် ချင်လှပြီ။ မျှော်နေတာ ကြာပြီလေ။
• မျိုးဥလေးက Tube သားအိမ်ပြွန်ကနေ အထဲဝင်လာနေပြီ။ ဘာအခက်အခဲမှလဲ မရှိဘူး။ အဆင်ပြေလိုက်တာ။
• အထဲကိုရောက်ပြီ၊ လိုက်ရှာနေပြီ။ အလုအယက် ဝင်လာနေကြတဲ့ အင်မတန် တပ်မက်စရာ ကောင်းလှတဲ့ ကျားသုတ်ပိုးတွေဆီကို မ-မျိုးဥက အကြော့သား ဆင်းလာနေပြီ၊
• ကျားသုတ်ပိုးကလဲ အကင်းပါးလိုက်တာ မပြောပါနဲ့တော့၊ ဘယ်မှာရှိမယ်ဆိုတာ အတတ်သိ။
• ဟော သူတို့တတွေ ဖူးဇာဆုံ၊ ရေစက်ပါတာမို့ တွေ့ကြ၊ ပေါင်းကြပြီ။ အရင်ဘဝတွေမှာ အတူတူ ကုသိုလ် ပြုခဲ့သူတွေ ဖြစ်နေတာကိုး။
• ပျော်စရာ၊ နှစ်သက်စရာ၊ စွဲမက်စရာ အင်မတန် ကောင်းလှပါလား။ တမျိုးနဲ့တမျိုး သံလိုက်ဓါတ် အဖိုနဲ့အမလို ကပ်သွား လိုက်ကြတာ။ ဘယ်လိုမှ ခွါထုတ်လို့ မရတော့ဘူး။ Bravo!
• သန်းနဲ့ချီတဲ့ ကျားသုတ်ကောင် သန်သန်မာမာတွေက သူ့ထက်ငါ အစွမ်းပြနေကြတယ်။ သူတို့ထဲက အကောင်းဆုံး၊ အတော်ဆုံး၊ အချောဆုံး၊ အလှဆုံး၊ ကံအကောင်းဆုံးတခုက အနိုင်သွားပြီး။ မမျိုးဥကနေ သူ့ကို ဆန်ခါတင် ရွေးလိုက်ပြီဘဲ။ Congratulations!
• ဟော သူတို့က ပေါင်းသွားလိုက်ကြတာ နှစ်ကိုယ့်တစိတ်။ တခုထဲ လုံးလုံးဖြစ်သွားပြီ။
• Uterus သားအိမ်ထဲက အခြေအနေတွေကလဲ အလွန်ကို အဆင်ပြေလိုက်တာ။ လိုလေသေးမရှိ အကုန် အဆင်ချောအောင် လုပ်ပေးနေတယ်။
• မှန်ဘီလူးနဲ့ ကြည့်လိုက်ရင် ဆဲလ် တွေ ၁ ခုက ၂ ခု၊ ၂ ခုကနေ ၄ ခု၊ ၈ ခု၊ ၁၆ ခု ပွါးများလာလိုက်ကြတာ။ မြန်လဲမြန်၊ မှန်လဲမှန်။ အသက်ရှိတယ်ဆိုတာ ဒါမျိုးပြောတာ။
• ငါ့ သွေး၊ သူ့သွေး စစ်လို့။ ငါ့မျိုးဆက်၊ သူမျိုးဆက် ပေါင်းဖက်ကြပြီ။ ဒို့မျိုးဆက် ဖြစ်လာနေပြီ။
• ငါ့ သားအိမ်ထဲက အကောင်းဆုံး နေရာလေးကို လိုက်ရှိနေပြီ။ တွေ့ပြီ၊ တွေ့ပြီ။ ဒီနေရောလေး။ မြုပ်ဝင်သွားပြီ။ ရေခံမြေခံ ကောင်းလှတယ်ဆိုတာ ဒါဘဲ။
• မျိုးလဲမှန်၊ မိုးလဲသန်။ သားအိမ်ကနေ လိုတာတွေ အကုန်အစင် လိုလေသေးမရှိ ဖြည့်ဆီးပေးနေတယ်။ ဆဲလ်လေးတွေ ဆက်ဆက် ပွါးများလာကြတယ်။
• ဟော ဒို့လိုချင်နေကြတဲ့ သန္ဓေသား၊ အမိစစ်-အဖစစ်ရဲ့ မျှော်နေရတဲ့ သန္ဓေသား၊
• ၅၂၈ အသစ်တခု လူ့လောကထဲမှာ လာနေပါပေါ့လား။ Welcome to the beautiful World!

DTS
၁၁-၁-၂၀၁၀

No comments:

Post a Comment