Monday, January 4, 2010

Jungle Doctor တောသားဆရာဝန်

(ဟောက်ဆာဂျင်) ဘဝမှာ မေမြို့စစ်ဆေးရုံကနေ (ထရန်စဖါ) ကျလို့ မန္တလေးဆေးရုံကြီးကို ပြောင်းရတယ်။ အဲဒီခေတ်က ဟိုမှာ ဆက်နေရရင် ၃ နှစ် ဆရာဝန်-စစ်ဗိုလ် မလုပ်ချင်၊ လုပ်ချင် လုပ်ရနိုင်တယ်။ ကျွန်တော် မလုပ်ချင်ခဲ့ပါ။ အရွယ် မတူရင် အကြိုက် ပြောင်းတတ်ပါတယ်။ (အထက) ကျောင်းသားဘဝမှာ တုံးကတော့ စစ်ဗိုလ်ဖြစ်ဘို့ သွားဖြေရတာက DSA 11 ဖြစ်တယ်။ အတူဖြေသူတွေထဲက ရပ်ဆွေရပ်မျိုး နှစ်ယောက် အောင်ပြီး ပါသွားတယ်။ နောင်တော့ တယောက်က (ဗခ) ဝန်ကြီး တဦးဖြစ်လာတယ်။ သူကအတော့်ကို စစ်ထဲ ဝင်ချင်တဲ့လူ။ အရင်နှစ်ကလည်း သူသွားဖြေသေးတာ ကိုယ် အလေးချိန် မပြည့်လို့တဲ့ မပါဘူး၊ ဒီနှစ်တော့ အလေးချိန် ပြည့်တဲ့နည်း တွေ့သွားလေရဲ့။ သူက ကျွန်တော့် အမေရဲ့ရွာနဲ့ ရေကန်တခုဘဲ ခြားတဲ့ရွာကပါ။ ကျွန်တော်က အမေ့ရွာနဲ့ ခြောက်မိုင်၊ သုံးတိုင်ဝေးတဲ့ မင်းရွာ သား။

မင်းရွာက ရွာသေးသေးလေးပါ။ အဲဒီတုံးက အိမ်ခြေ ၈ဝ လောက်ပဲရှိမယ်။ ယမား လို့ခေါ်တဲ့ မိုးရာသီ မိုးသည်းမှ ရေရှိတဲ့ သဲချောင်း ကမ်းမှာရှိတယ်။ ချောင်းဘေးမှာ မြေနိမ့်လို့ သုံးတောင်၊ ငါးပေ လောက်တူးရင် ရေထွက်ပြီ။ ရေကလဲ ကောင်းလိုက်တာမှ၊ အေးလို့၊ ချိုလို့။ ခြံရှေ့မှာ တတွင်း၊ သစ်ပင်ရေလောင်းဘို့ ခြံနောက်မှာ တတွင်း၊ နှစ်တွင်းစီတော့ အိမ်တိုင်းမှာ ရှိကြတာချည်းဘဲ။

အဲလို ရေကောင်း၊ ရေပေါလွန်းလှတဲ့ တောသားတယောက် နောင် နှစ်အစိတ်လောက် ကြာတော့ “ငါန်းဇွန်သား လမ်းဆိုးမတွေ့၊ မြို့သာသား ရေဆိုးမတွေ့” ဆိုတဲ့အရပ်မှာ ၆ နှစ် တာဝန် ကျရတယ်။ မြို့သာဆိုတာ ရေ အင်မတန် မကောင်းတာကလား။ သွပ်မိုးကကျတဲ့ မိုးရေကို နှစ်ပါတ်လည် အသုံးခံအောင် လူတရပ်-တဖေါင်နက်တဲ့ ကွန်ကရစ်ကန်နဲ့ စုဆောင်း သိုလှောင်ပြီး သုံးရတာ။ ခေါင်းလျှော်ချင်ရင် မိုးရေလေး တပုံးဆွဲသွားမှ ဖြစ်တာ။ ဘာပဲဖြစ်ဖြစ် မြို့သာကို ကျွန်တော် အတော်ချစ်ပါတယ်။ မြို့သာအကြောင်း မမေ့စရာတွေ တပုံကြီး၊ ကျွန်တော့ကို တောဆရာဝန် “ဂျန်ဂယ်လ်-ဒေါက်တာ” ဖြစ်စေခဲ့တာ မြို့သာ။

မင်းရွာက ပုလဲမြို့နယ်တောင်ဘက် အစွန်ဆုံးရွာ။ တောင်ဘက်က ကျောက်တောင်ရွာကတော့ မြိုင်နယ်ထဲ ရောက်သွားပြီ။ တိုင်းကလဲ မကွေးတိုင်း ဖြစ်သွားရော။ ပုလဲက စစ်ကိုင်းတိုင်း။ အဲလို မြို့နယ်ရော၊ တိုင်းရော ခြားနေတဲ့ နေရာမှာ မွေးခဲ့ရတဲ့ ကျေးဇူးကို နောင်အနှစ် ၄ဝ-၅ဝ ကျမှ သိလာရတာရှိတယ်။ နိုင်ငံရေးသမား ဝရမ်းပြေး ပုန်းရတုံးကပါ။ နယ်ကျော်ပြီး ဟိုကူး၊ ဒီပြောင်းလုပ်နေရင် ပုလိပ် မျက်စိလည်တယ် မဟုတ်လား။ ရဲတပ်ဖွဲ့တွေ မြို့နယ်အမိန့်၊ တိုင်းအမိန့် တောင်းရ၊ တင်ရတော့ သူတို့ခမျာ အလုပ်များတာပေါ့။ ပြေးရ ပုန်းရတဲ့လူအဖို့တော့ နဲနဲချောင်တယ်။ ပုန်းရ-ပြေးရတာ ၁၉၉ဝ နိုဝင်ဘာမှာပါ။ မေလ မကုန်ခင်လေးက ရွေးကောက်ပွဲ နိုင်ခဲ့တာဟာ ဝရမ်းပြေးဖြစ်ဘို့ ဖန်လာတာဘဲ။ နောင် ၁ဝ နှစ်ကြာတော့ (အိုင်ပီယူ) ခေါ်တဲ့ နိုင်ငံတကာ လွှတ်တော်အမတ်များသမဂ္ဂ အစည်းအဝေး၊ ဂျော်ဒန်နိုင်ငံ အာမန် မြို့တော်ကို သွားပြီး၊ ဗမာပြည်က အမတ်တွေ လူ့အခွင့်အရေး ချိုးဖေါက်ခံရတာတွေကို အစစ်ခံထွက်ဆိုရတုံးက “ရွေးကောက်ခံရခြင်းသည် ရာဇဝတ်မှု မဖြစ်သင့်” "Being elected should not be a Crime" ဆိုတဲ့ ခေါင်းစည်းစာတမ်း ရိုက်သွားပြီး၊ ဝရမ်းပြေး အမတ်ကနေ (လော်ဘီ) လုပ်ခဲ့ရတယ်။

အမေ့ရွာ “မင်းတိုင်ပင်” ဆိုတာ ကင်းဝန်မင်းကြီးရဲ့ရွာပါ။ အရင်က “မုံတိုင်ပင်” လို့ ရာဇဝင်-သမိုင်း စာအုပ်ဟောင်းတွေမှာ ရေးတယ်။ အမေက ဦးကောင်းရဲ့ မြေးတော်လို့ ငယ်ငယ်က နဲနဲကြွားဘူးခဲ့တယ်။ အသက်ငယ်လေ ကြွားချင်လေးပါ။ ၉ တန်း ၁ဝ တန်းမှာ ကင်းဝန်နွယ် ဘာ-ညာ ဆိုပြီး၊ ၄-၃-၂ ကဗျာလေးတွေ ရေးတယ်။ ကိုယ်တိုင် ပန်းချီဆွဲပြီး၊ မြန်မာစာဆရာ ဘုတလင်ချစ်လေးက ကြီးကြပ်ပေးတဲ့ “ပုလဲသွယ်” နံရံကပ် စာစောင် တုတ်ခဲ့ဘူးတယ်။ ပုလဲသွယ်ကို ပြန်အမှတ်ရလို့ (ဘလော့ခ်) ခေတ် ရောက်တော့ ဒီနာမယ် ပြန်ယူလိုက်တယ်။

နောင် နှစ် ၄ဝ ကျော်တော့ ကယား-ကယန်းလူမျိုး တော်လှန်ရေး၊ နိုင်ငံရေး မိတ်ဆွေတွေက အသိအမှတ် ပြုတာကိုတော့ ကျေနပ်တာ အမှန်ပါ။ ကယားပြည်ကို သီးခြားပြည်တခုအဖြစ် သီပေါမင်း ကိုယ်စား လက်မှတ်ထိုး ထုတ်ပြန်ခဲ့တာ ကင်းဝန်မင်းကြီးလို့ သူတို့က သူများတွေထက် ပိုသိကြတယ်။ ကင်းဝန်မင်းကြီးကို အဲလို အမြင်ရှိတာရော၊ “ဦးကောင်း-လိမ်ထုတ်” ဆိုတာရော၊ နှစ်ခုလုံးကို အမွေခံရ မှာပါဘဲ။ သူ့မွေးနေ့ နှစ် ၁၅ဝ တုံးက ဦးလေးတယောက်ရဲ့ အစီအစဉ်နဲ့ ပွဲတခုလုပ်ခဲ့ဘူးတယ်။ အဲဒီတုံးက ဆေးကျောင်းသားပဲ ရှိသေးတာ။

ဆရာဝန်ဖြစ်တော့ မြို့သာတိုက်နယ်ဆေးရုံမှာ ကိုယ်တယောက်တည်း။ လာလိုက်တဲ့ ရောဂါဘယ တွေကတော့ ပေါင်းစုံ။ ဆေးရုံဆိုတာက လေးပင်ပတ်လည် အိမ်လေးတလုံးနဲ့ အတွင်းလူနာတွေအတွက် (ဘာရက်) ခေါ်နိုင်တဲ့ တဲရှည်ကြီး တခု။ မနက်ပိုင်း (အိုပီဒီ) ကြည့်ပြီးတာနဲ့၊ တံခါးပိတ်ပြီး၊ (အိုတီ) ခွဲစိတ်ခန်းလုပ်ရတယ်။ အလုံးအကြိတ်တွေက စတယ်။ လက်ယဉ် လာတော့ မုတ္တ၊ ဒိနောက် အူကျ။ အစီအစဉ်ကျကျပေါ့။ အရေးပေါ်တွေ ရှိလာတော့ အစာအိမ်ပေါက်၊ အူအတက်ရောင်၊ LSCS ခွဲမွေးလူနာ။ အစုံပါဘဲ။

ဒေသခံလူတွေကလည်း အတော်ကြီး ချစ်ကြ၊ ခင်ကြ၊ အားကိုးကြတယ်။ တခြားကိုလဲ အားကိုးစရာမှ မရှိတာ။ အဲဒီတုံးက နဲနဲကြမ်းတဲ့ ခေတ်မို့၊ ရာဇဝတ်မှုကလဲ ပေါသလား မမေးနဲ့။ တနှစ်ကဆို နှစ်ဆန်းရက်ကြီး၊ လူသေ (အသတ်ခံရလို့ သေသူ) ၃ လောင်း ရောက်လာတာ။ တနှစ်လုံး ဆက်တိုက် ဆိုပါတော့။ တရားရုံး အစစ်ခံဘို့ လမ်းဆိုးမတွေ့ဆိုတဲ့ ငါန်းဇွန်ကို သွားတာ ထွန်းစက် ဘီးဖုံးပေါ် ထိုင်လိုက်ရတယ်။ ၁၆ မိုင်ခရီးတလျောက် ဇကောထဲမှာ ဆီးဖြူသီးတွေလို အလှိမ့်ခံထားရတဲ့ (ထွေလာ) ပေါ် စီးသူများကတော့ ရောက်ရင် မြောက်ဖြူတွေ ဖြစ်ကြရော။ တခါတလေ ငါန်းဇွန်မှာ ဆရာဝန် မရှိရင် မြို့နယ်ရော တိုက်နယ်ရော ကိုယ်တယောက်ထဲ။ လူ ၁ သိန်းကျော်တို့ရဲ့ အသက်တွေ ကိုယ့်လက်ထဲမှာ ရှိတယ် ဆိုရမလား။ Postmortem လုပ်ဘို့ လိုရင် မသွားမဖြစ်ဘူး။ ထွန်စက် မကြုံရင် ကိုယ်ပိုင် (ဂျစ်) ကားလေး၊ ပြင်ရင်း၊ မောင်းရင်း သွားရတယ်။ TA ခရီးစရိတ် ထုတ်ယူရကောင်းမှန်း တောဆရာဝန် မသိခဲ့ရှာဘူး။

ပုလိပ်နဲ့ ကာလဝမ်းတွေကလည်း ကပ်ရောဂါလို ဖြစ်တတ်သေးတာ။ ပုလိပ်ဖြစ်ရင် တအိမ်ထောင်၊ ကြွက် ၅ ကောင်။ မြွေကလည်း ပေါသလားမမေးနဲ့၊ ရိတ်ချိန်၊ သိမ်းချိန်ဆိုရင် မြွေပွေးကိုက်လူနာ တယောက်ပြီး နောက်တယောက်။ ဆေးက လောက်တာ မဟုတ်ဘူး။ ဆရာဝန်ပါး ဝလာတော့ မန္တလေး၊ မင်္ဂလာလမ်း ဆေးဂိုဒေါင်က ဝန်ထမ်းတွေနဲ့ အဆင်ပြေအောင် ပေါင်းတတ်လာတယ်။

၁၆ ကုတင်ဆန့်ဆေးရုံမှာ လူနာ ၆ဝ လောက်ရှိလာတော့ ဆေးရုံအသစ်ဆောက်ဘို့ ရွာလူကြီးတွေ၊ နယ်လူကြီးတွေနဲ့ တိုင်ပင်တယ်။ အဲဒီခေတ်က (မဆလ)ခေတ်။ လူကြီးဆိုတာ ပါတီ၊ ကောင်စီကလူတွေ မဟုတ်တဲ့ စေတနာကြီးသူတွေပါ။ ထွန်စက်တတန်၊ လှည်းတတန်နဲ့ ရပ်တကာ၊ နယ်တကာလှည့် လိုက်အလှူခံရတယ်။ မာဒင်္ဂထုံး နှလုံးမူရတာပေါ့။ ဆေးကျောင်းက သင်ပေးလိုက်တဲ့ ကုထုံးတွေထဲတော့ မပါဘူး။ ညီတော်မောင် ဆရာဝန် တယောက်လိုတော့ မာဒင်္ဂမှော် မအောင်ဘူး။ သူက အတော် လှူချင်တန်းချင်အောင် ပြောတတ်တဲ့သူ။ တော်လဲတော်လို့ ဆေးရုံအုပ်ကြီးတို့ ဘာတို့ ဖြစ်လာတယ်။ တော်တယ်ဆိုတာ ဆေးကျောင်းတုံးက အမှတ်များတာ ပြောတာမဟုတ်ဘူး။ ကြိုးစားလို့၊ စေတနာထားလို့၊ အောင်မြင်တာပါ။

ဆေးရုံလဲပြီးရော ဖွင့်ပွဲကြတော့ ပါတီ၊ ကောင်စီလူကြီးများ တိုင်းရော၊ မြို့နယ်ရောကပါ ဆင်းလာကြ ရှာပါတယ်။ အလှူငွေ ထည့်သူတွေက လက်ခုပ် နာနာတီးကြရတာပေါ့။

(ဂျန်ဂယ်) ဆရာဝန်ဘဝတုံးက အသက်က ငယ်သေး၊ အတွေ့အကြုံကလဲ နုသေးတော့၊ ကိုယ့်အားနည်းချက်တွေ အတော်ကြီး များခဲ့တာကို နောင်ကြမှ ပြန်ဆင်ခြင်မိပါတယ်။ ခွင့်လွှတ်၊ သီးခံခဲ့ကြကုန်သူ အားလုံးရဲ့ မေတ္တာနဲ့ ကျေးဇူး တွေကို ဘယ်တော့များ ပြန်ဆပ်နိုင်ပါ့မလဲ။

Dr. တင့်ဆွေ
၁၁-၄-၀၉
၎-၁-၂ဝ၁ဝ

No comments:

Post a Comment