Wednesday, January 20, 2010
Infertility ကလေးမရနိုင်ခြင်း
အသက် ၁၈ နှစ်ပြည့်မှ ဖတ်ပါ (၂၁)
“သာဝတ္တိပြည်တွင် သူကြွယ်လင်မယား ရှိကြ၏။ သူကြွယ်ယောက်ျားကား စေတနာသဒ္ဓါတရားနှင့် ပြည့်စုံသလောက် သူကြွယ်၏ ဇနီးကား စေတနာ သဒ္ဓါတရားမရှိ။ မာန်မာနကြီး၏ အမျက်မာန်စောင်းကြီး၍ ဣသာမစ္ဆရိယစိတ် များ၏။ ထိုမယားကား သားသမီးလည်း မထွန်းကား၊ အမြုံမ ဖြစ်၏။”
လူတယောက်မှာ ဆီးချိုရှိနေတာ၊ (လူကီးမီးယား) ဖြစ်နေတာ တွေ့ရင် ဘယ်သူ့သွား အပြစ်တင်မလဲ။ အတူတူပါဘဲ၊ စုံတွဲတတွဲ ကလေး မရတာကိုလဲ၊ အပြစ်တင်လို့ မရပါ။ ဗမာတွေက “အမြုံမ” လို့ခေါ်တာ သိပ်နှိမ်လွန်းရာကျတယ်။ သူများတွေ ဆီမှာတော့ I Married a Monster from Outer space, Village of the Damned, Inseminoid (စပေ့စ်) ထဲက ဂြိုဟ်သားနဲ့ မိတ်ဖက်ပြီး၊ ဆူပါကလေး မွေးတဲ့ ရုပ်ရှင်ကားတွေ ပေါ်ပြူလာဖြစ်နေတယ်။ လူနဲ့မှ ကလေး မရရင် ဒါလုပ်မယ်လို့ သင်ပေးရာ ကျနေတယ်။ လူနဲ့ဘဲ ကလေးရစေဘို့ ဒီစာကလေး ရေးပါတယ်။
တကမ္ဘာလုံးမှာ ကျား-မ ၇ တွဲရှိရင်၊ ၁ တွဲက၊ ကလေးမရဖြစ်နေတယ်လို့ ခန့်မှန်းပါတယ်။ Reproductive Endocrinologists ဆိုတဲ့ မျိုးပွါးပညာ အထူးကု ဆရာဝန်များကတော့ ၃၄ နှစ် အောက် အမျိုးသမီးများ၊ ၁၂ လတိတိ၊ ပဋိသန္ဓေတားနည်း တခုမှ မသုံးဘဲ၊ ၆ အထိ အတူနေလို့မှ ကိုယ်ဝန်မဆောင်နိုင်တာကို Infertility ကလေးမရနိုင်ခြင်း လို့ သတ်မှတ်ပါသတဲ့။ Subfertility, Primary infertility, Secondary infertility ဆိုတဲ့ အမျိုးအစားခွဲတွေလဲ ရှိသေးတယ်။
အပျိုဖေါ် ဝင်ကတည်းကစပြီး၊ သွေးမဆုံးမချင်း အမျိုးသမီးတိုင်းဟာ လူ့မျိုးဆက်ပြန့်ပွါးဘို့ ဖြစ်နိုင်ရပါတယ်။ ရာသီလ အလည်ရက်မှာ မျိုးဥအိမ်ကနေ မျိုးပွါးစေနိုင်တဲ့ မ-မျိုးဥ ၁ ဥ ထွက်ပေးနေတယ်။ အဲဒီ သန်စွမ်းတဲ့ ဥနဲ့ ကျား-သုတ်ပိုး အကောင်း ၁ ခု ထိတွေ့ရ၊ ပေါင်းစပ်ကြရရင် ကိုယ်ဝန်ရစေပါတယ်။
အမျိုးသမီးများ အသက်ကြီးတာနဲ့ ကလေးရနိုင်စွမ်း နည်းလာတယ်ဆိုတာ ဆရာဝန်မဟုတ်လဲ သိကြတယ်။ ယောက်ျားတွေလဲ အိုလာရင် ကလေးရဘို့လမ်း နည်းလာတာပါဘဲ။ အသက်ကြီးတာအပြင် ဘာ့လို့ ကလေးမရကြသလဲ။ ခင်ပွန်းဘက်က ချို့ယွင်းချက် ၂ဝ%၊ ဇနီးဘက်က ၄ဝ-၅ဝ% နဲ့ ၂ ယောက်လုံးနဲ့ဆိုင်တာ ၃ဝ-၄ဝ% ရှိတယ်လို့ ဆိုပါတယ်။ ရှင်းမပြနိုင်တဲ့ အခြေအနေတွေကလဲ ၁၅% ရှိပါတယ်။
ကျားသုတ်ပိုး အရေအတွက် နည်းတာနဲ့ Endometriosis ဆိုတဲ့ သားအိမ်ရောဂါ၊ သားအိမ်ပြွန်မှာ ပြဿနာရှိတာတွေက အများဆုံး တရားခံတွေပါ။ မျိုးဗီဇကိုလဲ ထည့်သွင်း စဉ်းစားရပါတယ်။ DNA defects on the Y chromosome ဖအေမှာ ရှိရင် သားကို အမွေပေးတယ်။ ဆီးချို၊ လည်ပင်ကြီး၊ Adrenal နဲ့ Hypopituitary ဆိုတဲ့ ဟော်မုန်း ထွက်တဲ့ (ဂလင်း) တွေမှာ ရောဂါရှိတာလဲပါတယ်။ နောက်ပြီး ပတ်ဝန်းကျင်က အဆိပ်အတောက်တွေကိုပါ စဉ်းစားတယ်။ ဂျာမန် ဆရာဝန် တွေကတော့ (ဗိုင်းရပ်စ်) တမျိုးကို လက်ညှိုးထိုးပါတယ်။
ဒီရောဂါကုဘို့ ဆရာဝန်တွေက အပြစ်ရှာတာနဲ့ စရတယ်။ ယောက်ျားကို အပြစ်ရှာရရင် သုတ်ပိုး နည်းတာ၊ ပုံမမှန်တာ၊ သုတ်ရည်က နောက်ပြန်ထွက်တာ၊ သုတ်ရည်လမ်း ပိတ်နေတာ၊ Varicocele အကြောထုံးရောဂါ၊ Testosterone ကျား ဟော်မုန်းနည်းတာ၊ မျိုးဗီဇ ချွတ်ယွင်းတာ၊ ရောဂါပိုးဝင်တာ၊ မွေးကတည်းက ကျားအစေ့ အောက်မကျဘဲရှိနေတာ၊ Hypospadias ဆီးထွက်ပေါက် မွေးရာပါ နေရာမမှန်တာ၊ Cystic fibrosis ရောဂါရှိတာ၊ စိတ်သောက များတာ၊ အာဟာရ နည်းလွန်းတာ၊ အဝလွန်တာ၊ ကင်ဆာ ဖြစ်တာနဲ့ ကုသမှု ခံနေတာ၊ ဇိုးသမား၊ ဆေးသမား၊ အသက်ကြီးတာတွေ ပါတယ်။
အမျိုးသမီးများမှာ အပြစ်ရှာရရင်၊ သားအိမ်ပြွန် ပိတ်နေတာ နဲ့ မကောင်းတာ၊ အကုရခက်တဲ့ Endometriosis သားအိမ် ရောဂါ၊ ခွဲထုတ်လို့ လွယ်တဲ့ Fibroids သားအိမ်အလုံးရှိတာ၊ မျိုးဥအိမ်ရောဂါ၊ Hyperprolactinemia, Polycystic ovary syndrome ရောဂါတွေ၊ သွေးဆုံးချိန်စောတာ၊ အဖြူဆင်းပြီး ဆီးစပ်နာရာကနေ တင်ပဆုံတွင်းရောဂါ ရလာတာ၊ လည်ပင်ကြီးရောဂါ၊ ကင်ဆာဖြစ်တာနဲ့ ကုသမှု ခံနေရတာ၊ အသက်ကြီးသွားတာ၊ ကော်ဖီ၊ အရက်၊ ဆေးလိပ်သောက်တာ၊ စည်ပိုင်းလို အဝလွန်တာ နဲ့ ငါးဖေါင်ရိုးခြောက်လို ပိန်တာတွေ ပါတယ်။
အပြစ်ရှာပြီးပါပြီ၊ ကုဘို့ ကြိုးစားပါမယ်။ ကုသနည်းတွေထဲမှာ ဆေးပေးနည်း၊ ကရိယာသုံးနည်း၊ ခွဲစိတ်နည်းတွေ ရှိတယ်။ လိုအပ်ရင် နည်းတခုမက တွဲလုပ်ပေးရတယ်။ ၂ဝဝ၇ ခုနှစ်မျာ FDA အတည်ပြုပေးတဲ့ Conception device ဆိုတာက ခင်ပွန်းရဲ့ Semen ထဲက သုတ်ပိုးအားလုံး ဇနီးရဲ့ သားအိမ်အဝထဲ အကုန်အစင် ဝင်စေအောင် ကူပေးနည်းပါ။ အိမ်မှာတင် ကိုယ့်ဖါသာ လုပ်ရတာမို့ အပန်းမကြီးပါ။ ၂ဝဝဝ ခုနှစ်မှာ Harvard Medical School ကနေ Group psychological intervention အုပ်စုလိုက် စိတ်ပိုင်းဆိုင်ရာ ဝင်ရောက် ကူညီခြင်းဆိုတာ လုပ်ပေးတော့ တိုးတက်မှုရှိတယ်လို့ ဆိုပါတယ်။
ဆရာဝန်ပါမှရတာ လာပါမယ်။ ကျားသုတ်ရည် အပြင်က ထည့်ပေးခြင်းနည်း Artificial Insemination ဆိုတာက ၁၉၇ဝ ကတည်းက စတယ်။ Intracervical insemination (ICI) နဲ့ Intrauterine Insemination (IUI) ၂ နည်းရှိတယ်။ (IUI) ကပို ခေတ်စားတယ်။ 5% to 25% အောင်မြင်လမ်း ရှိတယ်။ အကူညီပေးတဲ့ဆေးပါ တွဲပေးရင် အခွင့်အလမ်း ပိုများတယ်။ ဆေးတွေကတော့ Progesterone, Gonadotropins, GnRH Agonists, GnRH Antagonists, Clomiphene Citrate, Human Menopausal Gonadotropin ဆိုတာတွေပါ။ ဒီနည်းမှာ ခင်ပွန်းရဲ့သုတ်ရည်ကိုသာ သုံးပါတယ်။
Artificial Insemination by Donor Sperm ဆိုတာက ခင်ပွန်းမဟုတ်သူ အလှူရှင်ဆီက သုတ်ပိုးကို ထည့်ပေးနည်းပါ။ အသက် ၁၈-၃၅ နှစ်အတွင်း၊ အားကောင်း၊ မောင်းသန်၊ အမျိုးမျိုး ဆေးစစ်တာ အောင်သူတွေ၊ ခေတ်သစ် အလှူရှင် ဖြစ်နိုင်တယ်။ ဝေဿန္တရာမင်းကြီး မလုပ်နိုင်ခဲ့တဲ့ ဒါနပါရမီပေါ့။ Intracytoplasmic Sperm Injection (ICSI) ကတော့ ပိုပြီး လက်ဝင်သလို၊ အကုန်အကျလဲ များတယ်။ အနုကြည့် မှန်ဘီလူး သုံးပြီး၊ တခုတည်းသော ကျားသုတ်ပိုးကို မ-မျိုးဥ အတွင်းထဲ ထိုးထည့်ပေး။ ပြီးတော့ သားအိမ်ထဲ ပြန်ထည့်ပေးတယ်။ အမျိုးသမီးကို ဆေးပေး၊ ကျန်းမာသန်စွမ်းတဲ့ မျိုးဥ ထွက်စေအောင် လုပ်ပြီး၊ Vaginal ultrasound နည်းသုံးရတယ်။ ကျားသုတ်ပိုးကိုလဲ အမှုံအမွှားတွေနဲ့ ခွဲထုတ်ဘို့ Embryology laboratory ထဲမှာ Centrifuge လုပ်ပေးရသေးတယ်။ အင်မတန်တော်တဲ့ ပန်းတိမ်ဆရာလို Micromanipulation specialist အနုစိတ်ပညာရှင်က Glass needle ဆိုတာ သုံးရတယ်။
Assisted reproductive technology (ART) မျိုးပွါး အထောက်အကူပြုနည်း ဆိုတာရှိပါတယ်။ Fertility medication ဆိုတဲ့ ဆေးကူပေးတာပါ။ လိုအပ်ရင် In vitro fertilization (IVF) ဆိုတဲ့ သားအိမ်ပြင်ပနည်း ကိုပါ တွဲလုပ်တယ်။ (IVF) ကို ထပ်ချဲ့လုပ်ပေးနည်းတွေကတော့ (OCR, AZH, ICSI, ZIFT) နဲ့ (PGD, GIFT, SSR) အမျိုးမျိုးရှိတယ်။ အရင်ဆုံး မ-မျိုးဥ ထွက်လာအောင် ဆွပေးရတယ်။ ထွက်လာတဲ့ ဥကို ထုတ်ယူ၊ ဓါတ်ခွဲခမ်းထဲမှာ ကျားသုတ်ပိုးနဲ့ ပေါင်စပ်ခိုင်းပြီး၊ ၄ဝ နာရီ စောင့်၊ နောက် ပေါင်းစပ်ပြီးတဲ့ ဥကို သားအိမ်ထဲ ထည့်ပေးတယ်။ မဒီဒေဝီလို ပါရမီဖြည့်မဲ့ သားအိမ်အငှား လုပ်သူကိုလဲ သုံးနိုင်တယ်။ AIDS ရှိသူတွေ မွေးလာမဲ့ ကလေးကို မကူးအောင်လဲ ဒီနည်း သုံးတယ်။ Embryo transfer လို့ခေါ်တယ်။ ၁၉၇၈ ကတည်းက စသုံးပါတယ်။ ၂ဝဝ၆ အကုန်အထိ US မှာ ဒီနည်းနဲ့ မွေးတဲ့ ကလေးပေါင်း ၅ သိန်းရှိပြီတဲ့။
၂ဝဝ၂ တုံးက IVF နည်း လုပ်ပြီးနောက်၊ အပ်စိုက်နည်းနဲ့ ကူပေးတာလဲ ပိုကောင်းစေတယ်လို့ ဆိုတယ်။ Floatation therapy ဆိုတာက ကမ္ဘာ့ဆွဲအား မဲ့အောင် ဖန်တီးပြီး၊ စိတ်တင်းအား လျော့စေတဲ့နည်း။ ၂ဝဝ၄ ခုနှစ်မှာ Manual physical therapy မ-မျိုးပွါးလမ်းမှာ တွယ်ကပ်နေတာ မှန်သမျှ ဖယ်ရှင်း ထုတ်ပေးပြီး၊ သဘာဝအတိုင်း သန္ဓေရစေအာင်လုပ်နည်း။ ၂ဝဝ၉ ခုနှစ်မှာ ပေါ်တဲ့ နည်းသစ်တခုကတော့ Hormone-antioxidant combination therapy ခေါ်တယ်။ ကျားသုတ်ပိုးကို ပိုများအောင် နဲ့ ပိုလှုတ်ရှားမှု ရှိအောင် လုပ်ပေးနည်း ဖြစ်ပါတယ်။
သဘာဝမဟုတ်ဘဲ ကလေးရအောင်လုပ်ရတာမှာ Ethics ကျင့်ဝတ်ပိုင်းကိုလည်း ထည့်တွက်ရမှာပါ။ အောင်မြင်တာ မအောင်မြင်တာ နောက်ထား စမ်းသပ်မှုတွေ လုပ်ရတာကိုက ကုန်ကျစရိတ် အလွန်မတန် ကြီးတယ်။ သူတို့ဆီမှာ ၁၂၄ဝဝ ဒေါ်လာ ကုန်ကျတယ်။ အပြင်မှာ တည်အောင် လုပ်ပေးတဲ့သန္ဓေကို ဥပဒေအရလဲ စကားပြောစရာတွေ ရှိသလို၊ ဘာသာ အမျိုးမျိုးတွေကနေ တမျိုးတမျိုး ဆိုကြတယ်။
စိတ်ပိုင်းဆိုင်ရာ သက်ရောက်မှုကလဲ အတော် ကြီးမားလှတယ်။ ကလေး မရလေ၊ ရချင်လေစိတ်က တနေ့တခြား၊ ပြင်းပြလာတယ်။ အိမ်ထောင်ကွဲရတာလဲ မနည်းဘူး။ ဇနီးဘက်က ချို့ယွင်းတာ သေခြာသိလို့ နောက်အိမ်ထောင် ပြုသွားတဲ့ ယောက်ျားကို အပြစ်တင်ရမှာလား။ မတင်သင့်ဘူးလား။ စောစောက ဖေါ်ပြခဲ့တဲ့ပုံပြင်မှာ “သူကြွယ်သည် အနွယ်ကို လိုသဖြင့် မျိုးဆက်မပြတ်ရန် အလို့ငှာ အမျိုးနွယ်တူသည့် အမျိုးသမီးတစ်ဦးကို လက်ထပ်ယူလိုက်သည်။”
ဘေးထွက်ဆိုးကျိုးတွေလဲ ရှိပါတယ်။ မလုပ်စေချင်လို့တော့ မဟုတ်ပါ သိထားဘို့လိုလို့ အကုန်အစင် ရေးရရင် - ကလေး တယောက်မကဖြစ်ခြင်း၊ Ovarian hyperstimulation syndrome မ-မျိုးဥအိမ် ရောဂါတမျိုးရခြင်း၊ သွေးယိုခြင်း၊ ရောဂါပိုးဝင်ခြင်း၊ အလေးချိန်နည်းတဲ့ကလေး မွေးခြင်း၊ ကလေးမှာ မွေးရာပါချို့ယွင်းချက်ပါခြင်း။
သိပ်မကြာသေးပါဘူး။ Fertility tourism ဆိုတဲ့ဝေါဟာရ ပေါ်လာရတယ်။ ကလေးရဘို့ ခရီးသွားရတာတဲ့။ ကျွန်တော်တို့ တိုင်းပြည်မှာ ကြာပြီလို့ ကြွားချင်ပါတယ်။ ကွယ်လွန်သွားပြီဖြစ်တဲ့ အဆိုတော်၊ ရုပ်ရှင်မင်းသား၊ ဒါရိုက်တာ၊ စာရေးဆရာ၊ ထုတ်ဝေသူ စွယ်စုံရ “ဝင်းဦး” ကို ငယ်သူတွေ သိချင်မှ သိကြမယ်။ သူ့ခေတ်မှာတော့ တယောက်ဆို တယောက်ပါ။ “ပရက်စလေ” ခေတ်ကပေါ့။ သူရေးတဲ့ ဝတ္တုရှည်တပုဒ်ရှိတယ်။ ဇာတ်လိုက်မင်းသား သြစတေးလျ သွားပြီး၊ (မဲလ်ဘွမ်း) မှာနေတဲ့ အင်မတန် ချောလှတဲ့ အမျိုးသမီးနဲ့ “တညတာ” ကြုံရဆုံရတယ်။ တညပြီးတဲ့နောက် ဆက်ဆံရေး ကန့်လန့်ကာ အပြီးချ လိုက်လို့ မင်းသားခမြာ လွမ်းရ၊ ဆွေးရတာပေါ့။ လွမ်းခန်း ကောင်းနေတုံး၊ မင်းသမီးက အိမ်ထောင်သည် ဆိုတာကို ဖေါ်ပြလိုက်တယ်။ အိမ်ထောင်သက် ကြာပေမဲ့၊ ကလေးမရဘူးတဲ့။ ကျေကွဲရမှာလား၊ ကျေနပ်ရမှာလား မသိပါ။ ဇာတ်လမ်း အဆုံးမှာ မင်းသားနဲ့ တညတာ ဖူးဇာဆုံအပြီး၊ ဇာတ်လိုက်သမီးက သားလေးတယောက် ထွန်းပေါက်ပါသတဲ့။
မှန်းကြည့်တာကတော့ ခင်ပွန်းသည်မှာ ချို့ယွင်းနေတယ်။ အခုရေးတဲ့စာမျိုးလဲ ဖတ်ဖူးပုံရတယ်။ လင်ရော မယားပါ တညတာဇာတ်လမ်ကို အကွက်ချခဲ့တာနေမယ်။ ဝတ္တုကို Dee S. Knight ရဲ့ စာအုပ်အတိုင်း If Only For a Night ဆိုပြီး နာမယ်ပေးလိုက်ရင် မကောင်းလား။
Dr. တင့်ဆွေ
၇-၁-၂ဝ၁ဝ
ဆက်ဆံအပြီး အမျိုးသမီးရဲ့ အင်္ဂါထဲကနေ အပြင်ဘက်ကို အရည်ပြန်ထွက်တာက ပုံမှန်မှာလဲ ပြန်ထွက်တာပါ။ အရည်တချို့က အထဲဝင်ပါတယ်။
သုတ်ရည် ပြောင်းပြန်သွားခြင်း Retrograde ejaculation ဆိုတာ ဆက်ဆံအပြီး Orgasm ရတဲ့အခါမှာ Sperm တွေ ပါနေတဲ့ Seman သုတ်ရည် က Urethra ဆီးသွားပြွန်ကနေ ပန်းအဖျားဘက်ဆီ သွားရမှာကို မသွားဘဲ Bladder ဆီးအိမ်ဆီ နောက်ပြန်သွားတာကို ပြောတာ ဖြစ်ပါတယ်။
ပုံမှန်ဆိုရင် ဆီးအိမ်ရဲ့အောက်မှာရှိနေတဲ့ အထိန်း Sphincter ကနေ လမ်းမှန်အတိုင်းသွားအောင် လုပ်ပေးတယ်။
ယောက်ျားဆီးကြိတ် Prostate ရောဂါရှိရင်၊ ဆီးထွက်ပြွန်ကနေ ကရိယာထည့် ခွဲစိတ်ထားရင်၊ အော်တိုနောမစ် အာရုံကြောစနစ်ကို သွားထိခိုက်မိလို့ ဖြစ်တာပါ။ Testes (တက်စ်တိစ်) ကျားအစိကင်ဆာဖြစ်လို့ (လင့်ဖ်-နုတ်) တွေကို ခွဲထုတ်ရင်လဲ ဖြစ်တတ်တယ်။ ဒါ့ကြောင့် အဲလိုမဖြစ်ရအောင် လေဆာသုံးခွဲစိတ်တာ လုပ်ပါတယ်။
ဆေးကြောင့်လဲ ဖြစ်တတ်တယ်။ Prostate လို့ခေါ်တဲ့ ယောက်ျားဆီးကြိတ်က ကင်ဆာမဟုတ်ဘဲ၊ အသက်ကြီးချိန်မှာ ကြီးလာတဲ့ရောဂါ BPH ကိုကုတဲ့ Tamsulosion ဆေး။ နောက်ပြီး စိတ်ရောဂါကုတဲ့ ဆေးတချို့။ ဆီးချိုရောဂါရှိရင်လဲ ဖြစ်နိုင်တယ်။
အဲဒီပြဿရှိနေသူကို ကလေးရချင်ရင် ယောက်ျားရဲ့ဆီးကို Centrifuge လုပ်ပြီး သုတ်ရည်ကို ဇနီးရဲ့မွေးလမ်းထဲ ထည့်ပေးတာ လုပ်နိုင်တယ်။
အထောက်အကူနည်း တခုကတော့ ဆက်ဆံလို့ ပြီးသွားချိန် Orgasm မှာ ယောက်ျားအပြင်လိင်အင်္ဂါရှိတဲ့နေရာတဝှိုက် Perineum မှာ နှိပ်နယ်ပေးတာလုပ်တယ်။
၂၀-၁-၂၀၁၀
3 comments:
  1. ဆရာ ​မေးချင်​တာ​လေးရှိလို့ရမလားဆရာ
    ReplyDelete
  2. ကျွန်​​တော့​ကောင်​မ​လေးမှာ ရာသီလာပီး တစ်​ပတ်​ကြာတာ​တောင်​ ​အတူ​နေလို့ရင်​ ​သွေး​တွေပြန်​ထွက်​လာလို့ပါ
    ReplyDelete
  3. ရာသီလာတာ ​လေးရက်​​မြောက်​​နေ့မှာ သူကပီးပီဆိုလို့ အတူ​နေခဲ့ပါတယ်
    ကျွန်​​​တော်​လဲ သုတ်​ရည်​ကို အထဲမှာဘဲပီးလိုက်​ပါတယ်​ဆရာ
    အဲ့တာနဲ့ဘဲ မပီး​သေးဘူးဆိုပီး မလုပ်​​တော့ဘဲရပ်​လိုက်​ပါတယ်
    တစ်​ပတ်​​လောက်​​နေ​တော့ အတူတူပြန်​​နေပါတယ်
    ဒီတစ်​ခါ​တော့ အပြင်​မှာဘဲထုတ်​လိုက်​ပါ​တယ်
    ကျွန်​​တော့ဟာထုတ်​လိုက်​​တော့ ​သွေး​တွေ​ပေ​နေတာသိလိုက်​ပါတယ်
    ကွန်​​တော်​လဲသူ့ကိုကြည့်​လိုက်​​တော့ ​သွေး​တွေထွက်​​နေပါတယ်
    ရပ်​သွားလိုက်​ ပြန်​လာလိုက်​နဲ့ဆရာ
    ဘာဖြစ်​တာလဲမသိဘူးဆရာ
    ရှင်းပြ​ပေးပါဆရာ
    အားကိုးပါတယ်
    တစ်​ခုခုဖြစ်​မှာလဲ စိုးရိမ်​ပါတယ်
    သားအိမ်​​တော့ ဘာမှမဖြစ်​ပါဘူး​နော်​ဆရာ
    ကူညီ​ပေးပါ
    ReplyDelete